ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့ ညနေပိုင်းက ရောက် လာပြီး နေအိမ်များကို မီးရှို့ကာ ရွာသား ၉ ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၀ရက်နေ့ နံနက်ပိုင်းက ဆင်အင်းရွာနှင့် မဒေသာရွာကြား ရန်ကုန်- စစ်တွေကားလမ်းပေါ်တွင် စစ်တပ် ရိက္ခာတင်ကား ၃စီးကို ရက္ခိုင်စစ်တပ် (AA) တပ်ဖွဲ့ဝင်များက တားရာမှ အပြန်အလှန်ပစ်ခတ်ပြီး ကား၁ စီးနှင့် စစ်သားများ ကို AA က ဖမ်းခေါ်သွားပြီးနောက် ညနေပိုင်းတွင် ဆင်းအင်း ရွာသို့ဝင်ကာ မီးရှို့ ၍ ရွာသားများအား သတ်ဖြတ်သွား ခြင်း ဖြစ်ကြောင်း သိရသည်။
ဆင်အင်းကြီး ရွာသားတဦးက “စစ်ကား ၁ စီးကို AA ဖမ်းသွားကတည်းက လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ။ ညနေ ၆ နာရီလောက်မှာ ရွာကို ဝင်ပြီး မီးတကြိမ် ရှို့တယ်။ ဘုန်းကြီးကျောင်းထဲမှာ ကျန်ခဲ့တဲ့ ရွာသားတချို့ကလည်း စစ်တပ် ပြန်သွားပြီး ထင်ပြီး သွားကြည့်တာ ပြန်မရောက်လာကြဘူး။ သူတို့ ပြန်မရောက်လို့ နောက်ထပ် သက်ကြီး ပိုင်းတချို့ သွားကြည့်တယ်။ နှစ်ဖွဲ့လုံး ပြန်မရောက်လာဘူး။ ဒီနေ့ မနက်ကျမှ သေနတ်ဒဏ်ရာတွေနဲ့ ရွာထဲမှာ သေဆုံး နေတာကို တွေ့တာ” ဟု ဧရာဝတီသို့ ပြောသည်။
သေဆုံးသွားသည့် ဆင်အင်းကြီးကျေးရွာသားများမှာ ဦးမောင်မောင်သိန်း (၄၀ နှစ်)၊ ဦးခင်မောင် (၅၅ နှစ်)၊ ဦးကျော်ဇံ (၆၅ နှစ်)၊ ဦးမောင်ကျော်သိန်း (၆၅) နှစ်၊ ဒေါ်မေနု (၅၀ နှစ်)၊ ဦးမှဲ့နီ (၅၆ နှစ်)၊ ဒေါ်ယဉ်ညွန့်ဖြူ (၈၂ နှစ်)၊ ဦးမောင်စံလှ (၃၈ နှစ်)နှင့် အသက် ၆၀ အရွယ် တိုင်းရင်းဆေးဆရာ ၁ ဦးတို့ဖြစ်ပြီး နေအိမ် ၉ လုံးလည်း မီးရှို့ခံရကြောင်း ဒေသခံ ရွာသားများ ပြုစုထားသည့် စာရင်းများအရ သိရသည်။
ယမန်နေ့ မနက်ပိုင်းကတည်းက စစ်ကောင်စီတပ်သားများသည် စစ်တွေ- ပုဏ္ဏားကျွန်းကားလမ်းမတလျှောက် ပိတ်ဆို့ ကာ ဖြစ်စဉ် ဖြစ်ပွားသည့် အနီးဝန်းကျင်အား ရဟတ်ယာဉ်၊ ဒရုန်းများဖြင့် လာရောက် ပစ်ခတ်ခြင်း၊ ပုဏ္ဏားကျွန်း အခြေ စိုက် ခြေမြန်တပ်ရင်း ခမရ ၅၅၀မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ငှက်ကြီးကျွန်းကျေးရွာမှ ဆယ်တန်း ကျောင်း သား ၁ ဦး အပါအဝင် အနီးဝန်းကျင်မှ ရွာသား ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ဆင်းအင်းကြီး ကျေးရွာသားတဦးက “မနေ့ မနက်ပိုင်းကတည်း စစ်ကားနဲ့ လာပြီးတော့ ကားပေါ်ကနေ သေနတ်နဲ့ အတွဲလိုက် ပစ်တယ်။ ၅၅၀ တပ်ရင်းကလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် လှမ်းပစ်တယ်။ ကျနော်တို့ ရွာ သားတွေ မနက်ပိုင်းကတည်း ရွာမှာ နေလို့ မဖြစ်တော့လို့ ထွက်ပြေးလာကြတယ်။ သက်ကြီးပိုင်းတချို့ပဲ ဘုန်းကြီး ကျောင်းမှာ စုကျန်ခဲ့ကြတာ။ အခု ကျန်ခဲ့တဲ့လူတွေကို ပစ်သတ်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဆင်အင်းကြီးကျေးရွာမှာ ရန်ကုန်- စစ်တွေ ကားလမ်းပေါ်တွင် တည်ရှိသော ကျေးရွာတရွာဖြစ်ကာ နေအိမ်များ အား မီးရှို့ပြီး ရွာသားများကို သတ်ဖြတ်သွားသည့် စစ်ကောင်စီတပ်ဖွဲ့မှာ ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ တပ်ရင်းမှ ဖြစ်ပြီး လက်ရှိအချိန်အထိလည်း အဆိုပါ အနီးဝန်းကျင်ရှိ ရွာများမှာလည်း ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသ ခံများက ပြောသည်။
