သတင်း

ထိုင်းတွင် ပန်းရောင်လုပ်သားကတ်လုပ်ရာ၌ ငွေကြေး လိမ်လည်မှုများရှိနေ

အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများအတွက် ထိုင်းအစိုးရက ထုတ်ပေးသည့် အလုပ် လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ပြုလုပ်ရာတွင် ပွဲစားတချို့က အလုပ်သမားများ အပေါ် ငွေကြေးလိမ်လည်မှုများ ရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ၇၇ ခရိုင် ရှိ ရာ ပျမ်းမျှအားဖြင့် တခရိုင်တွင် လူ ၅၀မှ ၁၀၀ ကြား လိမ်လည်ခံနေရပြီး၊ အများဆုံး လိမ်လည် မှု ဖြစ်ပွားနေသည့် နေရာများမှာ မြန်မာအလုပ်သမား အများစုရှိသည့် စမွတ်ဆာခွန် ၊ မဟာချိုင် ၊ ရနောင်းနှင့် မဲဆောက်မြို့ တို့ တွင်ဖြစ်ကြောင်း အလုပ်သမားရေးရာဆောင်ရွက်နေသူများထံသို့ လာရောက်တိုင်ကြားမှုများအရ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ပန်းရောင်ကတ်ပြုလုပ်ပေးမည်ဟုဆိုကာ မြန်မာအလုပ်သမား ၁၀၀ နီးပါးထံမှ ငွေကြေးလိမ်လည် ယူဆောင်ကာ ထွက်ပြေးမှု တစ်ခုဖြစ်ပွားခဲ့သည်။

လိမ်လည်မှု ဖြစ်စဉ်များမှာ မြန်မာအလုပ်သမားများအနေဖြင့် ပန်းရောင်ကတ်ပြုလုပ်ရာတွင် ဘာသာစကားအခက်အခဲနှင့် လုပ်ငန်းစဉ်များ မသိသည့် အတွက် မြန်မာနိုင်ငံသားပွဲစားများနှင့် ချိတ်ဆက်လုပ်ခဲ့ခြင်းဖြစ်ပြီး တဦးလျှင် ဘတ်ငွေ ၈ထောင် မှ ၁၂၀၀၀ ထိ ပေးရ ကြောင်း သိရသည်။

ငွေကြေးလိမ်လည်ခံရသည့် အလုပ်သမားတဦးက “ ကိုယ့်လူမျိုးအချင်းချင်း မလိမ်လောက်ပါဘူးဆိုပြီး ယုံမိမှ အချင်းချင်းပဲ ပြန်ဒုက္ခပေးကြတာပါပဲ။ အခုလိမ်သွားတဲ့ ပွဲစားက ပထမတသုတ် လုပ်ကြတုန်းက အဆင်ပြေတယ်ဆိုလို့ လုပ်လိုက်တာ။ အခု ငွေပမာဏများတော့ လိမ်ခံလိုက်ရတယ် ” ဟု ပြောသည်။

ထိုင်းအစိုးရအနေဖြင့် ပန်းရောင်ကတ်များကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ထုတ်ပေး နေခြင်းဖြစ်ပြီး ကတ်ပြုလုပ်ရန်အတွက် အလုပ်ရှင်အနေဖြင့် အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနထံ လုပ်သားအမည်စာရင်း တင်သွင်းကာ ရက်ပေါင်း ၆၀ အတွင်း အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (Work Permit) လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ပုံမှန်အားဖြင့် လျှောက်လွှာတင်ခ အလုပ်သမားတဦးလျှင် ဘတ် ၁၀၀ နှင့် အလုပ်လုပ်ကိုင်ခွင့် စာအုပ်အတွက် ဘတ် ၉၀၀ ပေးချေရမည်ဖြစ်သော်လည်း လက်တွေ့တွင်မူ ဘတ် ၁ သောင်းခွဲဝန်းကျင် (ကျပ် ၁၀ သိန်းကျော်) ပေးဆောင်နေရ ကြောင်း အလုပ်သမားများထံမှ သိရသည်။ ။

