စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ် ၂ ဦးကို Global Town Hall 2022 ဆွေးနွေးပွဲသို့ တက်ရောက်ခွင့်ပေးခြင်းသည် မြန်မာပဋိပက္ခတွင် ဘက်လိုက်ရာရောက်မည်ဟု ဆိုကာ ကုလသမဂ္ဂက ဆွေးနွေးပွဲ ပူးတွဲကျင်းပသူထံ ကန့်ကွက်သောကြောင့် ကိုယ်စားလှယ် ၂ ဦးသည် နောက်ဆုံးအချိန်ရောက်မှ ပိတ်ပင်ခံရကြောင်း ထိုကိစ္စနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း၊ သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း ကီဗင် ရတ်၊ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ခရစ်တန်ဘရင့်နှင့် အခြားကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်ပြီး အွန်လိုင်းမှ တိုက်ရိုက်ဆွေးနွေးထုတ်လွှင့်သည့် “သွေးကွဲနေသော ကမ္ဘာတွင် ရေရှည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးပွဲကို အင်ဒိုနီးရှား နိုင်ငံခြားရေးမူဝါဒ အသိုက်အဝန်း (FPCI) နှင့် နိုင်ငံတကာရေးရာ လှုပ်ရှားမှုအဖွဲ့ Global Citizen တို့က ကမ္ဘာ့အရေးပါသော နိုင်ငံခြားရေးမူဝါဒ ပြဿနာများကို ဆွေးနွေးရန် စနေနေ့တွင် ကျင်းပခဲ့သည်။
ကမ္ဘာ့ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးစီမံကိန်း Global Poverty Project ဟုလည်း ခေါ်သည့် Global Citizen သည် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အပါအဝင် ကဏ္ဍအများအပြားတွင် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သည်။
ထိုဆွေးနွေးပွဲမတိုင်မီ ထုတ်ပြန်ချက်များတွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် အခြား ကုလသမဂ္ဂ အဆင့်မြင့်အရာရှိ ၂ ဦးနှင့်အတူ ဦးဆောင် ဆွေးနွေးရန် အစီအစဉ်ပါဝင်သည်။ NUG ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးသည်လည်း အဖွဲ့လိုက်ဆွေးနွေးရာတွင် အဖွဲ့ဝင်အဖြစ် ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့နောက် ထုတ်ပြန်ချက်တခုတွင်မူ ဒေါ်ဇင်မာအောင်ကို ဖယ်ထုတ်လိုက်သည်။
လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးနောက် ဖွဲ့စည်းလိုက်သည့် NUG သည် စင်ပြိုင်အစိုးရဖြစ်ပြီး စစ်ကောင်စီ၏ ပြည်တွင်းပြည်ပ တရားဝင်မှုကို စိန်ခေါ်သည်။ NUG က ၎င်းတို့သည် မြန်မာပြည်သူများ၏ တရားဝင် ကိုယ်စားလှယ်ဖြစ်ကြောင်း ကြေညာထားပြီး ပြည်တွင်းတွင် ကျယ်ပြန့်သော ထောက်ခံမှု ရရှိကာ နိုင်ငံတကာ အလွတ်သဘော ထောက်ခံမှုကိုလည်း ရရှိထားသည်။
