ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယသည် လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းပြီးနောက် ပြည်သူ ၂,၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့သော မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေး ခိုင်မာအောင် ဆက်လက် လုပ်ဆောင်နေသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် နိုဝင်ဘာ ၆ ရက်နေ့တွင် ရန်ကုန်ရှိ ဟိန္ဒူဘုရားကျောင်းတခု၌ ပြုလုပ်သည့် ဟိန္ဒူတို့၏ အရေးအပါဆုံး ပွဲတော်များအနက် တခုဖြစ်သော ဒီပါဝလီ မီးထွန်းပွဲတော်သို့ တက်ရောက်သည်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် ဗီနေးကူးမားက ထိုပွဲတော်သို့ စစ်ကောင်စီခေါင်းဆောင် တက်ရောက်သောကြောင့် ကျေးဇူးတင်စကား ပြောကြားပြီး အစိုးရနှစ်ခုအကြား ဆက်ဆံရေး ခိုင်မာအောင်လုပ်ရန် ကတိပြုသည်။
ထိုပွဲတော်သို့ တက်ရောက်သူများတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး လစ်တိုပါဒေါ့ဗ် နီကိုလိုင် အလက်ဇန်ဒရိုဗစ်ချ်လည်း ပါဝင်သည်။ ၎င်းတို့တက်ရောက်ခြင်းကို မြန်မာရှိ ဟိန္ဒူလူမှုအသိုက်အဝန်းများမှ ဝေဖန်မှုများဖြစ်စေသည်။
နိုဝင်ဘာ ၈ ရက်နေ့တွင် အိန္ဒိယ သံအမတ်သည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို သွားရောက်တွေ့ဆုံသည်။ ၎င်းတို့နှစ်ဦးသည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာနယ်ပယ်များမှ ကဏ္ဍအမျိုးမျိုးအပါအဝင် အပြန်အလှန် အကျိုးစီးပွာရှိသော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေးသည်ဟု စစ်ကောင်စီ မီဒီယာများက ဖော်ပြသည်။
မင်းအောင်လှိုင်၏ စစ်ကောင်စီသည် နိုင်ငံတကာအသိုက်အဝန်းတွင် ပိုမိုအထီးကျန်လာစဉ် တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့သည် မြန်မာတွင် အာဏာသိမ်းပြီးနောက် စစ်ဘက်နှင့် စီးပွားရေးဆက်ဆံရေး တိုးမြှင့်ခဲ့ကြပြီး လာမည့်နှစ်တွင် ကျင်းပရန် စစ်ကောင်စီက စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲအတွက် စစ်ကောင်စီကို ကူညီနေကြသည်။
အိန္ဒိယသည် ရုရှားပြီးလျှင် မြန်မာဝန်ကြီးများနှင့် စစ်ခေါင်းဆောင်များ သွားရောက်လည်ပတ်မှု ဒုတိယ အများဆုံး နိုင်ငံဖြစ်သည်။
ရုရှားနိုင်ငံပိုင် တက်စ် သတင်းဌာက ဖော်ပြသည့် သတင်းတပုဒ်အရ မြန်မာစစ်ကောင်စီသည် အိန္ဒိယ ချေးငွေဖြင့် ရုရှား-အိန္ဒိယ ဖက်စပ်လုပ်ငန်းဖြစ်သော BrahMos Aerospace က ထုတ်လုပ်သည့် BrahMos အသံထက်မြန်သော ဒုံးကျည်များဝယ်ယူရန် စိတ်ဝင်စားကြောင်း ဖော်ပြထားသည်။
အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ပြီးခဲ့သည့် သြဂုတ်လတွင် ဘန်ကောက်ရှိ ချူလာ လောင်ကွန် တက္ကသိုလ်တွင် ပြောကြားသည့် မိန့်ခွန်း၌ စစ်ကောင်စီနှင့် အိန္ဒိယ ဆက်ဆံရေးကို ကာကွယ်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံနှင့်ပတ်သက်သည့် နယူးဒေလီ၏ သဘောထားသည် မြန်မာလွတ်လပ်ရေး တိုက်ပွဲကာလမှ စတင်ပြီး ဆယ်စုနှစ်ပေါင်းများစွာ တစိုက်မတ်မတ်ရှိကြောင်းနှင့် ထိုဆက်ဆံရေးအား မြန်မာနိုင်ငံမှ လက်ရှိနိုင်ငံရေး အခြေအနေကို အခြေခံကာ မဆုံးဖြတ်သင့်ကြောင်း ဂျိုင်ရှန်ကာက ပြောသည်။ တိုက်ရိုက် အိမ်နီးချင်းဖြစ်သော အိန္ဒိယနိုင်ငံသည် ရှုပ်ထွေးလှသော နယ်စပ်ပြဿနာများကြောင့် စစ်ကောင်စီနှင့် ဆက်ဆံခြင်းကို မရှောင်ရှားနိုင်ကြောင်း သူကပြောသည်။
မြန်မာတွင် စစ်အာဏာသိမ်းပြီး ၂ လပင် မပြည့်သေးမီ ထိုစဉ်က အိန္ဒိယ သံအမတ်သည် တော်လှန်ရေးနေ့ အခမ်းအနား တက်ရောက်ပြီး မြန်မာနိုင်ငံမှ နိုင်ငံခြားသံရုံးအများစု သပိတ်မှောက်ခြင်းကို အာခံကာ အိန္ဒိယသည် မြန်မာစစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုသည့် နိုင်ငံအနည်းငယ်တွင် ပါဝင်သွားစေခဲ့သည်။
လက်ရှိ အိန္ဒိယသံအမတ်သည် ဖေဖော်ဝါရီလတွင် ခန့်အပ်ခံချိန်မှ စတင်ပြီး စစ်ကောင်စီ ထိပ်တန်း အရာရှိများနှင့် မကြာခဏ ထိတွေ့ဆက်ဆံသည်။ မကြာသေးမီက သူသည် စစ်ကောင်စီက လာမည့် နှစ်တွင်ကျင်းပရန် စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲအတွက် ပူးပေါင်းဆောင်ရွက်ရေး အလားအလာကို ဆွေးနွေးရန် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံသည်။
ထိုကျင်းပမည့် ရွေးကောက်ပွဲကို ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရှုတ်ချသည်။ ထိုသဘောထားသည် အမေရိကန်ပြည်ထောင်စုက ကြေညာချက်တစောင်တွင် ထောက်ခံထားသည့် သဘောထားဖြစ်သည်။ “လက်ရှိအခြေအနေအရ လွတ်လပ်မျှတမှု မရှိနိုင်သည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲအတုသည် အကြမ်းဖက်မှုများကို ပိုမိုမီးထိုးပေးပြီး အကျပ်အတည်းကို ပိုမိုရှည်ကြာစေကာ နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် တည်ငြိမ်မှုကို နှောင့်နှေးစေမည်ဆိုသည့် ၎င်းတို့၏ သုံးသပ်ချက်ကို မိမိတို့ လက်ခံသည်။ စစ်ကောင်စီနှင့် ၎င်းတို့၏ ရွေးကောက်ပွဲအပေါ် ယုံကြည်မှု ငြင်းပယ်ပြီး အားလုံးပါဝင် ကြွယ်ဝချမ်းသာသည့် မြန်မာနိုင်ငံ တည်ဆောက်ရေး ရည်မှန်းချက်ကို ဆုပ်ကိုင်သည့် ဒီမိုကရေစီ ခေါင်းဆောင်များနှင့် အဓိပ္ပာယ် ပြည်ဝစွာ ထိတွေ့ဆက်ဆံရန် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းသည်” ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
You may also like these stories:
တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့ မြန်မာစစ်အုပ်ချုပ်ရေးကို ကူညီနေ
မြန်မာစစ်ကောင်စီ၏ ကိုယ်ပျောက်မိတ်ဆွေ အိန္ဒိယ
ကုလားတန်စီမံကိန်း အိန္ဒိယအပြောင်းအလဲ ကန်ထရိုက်များအတွက် စိန်ခေါ်မှုဖြစ်လာ
မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မှု အိန္ဒိယ မည်သည့်အကျိုးကျေးဇူးမျှ မထွက်