ပြည်တွင်းတွင် အရပ်သားများကို ဗုံးကြဲတိုက်ခိုက်နေသည့် မြန်မာလေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးထွန်းအောင်ကို အ ရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) လေတပ် အကြီးအကဲများ ကွန်ဖရင့်(AACC)တွင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးများအပါအဝင် အရပ်သားသေဆုံးမှု များလာပြီး တကမ္ဘာလုံး က ပြစ်တင်ရှုတ်ချနေစဉ် လာအိုတွင် ကျင်းပသည့် ၁၉ ကြိမ်မြောက် AACC တွင် ထိုဥက္ကဋ္ဌရာထူးကို မြန်မာသို့ အလှည့်ကျ ပေးအပ်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကောင်စီ၏ လေကြောင်း ပစ်ခတ်မှု တခုတွင် စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့ နယ် လက်ယက်ကုန်းကျေးရွာမှ ကလေး ၇ ဦး အပါအဝင် လူအနည်းဆုံး ၁၂ ဦး သေဆုံးစေသည့် စာသင်ကျောင်းကို တိုက်ခိုက်မှုနှင့် အောက်တိုဘာလ ၂၃ ရက်နေ့က လူ ၈၀ ခန့် သေဆုံးစေသည့် KIA ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ် ဖားကန့်မှ ဂီတပွဲဖျော်ဖြေပွဲတခုကို တိုက်ခိုက်မှုတို့ ပါဝင်သည်။
ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် နိုဝင်ဘာလ ၄ ရက်နေ့က လာအိုနိုင်ငံတွင် ကျင်းပသည့် ၁၉ ကြိမ်မြောက် AACC တွင် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တက်ရောက်ခဲ့သည်။
ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး အပါအဝင် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေး ဆွေးနွေးရန် လာအို၊ ဘရူနိုင်းနှင့် ထိုင်းတို့မှ လေတပ်အကြီးအကဲများနှင့် နိုဝင်ဘာလ ၃ ရက်နေ့တွင် တွေ့ဆုံကြောင်း စစ်ကောင်စီက ထိန်းချုပ်ထားသည့် မီဒီယာများက ဖော်ပြသည်။
မြန်မာတွင် စစ်အုပ်ချုပ်ကို ခုခံတော်လှန်သည့် လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုများကို စစ်ကောင်စီက “အကြမ်းဖက်မှု”ဟု ခေါ်သည်။
နိုဝင်ဘာလ ၄ ရက်နေ့တွင် လာအိုလေတပ်အကြီးအကဲက မြန်မာကို ၂၀၂၃ ခုနှစ်၊ ၂၀ ကြိမ်မြောက် AACC ဥက္ကဋ္ဌ တာဝန်ကို လွှဲပေးကြောင်း စစ်ကောင်စီက ကြေညာသည်။
ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် ပြီးခဲ့သည့် ဇန်နဝါရီလတွင် ယခင်လေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နေရာတွင် အစားထိုးပြီး လေတပ်အကြီးအကဲ ဖြစ်လာသူလည်း ဖြစ်သည်။
သူ၏ ကွပ်ကဲမှုအောက်တွင် လေတပ်သည် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သော စစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ပြီး အရပ်သားသေဆုံးမှုများ၊ ထိခိုက်ပျက်စီးမှုများ များပြားစေကာ ဗုံးကြဲသည့် လုပ်ရပ်များကို ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းပိုင်နက်များအတွင်းတွင်ပင် ပြုလုပ်ခဲ့သည်။
“အရပ်သားတွေကို သတ်ဖြတ်မှုတွေ အတင့်ရဲမလာစေဖို့ ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို နိုင်ငံတကာဥပဒေအရ သူရဲ့ ရာဇဝတ်မှုတွေအတွက် အရေးယူရမယ်”ဟု လူ့အခွင့်အရေးအဖွဲ့ Justice for Myanmar (JFM)က အင်္ဂါနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖေါ်ပြထားသည်။
“သူနှင့် သူကိုယ်စားပြုသော စစ်ကောင်စီသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်နေသည်ကို သိလျက်နှင့်ပင် အာဆီယံသည် ဗိုလ်ချုပ်ကြီးထွန်းအောင်ကို ခန့်အပ်ခဲ့သည်”ဟု ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။
