ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ( ALP )မှ ဗဟိုကော်မတီဝင် ခိုင်မြသာသည် နိုဝင်ဘာ ၇ ရက်နေ့က အိန္ဒိယနိုင်ငံ ၊ မီဇိုရမ် မြန်မာနယ်စပ် ရွာသစ်ကျေးရွာတွင် မင်္ဂလာဆောင်ပွဲ ကျင်းပနေစဉ် ညနေပိုင်း၌ ULA / AA တပ်ဖွဲ့ဝင်များက ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ALP ပါတီမှ ယနေ့ သတင်းထုတ်ပြန်သည်။
ALP ပါတီမှ ဒု ဥက္ကဌ ဒေါ်စောမြရာဇာလင်းက “ မင်္ဂလာဆောင်တဲ့နေ့ ညနေပိုင်း ထမင်းစားဖို့ သွားတဲ့အချိန် ဖမ်းသွားတာ။ ဘာကြောင့် ဖမ်းတယ်ဆိုတာ ကျမတို့လည်း မသိဘူး၊ ဖမ်းတဲ့သူတွေကိုပဲ မေးပါ။ ခိုင်မြသာဆိုတာက ငယ်ငယ်ကတည်းက ရခိုင်အမျိုးသားရေးကို တတ်နိုင်တဲ့ဘက်က ကူညီ လုပ်ပေးနေသူတယောက်ဖြစ်တယ်။ သူ့မဟုတ်တာတွေလည်း မလုပ် ဘူး၊ အဲဒီလို လူမျိုးတယောက်ကို မင်္ဂလာဆောင်တဲ့နေ့မှာ ဖမ်းတယ်ဆိုတာကတော့ လူ့ကျင့်ဝတ်ကို ဖောက်ဖျက်တာ။ ကိုယ်ချင်းစာတရားမရှိတဲ့ လုပ်ရပ်ဖြစ်တယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီမှ ဗဟိုကော်မတီဝင် ခိုင်မြသာသည် အိန္ဒိယနိုင်ငံ တရိပူရတွင် မွေးဖွားကြီးပြင်းသည့် ရခိုင်တိုင်းရင်းသားတဦးဖြစ်ပြီး ပါတီဥက္ကဌ ဦးခိုင်ရဲခိုင်ထံတွင် အနီးကပ်နေထိုင်ကာ ပါတီတာဝန်များကို လုပ်ကိုင်နေသူ တဦး ဖြစ်ကြောင်း လည်း ပါတီဝင်များထံမှ သိရသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ( ULA /AA ) ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကမူ ခိုင်မြသာ ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ၎င်းတို့နှင့် လုံးဝ ပတ်သက်မှုမရှိ ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “ဒါက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သာဖြစ်တယ်။ ဒီကိစ္စက ကျနော်တို့ အဖွဲ့နဲ့ လုံးဝပတ်သက်မှုမရှိဘူး။ ဒါက သူတို့ ALP ပါတီ အောက်ခြေရဲဘော် အချင်းချင်းကြားမှာ ပါတီတွင်း အကွဲအပြဲဖြစ်ပြီးတော့ မကျေနပ်မှုတွေ ဖြစ်နေတာကြာပြီ။ သူတို့ အချင်းချင်း ပြဿနာက အိန္ဒိနယ်စပ်မှာရှိတဲ့ ရခိုင်ရွာတွေအထိတောင် ရိုက်ခတ်မှုရှိနေတယ်လို့ ကျနော်တို့ သတင်း ကြားတယ်။ အဲဒါကြောင့် ခိုင်မြသာ အဖမ်းခံရတာ သူတို့ အချင်းချင်းကြားက ပြဿာနာပဲ ဖြစ်ပါလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဒေါ်စောမြရာဇာလင်းကမူ ယင်းနေ့ ညနေပိုင်းက AA အဖွဲ့ဝင် ၄ဦး လာရောက်ဖမ်းဆီးသွားသည်ဟု မိသားစုဝင်နှင့် ရွာခံ အသိုင်းအဝိုင်းက ပါတီသို့ သတင်းပို့လာခြင်းဖြစ်ကြောင်း ဆိုပြီး ဧရာဝတီ သတင်းဌာနအနေဖြင့် မည်သည့် အဖွဲ့အစည်းက ဖြစ်ကြောင်း သီးသန့် အတည်ပြုနိုင်ခြင်း မရှိပါ။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ( ALP ) ခေါင်းဆောင်များကတော့ ခိုင်မြသာ အပါအဝင် ပါတီခေါင်းဆောင်များကို ဖမ်းဆီးခြင်းမှာ ULA /AA အဖွဲ့၏ လက်ချက်ဖြစ် ကြောင်း စွပ်စွဲထားသည်။
ပြီးခဲ့သော သြဂုတ်လအတွင်းကလည်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးဖြစ်သူ ခိုင်ပေါ်လင်းနှင့် မြောက်ဦးမြို့ နယ်အတွင်း သီတင်းသုံး နေထိုင်သည့် ပါတီနှင့်ဆက်စပ်သည့် သံဃာတော် ( ၄ ) ပါးကို ဖမ်းဆီးခဲ့ပြီး ယနေ့အထိ မလွတ်သေးကြောင်း ALP ပါတီ၏ ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကမူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ( ALP )သည် စစ်ကောင်စီနှင့် ပေါင်း၍ သစ္စာဖောက်လုပ်ရပ်များ လုပ်နေသည်ဟု ယခုနှစ် ဩဂုတ်လအတွင်းက ပြုလုပ်သော ULA/AA ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။
ထို့အပြင် ULA /AA အဖွဲ့ဝင်များသည် မောင်တောမြို့နယ်အတွင်း စိုက်ပျိုးရေး လုပ်ကိုင်နေသည့် အရပ်သား ၂ ဦးအား ပါတီနှင့် ဆက်စပ်သည်ဟု သံသယဝင်ကာ သွားရောက် စီးနင်း တိုက်ခိုက် သတ်ဖြတ်ခဲ့ပြီး လတ်တလော အခြေအနေတွင် ခိုင်မြသာ အပါအဝင် ဖမ်းဆီးထားသည့် ပါတီဝင် အရေအတွက်မှာ ၁၇ ဦးထိရှိလာနေပြီ ဖြစ်ကြောင်း ALP ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
You may also like these stories:
ဒုဗိုလ်မှူးကြီးဖမ်းခံရမှု တန်ပြန်ဖမ်းဆီးမှုများ ပြုလုပ်သွားမည်ဟု ALP ဆို
ALP သစ္စာဖောက်လုပ်ရပ်များ လုပ်နေဟု AA ပြော
ရခိုင်လက်နက်ကိုင် ၂ ဖွဲ့ကြား ဆက်ဆံရေး တင်းမာ
သူတို့မှလွဲ အခြားမရှိရဆိုတဲ့ အယူအဆက တော်တော် အတ္တဆန်တယ်