မန္တလေးတိုင်း စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ကို နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှု ပုဒ်မ – ၄၀၉ဖြင့် ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် အောက်တိုဘာ ၃၁ ရက်နေ့က ထပ်မံတရားစွဲဆိုခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် ရှေ့နေအသိုင်းအဝိုင်းက သိရသည်။
တရားလွှတ်တော် ရှေ့နေတဦးက “ဆရာဦးရဲလွင်က အမှန်ဆိုရင် ဒီနေ့( နိုဝင်ဘာ ၁၁)က ၅၀၅(ခ) အတွက်က လွတ်ရက်စေ့တာပေါ့နော်၊ လွတ်ရက်မစေ့ခင်ကတည်းက နောက်တိုးအမှုရှိတယ်ဆိုတာ သိထားပါတယ်၊ ဘယ်အကြောင်းအရာနဲ့ တရားစွဲတယ်ဆိုတာ အသေးစိတ် မသိရသေးပေမယ့် ထောင်တွင်းတရားရုံးနဲ့ အမှုစစ်မယ်လို့ သိရတယ်”ဟု ပြောသည်။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၀၉ အရ ပြည်သူ့ဝန်ထမ်းကဖြစ်စေ၊ ဘဏ်တိုက်စိုးက ဖြစ်စေ၊ ကုန်သည်က ဖြစ်စေ၊ ကိုယ်စားလှယ်ကဖြစ်စေ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျုးလွန်ပါက ပြစ်မှုထင်ရှား စီရင်ခံရလျှင် တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
ဒေါက်တာရဲလွင်အား အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှုး ဦးစိုးမြင့်အောင်မှ တရားလို ပြုလုပ်၍ အောင်မြေသာစံမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ပြီး စည်ပင်ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများအား CDM ပြုလုပ်ရန်နှင့် ဆူပူမှုဖြစ်စေရန် လှုံ့ဆော်သည်ဟုဆိုကာ ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့တွင် မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို) ထောင်တွင်းအထူးတရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)၏ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။
ဒေါက်တာရဲလွင်သည် ထောင်အတွင်း နေထိုင်နေစဉ် အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်လာသောကြောင့် ယခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရသေးသည်။
ဒေါက်တာရဲလွင်သည် မန္တလေးမြို့တွင် မျက်စိအထူးကုဆရာဝန်ကြီးအဖြစ် လူသိများ ထင်ရှားသူဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖြစ်လာသည့် ဒေါက်တာဇော်မြင့်မောင်၏ အဆိုပြုချက်ဖြင့် မန္တလေးမြို့တော်ဝန်၊ စည်ပင်သာယာရေး ဝန်ကြီး ဖြစ်လာခဲ့သူဖြစ်သည်။
ဒေါက်တာရဲလွင်သည် စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ခေတ္တထိန်းသိမ်းခံခဲ့ရပြီး နေ့ချင်း ပြန်လွတ်မြောက်လာကာ ရုံးတက်ပြီးနောက် လုပ်ဆောင်ရမည့် လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်တွင် မန္တလေးမြို့တော်ဝန် ရာထူးမှ နုတ်ထွက်ခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီ ၈ ရက်တွင် ၎င်း၏ ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာ၌ “ပြည်သူနဲ့ အတူပါ” ဟူသော စာသားနှင့်အတူ CDM ကို ထောက်ခံကြောင်း လက်သုံးချောင်းထောင်ကာ ပရိုဖိုင်ပြောင်းလဲခဲ့ပြီးနောက် ယင်းနေ့ ညပိုင်းတွင် စစ်တပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
အလားတူ စစ်တပ်က အာဏာသိမ်းပြီးနောက် နှုတ်ထွက်စာတင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပါတီဝင် ချမ်းအေးသာစံမြို့နယ်မှ ရွေးကောက်ခံ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျသည်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့ တွင် စစ်တပ်က ဖမ်းဆီးထိန်းသိမ်းပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခဲ့ကာ ယခုနှစ် ဇူလိုင် ၂၀ ရက်နေ့က ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး လာမည့် နိုဝင်ဘာ ၂၃ ရက်နေ့တွင် လွတ်ရက်စေ့ဖြင့် ပြန်လည် လွတ်မြောက်တော့မည်ဖြစ်သည်။
ထို့ပြင်၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅/၃၀(က)ဖြင့် တရားစွဲဆို ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသည့် မန္တလေးတိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းသည် နိုဝင်ဘာ ၈ ရက်နေ့က ပြန်လည် လွတ်မြောက်ခဲ့ပြီး၊ CDM ဝန်ထမ်းများကို ဂုဏ်ပြုကြောင်း တိုင်းအစိုးရအဖွဲ့ ကိုယ်စား လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သဖြင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲ ထောင်ချခံထားရသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်သည်လည်း နိုဝင်ဘာ ၁၀ ရက်နေ့က ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သိရသည်။
You may also like these stories:
ဒေါက်တာရဲလွင် ကျန်းမာရေး မကောင်းသဖြင့် ဆေးကုသနေရ
မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် အဂတိဖြင့် ထပ်မံ အမှုဖွင့်ခံရ
ပြည်သူဘက်ရပ်တဲ့ သံတိုင်ကြားက Smart City ပဲ့ကိုင်ရှင် ဒေါက်တာ ရဲလွင်
ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အုပ်စု၏ အငြိုး