ဘန်ကောက်အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က “လာတိုင်သမျှလူတွေကို အကြံပေးနေတာက ငွေကိုလွယ်လင့်တကူမပေးနဲ့ ၊ နှုတ်ကတိနဲ့သော်လည်းကောင်း၊ စာကတိနဲ့ သော်လည်းကောင်း ဓာတ်ပုံအတိအကျပဲဖြစ်ဖြစ်၊ နေရပ်လိပ်စာအတိအကျသိထားဖို့ လိုအပ်တယ်။ အဲဒီတော့မှ သက်ဆိုင် ရာ ကိုသွားပြီး အမှုဖွင့်တဲ့အခါ အလွယ်တကူရှာလို့ရမှာလို့ ပြောထားပါတယ်” ဟု ပြောသည်။

အဆိုပါ ငွေကြေးလိမ်လည်သည့် ပွဲစားများအား ထိုင်းအစိုးရထံတိုင်ကြားမှုများ ပြုလုပ်ရာတွင် နစ်နာသူများဘက်မှ သက်သေခိုင်လုံမှသာလျှင် ထိရောက်သည့် အရေးယူမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ဦးအောင်ကျော်က အကြံပြုသည်။

ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိလာသော အလုပ်လုပ်ကိုင်မည့်သူများအတွက် ပန်းရောင်ကတ်ရှိမှသာ တရားဝင်နေထိုင် ခွင့်ရပြီး အလုပ်သမား ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အလုပ်အမျိုးအစားများကို လုပ်ခွင့်ရရှိမည် ဖြစ်၍ ပန်းရောင် ကတ် ကို အကြောင်းပြုကာ ပွဲစားများ၏ ငွေကြေးလိမ်လည်မှုဖြစ်စဉ်များကို ဆက်တိုက်ကြုံတွေ့နေရကြောင်း အလုပ်သမား ရေး ဆောင်ရွက်သူများက ဆိုသည်။

ထိုအခြေအနေများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ အလုပ်သမား သံအရာရှိရုံးသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ယူဖြေကြားပေးနိုင်ကြခြင်း မရှိပေ။

ထိုင်းနိုင်ငံအတွင်း တရားမဝင် အထောက်အထားမဲ့နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအပါအဝင် ကမော္ဘဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံသားများကို ထိုင်းနိုင်ငံအတွင်း နယ်မြေတခုထဲတွင် အလုပ်လုပ်ကိုင်၍ ရသည့် အလုပ်လုပ်ခွင့် လက်မှတ်အား လုပ်ပေးမည် ဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mr.Thanakorn Wangboomkongchana က ၂၀၂၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က အတည်ပြုပြောကြားထားသည်။

ယင်း ပန်းရောင်ကတ် (အလုပ်လုပ်ကိုင်ခွင့်လက်မှတ်) သည် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့အထိ သက်တမ်းရှိမည် ဖြစ်ပြီး ထို့နောက် ၁ နှစ်သက်တမ်း ၂ ကြိမ်တိုးပိုင်ခွင့်ရှိကာ ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့အထိ နေထိုင်လုပ်ကိုင်ခွင့် ရမည်ဖြစ်သည်။

You may also like these stories:

ထိုင်းရောက် မြန်မာများအား CI ကတ် ထုတ်ပေးခြင်း စစ်ခေါင်းဆောင်၏ ဆွေမျိုးကုမ္ပဏီ လုပ်ခွင့်ရ

MoU ဖြင့် လုပ်သားများ ခေါ်နေသော်လည်း ထိုင်းသို့ တရားမဝင်လာသူ များနေဆဲဟုဆို

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား အလွန်များနေ

ထိုင်းရောက် မြန်မာလုပ်သားများအတွက် CI လက်မှတ် ထပ်မံ လုပ်ပေးမည်

Loading