မြန်မာနိုင်ငံတွင် လူထုဆန္ဒဖြင့် လွတ်လပ်သည့် ရွေးကောက်ပွဲ ကျင်းပခဲ့သော်လည်း စစ်ကောင်စီသည် ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ အာဏာသိမ်းပြီးနောက် အတုအယောင် ရွေးကောက်ပွဲတရပ် ကျင်းပရန် ပြင်ဆင်နေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်ကော်မတီက နိုဝင်ဘာ ၈ ရက်တွင် ကြေညာချက် ထုတ် သည်။
NLD သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၉၂၀ ၌ အနိုင်ရခဲ့ပြီး ထောက်ခံမှု ၈၂ ဒသမ ၄ ရာခိုင်နှုန်း ရခဲ့သည်။ သို့သော် မြန်မာစစ်တပ်သည် ရွေးကောက်ပွဲ မဲမသမာမှု အကြောင်းပြကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာသိမ်းယူခဲ့သည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကို ပစ်မှတ်ထား တိုက်ခိုက်ချေမှုန်းနေပြီး ဒီမိုကရေစီ ကျင့်စဉ် တရပ်လုံးကို စနစ်တကျ ဖျက်ဆီးနေကြောင်း NLD ပါတီက ပြောသည်။ NLD အနေနှင့် စစ်ကောင်စီ ကျင်းပမည့် ရွေး ကောက်ပွဲကို လုံးဝ အသိအမှတ်ပြုမည် မဟုတ်ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

ဆက်လက်၍ NLD ဗဟို အလုပ် ကော်မတီက မြန်မာနိုင်ငံ၏ လက်ရှိ အကျပ်အတည်း ဖြေရှင်းရေးအတွက် အာဆီယံ အထူးကိုယ်စားလှယ်အပါအဝင် မြန်မာ့အရေးဆိုင်ရာ ကိုယ်စားလှယ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ် စွာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ ပြဿနာ ပြေလည်ရေး လမ်းစ ရရှိနိုင်မည် ဖြစ်ကြောင်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံး အမြန်ဆုံး လွတ်မြောက်ရေးကို အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် ဦးစားပေးလုပ်ငန်းစဉ်အဖြစ် သတ်မှတ် အကောင်အထည်ဖော်သင့်ပြီး မြန်မာ့အရေး အတွက် အခြားစစ်မှန်သော ကိုယ်စားပြုမှုရှိသည့် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း NLD က ဆိုသည်။
မြန်မာ့အရေး ကူညီဖြေရှင်းရာ၌ ပြည်သူလူထု၏ဆန္ဒမှန်ကို အသိအမှတ်ပြု ထင်ဟပ်စေသော ရည်ရွယ်ချက်ရှိရန်နှင့် လက်တွေ့ကျသော လုပ်ငန်းစဉ် ဖြစ်ရန် လိုအပ်ကြောင်း NLD က ထောက်ပြသည်။ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် NLD ဗဟို အလုပ်ကော်မတီဝင် ဦးကျော်ထွေးအား ဧရာဝတီက အွန်လိုင်းမှ တဆင့် ဆက်သွယ်ခဲ့ သော်လည်း တစုံတရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။

NLD ပါတီမှ ရန်ကုန်တိုင်း ဒလမြို့နယ် မဲဆန္ဒနယ်မြေအမှတ်၂ တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးကမူ စစ်တပ်သည် အာဏာရယူလိုမှု အကြောင်းပြချက်ဖြင့် လွတ်လပ်သည့် ရွေးကောက်ပွဲ ရလဒ်များကို အသိအမှတ် မပြုဘဲ ငြင်းပယ်ခဲ့ကြောင်း ဆိုသည်။
၎င်းက မြန်မာစစ်တပ်သည် NLD ပါတီ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ရလဒ်များကို ပယ်ချကာ အာဏာသိမ်းခဲ့သည့်အပေါ် မှတ်ချက်ပေး ပြောခြင်း ဖြစ်သည်။
မြန်မာစစ်တပ်သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို လက်ခံခဲ့ပြီး NLD ပါတီအား အစိုးရဖွဲ့ခွင့်ပေးကာ ၅ နှစ်သက်တမ်း အုပ်ချုပ်စေခဲ့သည်။ လူထု၏ ဆန္ဒကို လက်မခံဘဲ စစ်တပ်က မြန်မာနိုင်ငံရေးတွင် ဝင်ရောက်ခြယ်လှယ် မှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည့် ကဏ္ဍအရပ်ရပ်တွင် ဆုတ်ယုတ်ကျဆင်းခဲ့ရ ကြောင်း ဦးဘိုဘိုဦးက ပြောသည်။

