သတင်း

မြန်မာကို အာဆီယံ လတ်တလောအတိုင်း ဆက်ထားဦးမည်

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ယခင်က ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ချက် အတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု ဆုံးဖြတ်လိုက်သည်။

စာမျက်နှာ နှစ်မျက်နှာပါ ထုတ်ပြန်ချက် အရ အာဆီယံ ခေါင်းဆောင်များသည် မြန်မာနိုင်ငံ၏ အခြေအနေမှာ အတိမ်းအစောင်း မခံဘဲ ထိလွယ်ရှလွယ် အခြေအနေဟု ယူဆကြပြီး ကြီးထွားလာသော အကြမ်းဖက်မှုများသည် မြန်မာနိုင်ငံကိုသာမက အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေး ကြိုးပမ်းမှုများကိုပါ ထိခိုက် လာနေကြောင်း သုံးသပ်ကြသည်။

လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းအတွက် ငြိမ်းချမ်းပြီး ရေရှည်ခိုင်မြဲသော အဖြေကို ရှာဖွေနိုင်ရန် အာဆီယံက မြန်မာနိုင်ငံအား ကူညီပေးရန် ကတိပြုကြောင်းလည်း အာဆီယံက ထုတ်ပြန်ထားသည်။ ထို့ပြင် ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုအနည်းငယ်သာ ရှိသဖြင့် အာဆီယံခေါင်းဆောင်များ၏ ကတိကဝတ်များကို လိုက်နာရန် မြန်မာတပ်မတော်(စစ်ကောင်စီ)တွင် တာဝန်ရှိနေသည်ဟုလည်း ဆိုထားသည်။

၂၀၂၃ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်မည့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာစစ်အစိုးရအား ထိပ်သီးအစည်းအဝေးများထက် ကျော်လွန်၍ အသင်းအဖွဲ့အစည်းအဝေးများမှ ပိတ်ပင်ရန် အဆိုပြုခဲ့သည်။

အာဆီယံခေါင်းဆောင်များသည် အဆိုပါကိစ္စရပ်ကို ရှည်ရှည်ဝေးဝေး ဆွေးနွေးခဲ့ကြသည်ဟု ဂျိုကိုဝီဒိုဒိုက ပြောသည်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေးမဟုတ်တဲ့အဆင့် ကိုယ်စားပြုပါဝင်မှုကို ထိပ်သီးအစည်းအဝေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးထက် ကျော်လွန်ပြီး ကျင့်သုံးသင့်တယ်လို့ အင်ဒိုနီးရှားက အဆိုပြုခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက မစ္စတာဝီဒိုဒိုကို သဘောတူကြောင်း ပြောသည်။

ဖနွမ်းပင်မြို့တွင် ကျင်းပသော ၄၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ “မြန်မာစစ်တပ် အာဏာပိုင်တွေဆီ ပြတ်ပြတ်သားသား အချက်ပြဖို့ နောက်ထပ် ခြေလှမ်းတွေ လှမ်းဖို့ အလေးအနက် စဉ်းစားသင့်ပါတယ်” ဟု လီက ပြောကြားခဲ့သည်။

COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ပထမဆုံးအကြိမ် လူကိုယ်တိုင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးအတွက် ကမ္ဘောဒီးယားနိုင်ငံမှ ခေါင်းဆောင်များသည် ကမ္ဘောဒီးယားနိုင်ငံ မြို့တော်၌ တွေ့ဆုံနေကြသည်။

အာဆီယံသည် ၂၀၂၁ ခုနှစ်ဧပြီလအတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ အကြမ်းဖက်မှုများရပ်ရန်၊ သက်ဆိုင်သူများ အားလုံးနှင့် တွေ့ဆုံဆွေးနွေးရန်၊ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနိုင်ရန် စသည့် ဘုံသဘောတူညီချက် ၅ ရပ်ချမှတ်ခဲ့သည်။

သို့သော်လည်း စစ်ကောင်စီဘက်က အာဆီယံသည် ပြည်တွင်းရေးဝင်စွက်သည်ဟုဆိုကာ ဘုံသဘောတူညီချက်များကို အပြည့်အဝ အကောင်အထည်ဖော်ရန် ငြင်းဆန်ထားသည်။

ယခု အာဆီယံထိပ်သီးအစည်းအဝေးမှ မြန်မာစစ်ကောင်စီသို့ ပေးသည့် သတင်းစကားမှာ အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးများမှအပ ကျန် အာဆီယံအစည်းအဝေးများတွင် လက်ရှိမြန်မာစစ်ကောင်စီ ပါဝင်ခွင့်ရနေသည့် အနေအထားအတိုင်း ဆက်လက်ထားရှိမည်နှင့် တပြိုင်နက်တည်း “အခြေအနေ ပိုဆိုးလာပါက” ကျန်ဝန်ကြီးအဆင့် အစည်းအဝေးများမှလည်း စစ်ကောင်စီကိုယ်စားလှယ်ကို ဖယ်ထုတ်မည် ဆိုသည်ပင်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပြီးနောက် အတိုက်အခံများ၏ အမြင့်ဆုံးစုဖွဲ့မှုဖြစ်သည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က အာဆီယံကို အနာဂတ်မြန်မာ့နိုင်ငံရေးတွင် စစ်တပ်၏ ပါဝင်မှု လုံးဝမရှိစေရေးမူအား အခြေခံကာ ချည်းကပ်ရန် တိုက်တွန်းသည်။

