စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ခြမ်း ကိုးတောင်ဘို့ဒေသမှ စစ်ရှောင်ပြည်သူ ၁၄ ဦး ကို စစ်ကောင်စီတပ်များက ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းများအား မီးရှို့သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
၎င်းတို့မှာ လျှော်ဖြူကုန်းရွာမှ ၁၃ဦး၊ ဇီးကနားရွာမှ ၁ဦး ဖြစ်ပြီး နိုဝင်ဘာ ၃ရက်က ကိုးတောင်ဘို့ရွာတွင် စခန်းချထားသည့် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ကလေးမြို့အခြေစိုက် ခမရ (၃၆၃) တပ်နှင့် တပ်မ (၉၉) လက်အောက်ခံ မိတ္ထီလာအခြေစိုက် ခမရ (၁၁၃) တပ်၏ ပူးပေါင်းစစ်ကြောင်းက ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်များဟုဆိုကာ ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူများထဲ တအိမ်တည်းအတူနေ မိသားစု ၂ စု ပါဝင်ကြောင်း သိရသည်။
ကန့်ဘလူဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက “တပ်မ ၃၃ နဲ့ တပ်မ ၉၉ ပေါင်းထားတဲ့ စစ်ကြောင်းက PDF လို့ စွပ်စွဲပြီးတော့ ၃ ရက်နေ့က ဖမ်းသွားကြတာ။ အားလုံးပေါင်း ၁၆ ယောက်။ ကိုးတောင်ဘို့ရွာထဲကို ဖမ်းခေါ်သွားကြတာ။ ၂ ယောက်က ပြန်လွတ်လာပြီး ၁၄ ယောက် အသတ်ခံလိုက်ရတာပါ။ နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ အသတ်ခံကြရ တာလို့ သိရတယ်။ ဖမ်းခံရတဲ့သူတွေကို သတ်လိုက်ပြီဆိုတာ အတွင်းသတင်းတွေအရ အတည်ပြုနိုင်တာပါ။ အသတ်ခံရ တဲ့အထဲမှာ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားလေးပါ ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ လျှော်ဖြူကုန်းကျေးရွာမှ အသက် ၅၀ နှစ် အရွယ် ဦးမြင့်ဦး၊ ၎င်း၏ သားများဖြစ်သည့် ကိုအောင်စိုး (၃၃ နှစ်)၊ ကိုကျော်မြင့်ထွန်း (၃၅ နှစ်)၊ မောင်စိုးစိုးစံ (၁၈ နှစ်) နှင့် သားမက်ဖြစ်သူ ကိုမောင်ချို (၃၄ နှစ်)၊ ဦးဇော်ဇော် (၃၇ နှစ်) နှင့် သားဖြစ်သူ မောင်ဝင်းဝင်းသူ (၁၄ နှစ်) တို့အပြင် မောင် မျိုးမျိုးအောင် (၂၅ နှစ်)၊ ကိုစိုးဝင်း (၂၇ နှစ်)၊ ကိုဝင်းဝင်းထွန်း (၃၀ နှစ်)၊ ကိုညီညီ (၃၀ နှစ်)၊ ကိုဇော်မင်းစိုး (၃၅ နှစ်)၊ ကိုကျော်စိုး (၃၅ နှစ်) နှင့် ဇီးကနားကျေးရွာမှ ကိုထွန်ဦး (၃၅ နှစ်) တို့ ဖြစ်ကြောင်း သိရသည်။
လျှော်ဖြူကုန်းကျေးရွာ ဒေသခံတဦးက “ကျနော့်ညီ သေတယ်ဆိုတာကို အခုအချိန်ထိ မယုံသေးဘူး။ ကျနော်တို့ ဘယ်လို မှ ဖြေလို့မရနိုင်အောင်ထိ ဖြစ်နေရတယ်။ ရက်ရက်စက်စက်ကို လုပ်ရက်ကြတာပါ။ သတ်လိုက်ပြီဆိုရင်လည်း သေသွားတဲ့ သူတွေရဲ့ အလောင်းတွေကို ပြန်ရချင်တာပေါ့။ အခုက ရွာထဲမှာပဲ မီးရှို့ပစ်လိုက်ကြတယ်တဲ့။ ဝဋ်ကြွေးဆိုရင်လည်း ဒီဘဝနဲ့ပဲ ကျေပါစေတော့လို့ ဆုတောင်းပေးနေရတယ်” ဟု ပြောသည်။
နိုဝင်ဘာ ၅ ရက်တွင် လျှော်ဖြူကုန်းကျေးရွာသား သားအဖ ၂ ဦး ဖမ်းဆီးခံရမှုမှ ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း စစ်ကောင်စီ တပ်သားများ၏ ရိုက်နှက် ညဉ်းပန်းနှိပ်စက်မှုများကြောင့် အသက် ၄၀ ဝန်းကျင်ရှိ ဖခင်ဖြစ်သူမှာ ကျောမှပေါင် ရင်းအထိ ဒဏ်ရာများ ရရှိထားသဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ကိုးတောင်ဘို့ ဒေသခံတဦးကလည်း “ရွာထဲမှာ အလောင်းတွေကို မီးရှို့ပြီး စစ်ကြောင်းက ထွက်သွားတယ်။ ပြီးတော့ ကောလင်းဘက်က စစ်ကြောင်းနဲ့ ပြန်ပေါင်းပြီး ဝင်နေတော့ ရွာထဲဝင်ပြီး အသေးစိတ်ကိုတော့ ကြည့်လို့ မရသေးဘူး။ မီးရှို့ တယ်ဆိုတာကို သိရတာက ရွာထဲကအိမ်တွေ မီးရှို့ခံရတာမရှိဘဲ ရွာထဲကနေ မီးခိုးတွေလုံးပြီး တက်လာတာကို တွေ့ရ တယ်။ လူသေအလောင်းကို မီးရှို့တဲ့ပုံစံနဲ့ အနံ့တွေလည်း ထွက်လာလို့ သိရတာ” ဟု ရှင်းပြသည်။