အဆိုပါ ဆင်အင်းကြီးရွာ ဖြစ်စဉ်နှင့် ပတ်သက်၍ ဧရာဝတီက သီးခြားအတည်ပြုချက် မရသေးပေ။
ရခိုင်ပြည်နယ်အတွင်း စစ်တပ်နှင့် AA တို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလျက်ရှိရာအတွင်း စစ်ကောင်စီတပ်သည် မြေပြင်တွင် စစ်ရေး ရှုံးနိမ့်သည့်အတွက် ရခိုင်အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်လာခြင်း ဖြစ်ကြောင်း ရခိုင် နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။
၎င်းက “သတင်းစာ ရှင်းလင်းပွဲမှာ ရခိုင်မှာ စစ်ပြန်ဖြစ်ရင် အဆိုး မဆိုနဲ့လို့ ဇော်မင်းထွန်း ပြောကတည်းက အရပ်သား တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ သူတို့ မှတ်တမ်းတင်ပြီးသား ဖြစ်တယ်။ အခု တကျော့ပြန်တိုက်ပွဲမှာ AA ကို မြေပြင် မှာ မနိုင်တဲ့အတွက် အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတာဖြစ်တယ်။ ဒီထက် ဆိုးဆိုးဝါးဝါး လူမျိုးတုံး သတ်ဖြတ်မှုတွေကို ပါလုပ်လာနိုင်တဲ့အတွက် မီဒီယာသမားတွေအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက စောင့် ကြည့်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ဧရာဝတီသို့ မှတ်ချက်ပြု ပြောဆိုသည်။
ယနေ့ (နိုဝင်ဘာလ ၁၁ ရက်) တွင်လည်း ပုဏ္ဏားကျွန်း အခြေစိုက် ၅၅၀ တပ်ရင်းမှ လက်နက်ကြီးများဖြင့် အဆိုပါ အနီးဝန်းကျင် ကျေးရွာများအား လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်မှုကြောင့် ဆင်အင်းကြီးရွာအနီးရှိ ဒီပါရုံရွာသား အသက် ၄၀ အရွယ် ဦးအေးစိုးသိန်းနှင့် အသက် ၆၀ အရွယ် ဦးကျားချေတို့ လက်နက်ကြီး ကျည်ဆန် ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဒီပါရုံကျေးရွာသားတဦးက “ဒီနေ့ မနက် ၇ နာရီလောက်မှာ ရွာပြင်မှာရှိတဲ့ နွားခြံထဲက နွားတွေကို သွားလွှတ်တယ်။ ၅၅၀ တပ်က တခါတည်းကို လက်နက်ကြီးနဲ့ ပစ်လိုက်တာ။ အေးစိုးသိန်းကတော့ တခါတည်း ပွဲချင်းပြီး သေတယ်။ ဦးကျားချေက ခြေထောက်ပြတ်ပြီးတော့ ဆေးရုံသွားတဲ့အချိန် လမ်းပိတ်ထားတဲ့အတွက် လမ်းမှာ သွေးလွန်ပြီး သေ သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ဆင်အင်းကြီးကျေးရွာတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများပြုလုပ်ခဲ့သည့် ခမရ ၅၅၀ နှင့် ပါဝင်ပတ် သက်သူများအားလုံးကို လက်တုံ့ပြန်သွားမည် ဖြစ်ကြောင်း AA က ရခိုင်ပြည်နယ်အခြေစိုက် မီဒီယာများအား ယနေ့ တွင် ပြောဆိုထားသည်။
You may also like these stories:
တောင်ကုတ်တွင် AA နှင့် ဆက်သွယ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံရသူ ၃၀ ကျော် ရှိလာ
ALP ဗဟိုကော်မတီဝင် ၁ ဦးကို AA ဖမ်းဆီးသွားဟုဆို
ကိုးတောင်ဘို့ ဒေသခံ ၁၄ ဦးကို စစ်တပ်က မီးရှို့အလောင်းဖျောက်