NUCC က စစ်ကောင်စီသည် ပြည်သူလူထုက ရွေးချယ်ထားသော ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ကာ မတရားအာဏာသိမ်းထားသည့် နိုင်ငံတော်ပုန်ကန်သူနှင့် စစ်ရာဇဝတ်မှု ကျူးလွန်ထားသူများ ဖြစ်ကြောင်း ၊ အာဆီယံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသူများဖြစ်ကြောင်း ဆိုသည်။

အာဆီယံ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက်ထိ ကျင်းပမည်ဖြစ်ပြီး တောင်တရုတ်ပင်လယ်အရေး၊ ကပ်ရောဂါအရေးနှင့် မြန်မာနိုင်ငံအရေးတို့ ဆွေးနွေးမည်ဖြစ်သည်။ အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က အာဆီယံနိုင်ငံတွေအနေနှင့် အဖွဲ့အစည်းအတွင်း စည်းလုံးမှု ၊ ညီညွတ်မှုနှင့် ဗဟိုပြုမှုကို အာရုံစိုက်ကြရန် အစည်းအဝေးအဖွင့်မိန့်ခွန်း၌ ပြောကြားသည်။

စင်္ကာပူ အမျိုးသားတက္ကသိုလ်မှ သုတေသီတဦးဖြစ်သူ ကိုကြည်စင်က အာဆီယံသည် မြန်မာ့အရေးထက် ဒေသတွင်း တည်ငြိမ်ရေးကို ပိုမိုဦးစားပေးမည့် အခြေအနေရှိနေကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက “မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုက အာဆီယံအတွက် အရေးပါတယ်ပေါ့။ မြန်မာ့အရေးကို အာဆီယံက ဦးဆောင်မဖြေရှင်း ပေးနိုင်ဘူးဆိုရင် မြန်မာ့အရေးကိုခေါင်းစဉ်ပြုပြီးတော့ နိုင်ငံကြီးတွေက မြန်မာ့အရေး ၊ အာဆီယံရဲ့ အရေးမှာ ဝင်ရောက်စွက်ဖက်တာတွေရှိလာမှာကို အာဆီယံနိုင်ငံတွေက ကြောက်ကြတယ်။ နိုင်ငံကြီး ၂ ခုကြားညပ်မယ့်ကိစ္စက အာဆီယံရဲ့ ပထမဦးစားပေးဖြစ်တယ်” ဟု ဆိုသည်။

ဆက်လက်၍ ကိုကြည်စင်က အာဆီယံသည် မြန်မာ့အရေးတွင် ပဋိပက္ခအတွင်း လက်နက်ကိုင်တိုက်ခိုက်နေသည့် အစုအဖွဲ့များအားလုံး အတူတူသာဖြစ်သည်ဆိုသော အမြင်ကို ဆက်လက်ကိုင်စွဲနေပုံရပြီး စစ်ကောင်စီနှင့် ဆက်ဆံရေးကို အပျက်မခံဘဲ ဆက်လက်ထားရှိနေကြောင်း ပြောသည်။

၎င်းက “ရှိရင်းစွဲ အခြေခံမူ ၅ ချက်ကိုပဲ တိုးတက်အောင်လုပ်မယ်။ ပိုပြီး လုပ်လို့ကိုင်လို့ကောင်းအောင် ပြင်မယ့်သဘော ဖြစ်နေတယ်။ ဒီအခြေခံမူ ၅ ချက်ကို အခြေခံမယ်ဆိုရင် သူတို့က စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းကပဲ သွားမယ်။ ၂ ဖက်လုံး စကားပြောအောင်လုပ်ရမယ်။ အဲဒီလိုဆိုရင် စစ်ကောင်စီကိုလည်း ဖယ်လို့မရသလို NUG ကိုလည်း ဖယ်လို့မရဘူး။ ဒီ ၂ ခုလုံးပါဖို့ဆိုရင် စစ်ကောင်စီက စိတ်မဆိုးဖို့ ၊ စစ်ကောင်စီက ဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ရဖို့လည်း အာဆီယံက ကြိုးစားရမှာရှိတယ်” ဟု မှတ်ချက်ပေးသည်။

You may also like these stories:

မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံ ထိပ်သီး အစည်းအဝေးသို့ မဖိတ်

မြန်မာ့အရေး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး လုပ်မည်

နိုဝင်ဘာ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အကဲဖြတ်မည်

ဝါရှင်တန်၏ မြန်မာမူဝါဒနောက်ကွယ်မှ လက်တံ နှစ်ခု

Loading