စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် နယ်မြေရှင်းလင်းရေး လုပ်နေသော စစ်ကောင်စီတပ်သည် ကိုးကျွန်းရှင် ကျေးရွာအုပ်စုမှ ထန်းလေးပင်ရွာကို ဝင်စီးကာ ပြည်သူနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များ ကဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့က ထန်းလေးပင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်စီခဲ့ပြီး ၇ ရက်နေ့ ထွက်သွားချိန် ကာကွယ်ရေးအဖွဲ့ဝင်နှင့် ဒေသခံတချို့ နယ်မြေရှင်းလင်းရေး ဝင်ရောက်လုပ်ဆောင်ရာ၌ အလောင်း ၁၈ လောင်းအထိ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မျက်မြင်ကာကွယ်ရေးအဖွဲ့ဝင်တဦးအဆိုအရ သေဆုံးသူများထဲတွင် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၈ဦးပါဝင်ပြီး၊ ၄ဦးမှာ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခံရကာ ကျန် ၄ဦးမှာ ထိတွေ့တိုက်ပွဲတွင် ကျဆုံးခြင်း ဖြစ်ကြောင်း၊ ၎င်းတို့မှာ ခန္ဓာကိုယ်များ ခုတ်ထစ်ခံထားရကြောင်း၊ အရပ်သား ရွာခံ ၁၀ဦးကိုမူ ပစ်သတ်ထားရကြောင်း ဧရာဝတီသို့ ပြောသည်။
“စစ်ကောင်စီ မီဒီယာ တခုမှာ တင်ထားတဲ့ ပုံတွေက သေနတ်မှန်ပြီး လဲနေတဲ့ အနေအထား ပေါ့။ ဒါပေမယ့် ကျနော်တို့ သွားကောက်တဲ့ အချိန်မှာ ခေါင်းတခြား လက်တခြားတွေ ဖြတ်ထားတာ။ ရဲဘော် ၁ ယောက်ဆို သူတို့မေးရင်းနဲ့ပဲ တော်တော်လေး နှိပ်စက်ထားပုံပေါ်တယ်။ လက်တွေကို တဆစ်ချင်း ဖြတ်တယ်။ ပြီးတော့ ဗိုက်ပါ ခွဲထားတယ်။ ပြီးမှ ခေါင်းဖြတ်ပစ်တာ” ဟု ၎င်းက ပြောသည်။
နိုဝင်ဘာ ၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကျေးရွာအတွင်း ရှင်းလင်းရာတွင် ရုပ်အလောင်းများကို တနေရာစီ ပြန့်ကျဲလျက်တွေ့ရှိပြီး သေဆုံးသွားသည့်ဒေသခံများတွင်လည်း နှိပ်စက်ခံထားရသည့် ဒဏ်ရာတချို့ တွေ့ရကြောင်း ရှင်းလင်းရေးတွင် ပါဝင်သူများ၏ ပြောပြချက်အရ သိရသည်။
နိုဝင်ဘာလ ၃ ရက်နေ့ကတည်းက စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် မုံရွာ – အမြင့်လမ်း တောက်လျောက်ရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းပြီးနောက် ၆ ရက်နေ့တွင် ထန်းလေးပင်ရွာသို့ ရောက်ရှိလာကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါရွာသို့ စစ်ကောင်စီတပ် စီးနင်းမှုတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ၏ စခန်းတချို့လည်း ရှာဖွေခံရပြီး လက်နက် ခဲယမ်း တချို့ သိမ်းဆည်းခံရကာ ဖြစ်ပွားခဲ့သည့် နှစ်ဖက် တိုက်ပွဲ၌ ကာကွယ်ရေး တပ်ဖွဲ့ဝင် တချို့ ကျည်မလောက်ငှသဖြင့် တိုက်ပွဲတွင်း ကျဆုံးခဲ့ရကြောင်းလည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက ဆိုသည်။