မြန်မာစစ်ကောင်စီသည် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး(ADMM) နှင့် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ကျွမ်းကျင်သူများ အလုပ်အဖွဲ့တွင်လည်း ပူးတွဲ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေကြောင်း JFM က ထောက်ပြသည်။
ထိုအလုပ်အဖွဲ့တွင် ပူးတွဲဥက္ကဋ္ဌအဖြစ် စစ်ကောင်စီသည် သတင်းမှားများနှင့် ဝါဒဖြန့်ချိမှုများကို ထိုအဖွဲ့၏ အင်တာနက်စာမျက်နှာတွင် တင်နေကြောင်း JFM က ဖေါ်ပြသည်။
ထိုအင်တာနက်စာမျက်နှာတွင်တင်သည့် ပို့စ်များတွင် မြန်မာ အရပ်သား စင်ပြိုင် အစိုးရနှင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများဖြစ်သော အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH)နှင့် ပြည်သူ့ ကာကွယ်ရေးတပ်များ(PDFs)တို့ကို အကြမ်းသမားများအဖြစ် ဖေါ်ပြသည်။
ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေများအရ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော စစ်ကောင်စီက ၎င်းတို့၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဖုံးကွယ်ရန် အခြားသူများကို အကြမ်းဖက်သမားအဖြစ် စစ်ကောင်စီက ဖေါ်ပြကြောင်းလည်း JFM က ဖော်ပြသည်။
ထိုရေးသားချက်များတွင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် လိမ်လည်မှုရှိသည်ဆိုသည့် စစ်ကောင်စီ၏ လိမ်လည် ပြောကြားချက်များကိုလည်း ထောက်ခံဖော်ပြသည်။
NUG အစိုးရနှင့် ၎င်း၏ လွှတ်တော်ဖြစ်သော CRPH တို့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ တိုင်းရင်းသား မဟာမိတ်များကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သည်။
စစ်ကောင်စီသည် လာမည့်နှစ် AACC တွင် ဥက္ကဋ္ဌ တာဝန်ယူမည်ဖြစ်ပြီး ဒေသတွင်း လေတပ်များအကြား ဆက်ဆံရေးကို ကြီးကြပ်ကာ ဒီဇင်ဘာလ ၅ ရက်နှင့် ၆ ရက်တွင် ဗီဒီယိုမှကျင်းပမည့် အာဆီယံ အကြမ်းဖက်မှု တိုက်ဖျက်ရေး အစည်းအဝေးကို ကျင်းပမည်ဖြစ်ကြောင်း JFM က ဖော်ပြသည်။
“ဒေသတွင်း ကာကွယ်ရေး အဖွဲ့အစည်းတွေအပေါ် ဦးဆောင်ခွင့် စစ်ကောင်စီကို ပေးပြီး တရားဝင်မှုပေးတာ၊ သူတို့ရဲ့ သတင်းမှားနဲ့ ဝါဒဖြန့်ချိမှုတွေကို ထောက်ခံပြီး စင်မြင့်တခုပေးတာ အာဆီယံနဲ့ မိတ်ဖက်တွေက သင့်တော်တယ်လို့ ထင် နေတာ လက်မခံနိုင်ဘူး”ဟု JFM ပြောခွင့်ရသူ ဒေါ်ရတနာမောင်က ပြောသည်။
စစ်ကောင်စီ၏ AACC ဥက္ကဋ္ဌနှင့် ADMM ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ တွဲဖက်ဥက္ကဋ္ဌရာထူးများကို ပြန်လည် ရုတ်သိမ်းရမည်ဖြစ်ကြောင်း JFM က ပြောသည်။
ထို့ပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးအုပ်စု၏ အင်တာနက် စာမျက်နှာကို စစ်ကောင်စီက ထိန်းချုပ်ထားခြင်းကို ရုတ်သိမ်းရမည်ဖြစ်ပြီး စစ်ကောင်စီကို ASEAN အစည်းအဝေးအားလုံးမှ ဖယ်ထုတ်ရမည်ဟုလည်း JFM က တောင်းဆိုသည်။
အာဆီယံက မြန်မာလေတပ် အကြီးအကဲကို AACC ဥက္ကဋ္ဌ တာဝန်ပေးအပ်ခဲ့သော်လည်း ဥရောပသမဂ္ဂ (EU) က ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ဖွဲ့စည်းထားတဲ့ စစ်ကောင်စီ အပါအဝင် မြန်မာ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ကိုပါ နိုင်ငံတဝန်း အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ဆိုပြီး ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့သည်။
You may also like these stories:
စစ်ကောင်စီ လေတပ်၏ ရက်စက်ကြမ်းကြုတ်မှု တရားခံ ဗိုလ်ချုပ်ကြီး ထွန်းအောင်
စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူကို အနီးကပ်ကြည့်ရှုခြင်း
မြေပြင်စစ်ရှုံးနေသော စစ်ကောင်စီက လေကြောင်းအားကိုးနေ
အရပ်ဘက်လေယာဉ်သုံး လောင်စာဆီများ မြန်မာလေတပ်က အသုံးပြုနေဟု AI ဆို