ကိုးတောင်ဘို့ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ စစ်ရှောင်ပြည်သူများ အနေဖြင့် သက်ဆိုင်ရာကျေးရွာများအတွင်း ပြန်လည် ဝင်ရောက်နေထိုင်ကြရန်နှင့် ပြန်လည်နေထိုင်ခြင်း မရှိပါက နေအိမ်များအား မီးရှို့မည်ဟူ၍ စစ်ကောင်စီတပ်က ခြိမ်းခြောက်မှုများ ပြုလုပ်ထားကြောင်းလည်း ဒေသခံများက ဆိုသည်။
ယနေ့၌လည်း ကန့်ဘလူတောင်ခြမ်း ဇီးကုန်းသကြားစက်ရှိ (ကစရ) တပ်နှင့် ပျူစောထီး အင်အား ၇၀ ခန့်ဖြင့် ထန်းတပင် ကျေးရွာအတွင်း ဝင်ရောက်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထို့အတူ ကန့်ဘလူမြောက်ခြမ်း ကောလင်းနယ်မှ ဝင်ရောက်လာသော စစ်ကြောင်းနှင့် ကိုးတောင်ဘို့ အထိုင်ချထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အင်အားခွဲထွက်ကာ ကိုးတောင်ဘို့တိုက်နယ် ချပ်ကုန်း၊ ရှားကျောင်း၊ လျှော်ဖြူကုန်း၊ ယောကုန်း၊ နှောကုန်း ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ စစ်ကြောင်း ထိုးနေခြင်းကြောင့် ကန့်ဘလူမြောက်ခြမ်း ကိုးတောင်ဘို့ တိုက်နယ်အတွင်းရှိ ကျေးရွာ ၆ ရွာမှ ဒေသခံ ၄ ထောင်ခန့် ထပ်မံ၍ နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လေကြောင်း၊ ကုန်းကြောင်း အသုံးပြုပြီး အင်အား အလုံးအရင်းနှင့် ဝင်ရောက်စီးနင်းလျက်ရှိရာ စစ်ကြောင်းထိုးရာ လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများကို လက်နက်ကြီး ဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ ပစ္စည်းများခိုးယူခြင်း၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းများ လုပ်ဆောင်နေသည့်အတွက် ဒေသခံများ အနေဖြင့် စစ်ကြောင်း ထိုးလာပြီဟူသော သတင်းကြားသည်နှင့် ကြိုတင်ထွက်ပြေးနေကြရကြောင်း ဒေသခံများက ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီဘက်ကမူ ၎င်းတို့ အနေဖြင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် ကျေးရွာများအား မီးရှို့ ခြင်း၊ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်မှု မရှိကြောင်း အမြဲငြင်းဆိုလေ့ရှိသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နိုင်ငံတဝှမ်းလုံး၌ အိုးအိမ်စွန့်ခွာ ထွက် ပြေးနေရသူ အောက်တိုဘာ ၂၄ ရက်ထိ ၁ ဒသမ ၄ သန်းကျော် ရှိသည့်အနက် စစ်ကိုင်းတိုင်းတွင် လူဦးရေ ၆ သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး နေအိမ်မီးရှို့ခံရမှာလည်း ကျန်ဒေသများထက် ပိုများကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာ မှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA Myanmar) ၏ ထုတ်ပြန်ချက်များအရ သိရသည်။
You may also like these stories:
ကန့်ဘလူတွင် စစ်ရှောင် ၂ သောင်းကျော် ရိက္ခာနှင့် ဆေးဝါး အရေးပေါ်လိုအပ်နေ
NLD ထောက်ခံသူတို့၏ ပိုင်ဆိုင်မှုများ ကန့်ဘလူ ပျူစောထီး ရောင်းစား
စစ်ကိုင်းတိုင်းတွင် တပတ်အတွင်း နေအိမ် ၃၀၀ ကျော် မီးရှို့ခံရ