မုံရွာမြို့နယ်က ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက “သူတို့က နယ်မြေရှင်းလင်းရေး လုပ်တာ။ ဒီဘက်မှာ Local အဖွဲ့တွေက များတယ်။ ရွာကို ဝင်တော့ စခန်းတချို့လည်း ပါကုန်တာပေါ့။ ကိုယ်တွေဘက်က သတင်းပေါက်တာ တချို့လည်း ရှိတာပေါ့။ သူတို့ (စစ်ကောင်စီတပ်) စစ်ရေး ရည်မှန်းချက်မှာလည်း ဒီရွာကို စီးမယ်ဆိုတာ ပါတယ်။ ဒီဘက် တနယ်လုံးမှာ ဘယ်ရွာမှာ ဘာရှိတယ်ဆိုပြီး ပိုက်စိပ်တိုက်ဝင်တဲ့ သဘောပဲ” ဟု ပြောသည်။
ထို့နောက် နိုဝင်ဘာ ၇ ရက်နေ့ နေ့လည်တွင် စစ်ကောင်စီတပ်သည် ထန်းလေးပင်ရွာမှ ကြာပိုင်ကျေးရွာသို့ ထွက်ခွာသွားသဖြင့် ရွာအတွင်း ရှင်းလင်းရေး ဝင်လုပ်သော်လည်း စကစ စစ်ကြောင်း ဘက်မှ လူခွဲ ကင်းပုန်းချခြင်းနှင့် လှုပ်ရှားမှုများ ရှိနေရာ ၇ ရက်နေ့ ညတွင်းချင်းပင် ရှင်းလင်းရေးများ ရပ်နားလိုက်ရကြောင်း သိရသည်။
ယင်းသို့ ရပ်နားထားသဖြင့် ကျေးရွာအတွင်း ရှင်းလင်းမှုများ လုပ်ဆောင်ရန် ကျန်ရှိနေသလို သေဆုံး ဒေသခံများကိုလည်း မည်သူ၊ မည်ဝါ အတည်ပြု မရသေးကြောင်း နှင့် ပျောက်ဆုံးနေဆဲ ဒေသခံများလည်း ရှိကြောင်း သိရသည်။
မုံရွာအခြေစိုက် တပ်ရင်းက ထွက်လာသည့် တပ်ဖွဲ့ဝင်များ အပြင် တောပုရွာရှိ ပျူစောထီး အဖွဲ့ဝင်များလည်း ပါဝင်သည့် အင်အား ၂၀၀ ခန့်ပါ အဆိုပါ စစ်ကြောင်းသည် မုံရွာ – အမြင့်လမ်း ဘေးက ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ဂျိုးစု၊ ထန်းလေးပင် နှင့် နဂါးတွင်းရွာက နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၁၀ ရွာခန့်က ဒေသခံ ပြည်သူ သုံးထောင်ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး ယနေ့အထိ ရွာများသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
စစ်ကောင်စီကို ထောက်ခံ ရေးသားနေသည့် တယ်လီဂရန် ချန်နယ်များတွင်လည်း စစ်တပ် နယ်မြေရှင်းလင်းရေးလုပ်ရာ တွင် ထန်းလေးပင်ရွာအနီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိကြောင်းကို ပုံများနှင့်တကွ ဖော်ပြထားသည်ကို တွေ့ရသည်။
You may also like these stories:
စစ်ကိုင်း PDF တွေကို တိုက်ဖို့ နမခတိုင်းမှူးသစ် ခန့်
ရင်ပေါင်တိုင်ရွာပစ်ခတ်မှု အမျိုးသမီး ၂ ဦးသေဆုံး၊ လူ၄၀ကို ဓားစာခံ ဖမ်းထား
ပေါက်မြို့နယ် NUG ကျောင်းမှ ဆရာ ၁ ဦး ရက်စက်စွာ အသတ်ခံရ
လက်ယက်ကုန်း ပစ်ခတ်မှုကို ခမရ ၃၆၈ တပ်ရင်း ကျူးလွန်ဟု NUG ဆို
စစ်ကောင်စီ လူသတ်တာ ၂၄၀၀ ကျော်ပြီ