စနေနေ့တွင် ထိုဆွေးနွေးပွဲ ကျင်းပသောအခါ ဒေါ်ဇင်မာအောင်၏ ကြိုတင်အသံသွင်းထားသည့် အဖွင့်မိန့်ခွန်းကို ထုတ်လွှင့်ခြင်းမပြုဘဲ ဦးမိုဇော်ဦးကိုလည်း အဖွဲ့လိုက်ဆွေးနွေးပွဲ တက်ရောက်ခွင့်မပေးတော့ပေ။ ထိုဆွေးနွေးပွဲ ကြေညာချက်တွင်လည်း ဒေါ်ဇင်မာအောင်၏ ဓာတ်ပုံကို ဖယ်ရှားထားသည်။
“အဖွင့် မိန့်ခွန်းတွေအပြီး Global Town Hall မှာ ဆွေးနွေးသူအဖြစ် ပါဝင်ဖို့ အဲဒီလင့်ခ်ကို ဝင်လိုက်တဲ့အခါကျတော့ ကျနော့်ကို သီးခြားဆွေးနွေးတဲ့နေရာကို ပို့ပြီး ကုလသမဂ္ဂက ကန့်ကွက်လို့ ကျနော့်ကို အစီအစဉ်ကနေ ဖယ်ရှားထားကြောင်းပြောတယ်” ဟု ဦးမိုးဇော်ဦးက ဧရာဝတီသို့ ပြောသည်။
FPCI က တနင်္လာနေ့တွင် NUG ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနှင့် အစည်းအဝေးကျင်းပပြီး စနေနေ့ဖြစ်ရပ်အတွက် တောင်းပန်ခဲ့သည်။
NUG ကိုယ်စားလှယ်များကို ဆွေးနွေးပွဲ တက်ရောက်ခွင့်ပေးပါက ကုလသမဂ္ဂသည် ဘက်လိုက်သည့် ပုံစံဖြစ်သွားမည်ဟုဆိုကာ ကုလသမဂ္ဂ အဆင့်မြင့်အရာရှိတဦးက ထိုကိုယ်စားလှယ်များကို ဖယ်ရှားရန် Global Citizen ကို ပြောကြောင်း FPCI ဒါရိုက်တာ ဒင်နို ပက်တီ ဒီဂျယ်လယ်က သူ့ကို ရှင်းပြသည်ဟု ဦးမိုးဇော်ဦးက ဆိုသည်။
“FPCI က ကျနော်တို့ကို မပိတ်ပင်ချင်ပေမယ့် သူတို့နဲ့ပူးတွဲကျင်းပတဲ့ Global Citizen က ဖိအားပေးလို့ ပိတ်ပင်လိုက်ရတယ်လို့ သူရှင်းပြတယ်” ဟု ဦးမိုးဇော်ဦး ပြောသည်။
NUG ကိုယ်စားလှယ်များကို ဆွေးနွေးပွဲမှ ဖယ်ရှားပြီးနောက် ကုလသမဂ္ဂသည် ၎င်းတို့အဖွဲ့မှ ပါဝင်ဆွေးနွေးသူ ၂ ဦးအနက် တဦးဖြစ်သူ ကုလသမဂ္ဂ ဒုတိယ အထွေထွေအတွင်းရေးမှူး အမီယာ ဂျေ မိုဟာမက်ကိုလည်း ဆွေးနွေးပွဲမှ ဖယ်ထုတ်လိုက်သည်။
ထိုဆွေးနွေးပွဲတွင် ကုလသမဂ္ဂက ကြားဝင်စွက်ဖက်ခြင်းကို ဦးမိုးဇော်ဦးက ပြစ်တင်ရှုတ်ချသည်။
“ဒီဆွေးနွေးပွဲက ကုလသမဂ္ဂနဲ့ ဘာမှမပတ်သက်ဘူး။ သူတို့ ဘယ်သူ့ကိုမှ ဝင်ရောက် မစွက်ဖက်သင့်ဘူး။ ပွဲစီစဉ်သူက မည်သူ့ကိုမဆို ဖိတ်ခေါ်ခွင့်ရှိပြီး ပါဝင်သူတွေကလည်း လွတ်လပ်စွာ ဆွေးနွေးခွင့်ရှိသင့်တယ်” ဟု ၎င်းကပြောသည်။
FPCI သည် NUG တက်ရောက်သည့် ထိတွေ့ဆက်ဆံဆွေးနွေးမှု အများအပြားကို ပြုလုပ်ခဲ့ဖူးပြီး NUG အတွက် အခြားအခမ်းအနားတခု သို့မဟုတ် သံတမန်ရေးရှင်းလင်းပွဲတခု စီစဉ်ပေးမည်ဖြစ်ကြောင်း ပြောသည်။
You may also like these stories:
NUG ကို ဘိုင်ဒင်အစိုးရ ထောက်ခံမှု မက်ကောနယ် မေးခွန်းထုတ်
“လူထုတော်လှန်ရေးက တနှစ်ကျော်ကြာလာပြီ”
“ပြည်သူတွေက စစ်ကောင်စီနဲ့ ဆွေးနွေး အပေးအယူလုပ်ဖို့ စိတ်မဝင်စားဘူး”