“စစ်တပ်က ၁၉၆၂ မှာ ဆိုရှယ်လစ်စနစ်ကို သွားမယ်ဆိုပြီး အာဏာသိမ်းလိုက်တယ်။ ပြည်ထောင်စုကြီး ပြိုကွဲမှာစိုးလို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဦးစားပေးမယ်ဆိုပြီး နိုင်ငံရေးပါတီတွေ ဖျက်ပစ်တယ်။ စနစ်တွေပါ အကုန်ပြောင်း ပစ်တယ်။ ပညာရေးစနစ် ပြောင်းပစ်တယ်။ စီးပွားရေးစနစ် ပြောင်းပစ်တယ်။ ဓနဥစ္စာ အားလုံးကို ပြည်သူပိုင်ဆိုပြီး သိမ်းပစ်တယ်။ တိုင်းပြည်က မွဲသွားတယ်။ နာလန်မထူနိုင်တာက ယနေ့အထိပဲ။ ဒါကြောင့် မြန်မာ့နိုင်ငံရေးမှာ စစ်တပ် က ဝင်ပါတိုင်း ကျနော်တို့နိုင်ငံ အကြီးအကျယ် ဆုံးရှုံးရတယ်” ဟု ၎င်းက ဆိုသည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကလည်း တရားမဝင် အာဏာသိမ်းထားသည့် စစ်ကောင်စီသည် ရွေးကောက်ပွဲမှတဆင့် တရားဝင်မှုရရန် ကြိုးပမ်းနေပြီး စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ဝိုင်းဖျက်ကြရန်လိုကြောင်း ဧရာဝတီနှင့် သီးသန့် အင်တာဗျူးတွင် ပြောဆိုသည်။
“စစ်ကောင်စီမှာက ရွေးကောက်ပွဲ လုပ်နိုင်တဲ့ Legitimacy (တရားဝင်မှု) မရှိဘူး။ သူတို့မှာ ရွေးကောက်ပွဲ လုပ်နိုင်တဲ့ အခွင့်အာဏာ မရှိဘူးလို့ ကျနော့်အနေနဲ့ သုံးသပ်ချင်ပါတယ်။ ကျနော်တို့အနေနဲ့ သူတို့ အဲဒီလိုလုပ်ဖို့ကြိုးစားနေတာ ကို တားနိုင်အောင် လုပ်ရမယ်။ ဒီနေ့၊ ဒီကာလမှာ ဒီကောင်တွေကို ဘယ်သူမှ အသိအမှတ် မပြုဘူး။ ကျနော်တို့ ပြည်သူတွေလည်း လုံးလုံး အသိအမှတ်ပြုမှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း မြန်မာစစ်တပ်သည် အရပ်သားနိုင်ငံရေးပါတီကို ရွေးကောက်ပွဲ ဖြင့် အနိုင်မရနိုင်ကြောင်း သဘောပေါက်လာသဖြင့် ရွေးကောက်ပွဲရလဒ်အပေါ် လက်မခံခြင်း ဖြစ်ကြောင်း ဆိုသည်။

၎င်းက “စစ်အာဏာရှင်စနစ်ကို အသွင်သဏ္ဍာန်တမျိုးမျိုးနဲ့ထားဖို့အတွက် ကမ္ဘာကြီးရဲ့ ဒီမိုကရေစီပြောင်းလဲမှုမှာ သူတို့ မလိုက်ပါနိုင်တဲ့အခါမှာ ဗြောင်ကျတဲ့ နိုင်ငံရေး အာဏာသိမ်းမှုကို ဖန်တီးခဲ့တယ်။ ဒါက တပ်ချုပ် အာဏာသိမ်းချင်တာ ကြောင့် စစ်တပ်က အာဏာသိမ်းတာလို့ ကျနော်တော့ မထင်ပါဘူး။ အဲဒါက အစိတ်အပိုင်း တခုပါ။ အရင်းခံကတော့ စစ်တပ်က ဒီမိုကရေစီ အရပ်သားအစိုးရ လွှမ်းမိုးမှုကို သူတို့ ဆက်ပြီး သည်းမခံနိုင်ဘူး။ သူတို့က မြန်မာနိုင်ငံကို စစ် အာဏာရှင်စနစ် သော်လည်းကောင်း စစ်အာဏာရှင်တွေ ရာသက်ပန် အာဏာရဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်” ဟု မှတ်ချက်ပေးသည်။
စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲလုပ်ရန် ပြင်ဆင်နေသော်လည်း စစ်ကောင်စီ ဥက္ကဋ္ဌနှင့် ရုရှားမီဒီယာ အင်တာဗျူးအရ ရွေးကောက်ပွဲ ဖြစ်မြောက်ရန်ဆိုသည့် ကိစ္စမှာ မရေရာသည့် အခြေအနေရှိကြောင်း ဦးသန်းစိုးနိုင်က ဆိုသည်။ ဆက်လက်၍ ၎င်းက၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ လုပ်ဖြစ်ပါက ပြည်သူလူထု၏ နည်းမျိုးစုံဖြင့် ဆန့်ကျင် ခြင်းကို ခံရနိုင်ဖွယ်ရှိကြောင်း ဆိုသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်ကမူ စစ်ကောင်စီက ကျင်းပရန် ပြင်ဆင်နေသည့် ဟန်ပြရွေး ကောက်ပွဲအပေါ် ငြင်းပယ်ပြီး ဒီမိုကရေစီ လိုလားသည့် ခေါင်းဆောင်များနှင့် ထိတွေ့ဆောင်ရွက်ကြရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား တိုက်တွန်းကြောင်း နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ၂ နှစ်ပြည့် ထုတ်ပြန်ချက်တွင် ပြောသည်။
You may also like these stories:
ရွေးကောက်ပွဲရလဒ် ဖျောက်ဖျက်လျှင် ဒီမိုကရေစီ မဟုတ်
ထိပ်ပိုင်းအကျဉ်းချခံတချို့ကို စစ်ကောင်စီ ဘာကြောင့် ပြန်လွှတ်ပေးလဲ