သတင်း

စစ်ကောင်စီ၏ လူသားစားကျားကို ရုရှားက Su-30s များဖြင့် တောင်ပံတပ်ပေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ဂီတပွဲတခုကို စစ်ကောင်စီက အောက်တိုဘာလ ၂၃ ရက်နေ့တွင် လေကြောင်း တိုက်ခိုက်သောကြောင့် လူ ၁၀၀ ကျော် သေဆုံးရခြင်းအတွက် ပြည်တွင်း ပြည်ပမှ နိုင်ငံသားများ ဝမ်းနည်းကြေကွဲနေစဉ် စစ်ကောင်စီနှင့် ၎င်းတို့ကို ထောက်ခံသူများသည် ၎င်းတို့လေတပ် အစွမ်းထက်လာခြင်းကို ချီးကျူးနေကြသည်။

နေပြည်တော် လေတပ်အခြေစိုက်စခန်းမှ လေယာဉ်ပြေးလမ်းပေါ်တွင် ရုရှားလုပ် Sukhoi Su-30 တစင်းကို အောက်တိုဘာလ ၁၇ ရက်နေ့က တွေ့ရကြောင်း မြန်မာနိုင်ငံမှ လူအခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်နေသော အဖွဲ့အစည်း တခုဖြစ်သည့် Myanmar Witness က ပြောကြားခဲ့သည်။

Su-30 တိုက်လေယာဉ် ၂ စင်းကို စက်တင်ဘာလ မတိုင်မီက မြန်မာသို့ ပေးပို့ခဲ့ကြောင်း ဧရာဝတီ သတင်းဌာနက လေ့လာသိရှိခဲ့သည်။ ထို့နောက် စစ်ကောင်စီ ပြောခွင့်ရသူတဦးကလည်း Su-30 တိုက်လေယာဉ်များကို အသုံးပြုရန် အသင့်ဖြစ်နေကြောင်း ဘီဘီစီ သတင်းဌာနသို့ ပြောခဲ့သည်။

စစ်ရေးပစ်မှတ် မဟုတ်သော နေရာများကို အသေအပျောက်များစေသော လေကြောင်း တိုက်ခိုက်မှုလုပ်သည့် မြန်မာစစ်တပ်အတွက် အဆင့်မြင့် Su-30 လေယာဉ်များ ရရှိခြင်းသည် လူသားစားကျားကို အတောင်ပံ တပ်ပေးလိုက်ခြင်းပင် ဖြစ်သည်။

ရာသီဥတု အခြေအနေအားလုံးတွင် ပျံသန်းနိုင်သော Su-30 တိုက်လေယာဉ်များသည် ကီလိုမီတာ ၃,၀၀၀ (မိုင်ပေါင်း ၁,၉၀၀ နီးပါး) အထိ ပျံသန်းနိုင်ပြီး ဝေးကွာသော နေရာများမှ စစ်ဆင်ရေးများအတွက် အကောင်းဆုံးဖြစ်နေသည်။ ထို့ကြောင့် နေပြည်တော်မှတဆင့် တနိုင်ငံလုံးသို့ ဗုံးကြဲရာတွင် အသုံးပြုနိုင်သည့် တိုက်လေယာဉ်များ ဖြစ်နေသည်။

Sukhoi Su-30 လေယာဉ်တစင်းသည် ပေါင် ၁,၁၁၀ ရှိသည့် ဗုံး ၄ လုံးအထိ သယ်ဆောင်နိုင်ပြီး စစ်ကောင်စီ၏ အခြားစစ်လေယာဉ်များသည် ဗုံးတလုံးသာ သယ်ဆောင်နိုင်ကြောင်း မြန်မာလေတပ်မှ ဘက်ပြောင်းလာသူ ဗိုလ်ကြီးဟောင်း ဇေသူအောင်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

ယခုနှစ်အစောပိုင်းတွင် ဗိုလ်မှူးကြီး ခန့်နေလေး ဦးဆောင်သည့် စစ်ကောင်စီ လေယာဉ်မှူးများသည် Sukhoi Su-30 များကို မောင်းနှင့် ပြုပြင်ထိန်းသိမ်းရန် ရုရှားတွင် သွားရောက်သင်တန်းတက်ခဲ့သည်။

ထိုတိုက်လေယာဉ်များ မြန်မာသို့ ရောင်းချရန် ၂၀၁၈ ခုနှစ်တွင် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရှိုင်ဂု မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ ထိုနောက် လအနည်းငယ်ကြာသော အခါ ထိုစဉ်က လေတပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်သည် ရုရှားနိုင်ငံသို့ သွားရောက်ပြီး မော်စကိုတွင် Sukhoi Su-30 လေယာဉ်တစင်းကို စမ်းသပ်မောင်းနှင်ခဲ့သည်။

မောင်မောင်ကျော်သည် ယခုနှစ်အစောပိုင်းတွင် ရာထူးမှ ဖယ်ရှားခံရပြီးနောက် သူ၏နေရာတွင် အစားထိုး ဝင်ရောက်လာသည့် ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် အရပ်သားပစ်မှတ်များကို အသေအပျောက်များစေသည့် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်သည်။ ထို့ကြောင့်ပင် ဥရောပသမဂ္ဂက သူ့ကို နိုဝင်ဘာလ ဂ ရက်နေ့တွင် အရေးယူပိတ်ဆို့လိုက်သည်။

ကနေဒါ၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့ကလည်း ထိုလေတပ်ခေါင်းဆောင်ကို အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည်။

You may also like these stories:

စစ်ရာဇဝတ်ကောင် မြန်မာလေတပ်ချုပ်ကို အာဆီယံကွန်ဖရင့် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူကို အနီးကပ်ကြည့်ရှုခြင်း

အငြိုးကြီးသော စစ်တပ်၏ ကချင်အပေါ် ပစ်မှတ်ထားမှု နောက်ကွယ်

မြေပြင်စစ်ရှုံးနေသော စစ်ကောင်စီက လေကြောင်းအားကိုးနေ

Loading