သတင်း

အိုးဘိုထောင်အနီး ရထားလမ်းဘေးနေအိမ်များ ရှင်းလင်းခံရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ အိုးဘိုထောင်အနီးက ရထားလမ်းဘေးနေအိမ်များကို ကျူးကျော်ဟုဆိုကာ စစ်ကောင်စီ လက်အောက်ခံ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အင်အားသုံး ပြီး ဖယ်ရှားရှင်းလင်းခြင်းများ ပြုလုပ်နေကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

အဆိုပါ ရှင်းလင်းမှုကို စစ်ကောင်စီ လက်အောက်ခံ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ညွှန်ကြားချက်ဖြင့် နိုဝင်ဘာ ၈ ရက်နေ့မှ စတင်၍ လုပ်ဆောင်နေခြင်း ဖြစ်ကာ ယနေ့အချိန်ထိ နေအိမ် အလုံး ၁၀၀ ကျော် ဖယ်ရှားရှင်းလင်းခံ ထားရကြောင်း၊ ထိုသို့ ဖယ်ရှားခံရသူများအနက် နှစ်ရှည်နေထိုင်ကြသူများလည်း ပါဝင်ကြောင်း သိရသည်။

အိုးဘိုရပ်ကွက်အတွင်း နေထိုင်သည့် အမည်မဖော်လိုသူတဦးက “အိုးဘိုထောင်နဲ့ နီးတဲ့နေရာတွေကို အဓိက ဖျက်နေတာ။ ထောင်ရဲ့ အနောက်ခြမ်းမှာ သံလမ်းရှိတယ်။ ပြီးတော့ ထောင် အနောက်ဘက်မှာလည်း မန္တလေးနဲ့ မတ္တရာသွားတဲ့ သံလမ်း ရှိတယ်။ အဲဒီ သံလမ်းဘေးအိမ်တွေအပြင် ထောင်မျက်နှာစာတန်း အိုးဘိုရပ်ကွက်ထဲက နေအိမ်တွေကို တိုင်းတာပြီး အိမ် ပိုင်ရှင်တွေကို ဖျက်ခိုင်းနေကြတာ” ဟု ဧရာဝတီကို ပြောသည်။

ထိုသို့ နေအိမ်များအား ဖယ်ရှားခိုင်းရာတွင် နာရီပိုင်းသာ အချိန်ပေးခဲ့ပြီး ၎င်းတို့ လာရောက် ရှင်းလင်းချိန်၌လည်း စစ်ကား များ၊ မြေထိုးစက်များဖြင့် လမ်းများကို ပိတ်ဆို့ပြီး စစ်သားနှင့် ရဲများက လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူကာ ဖယ်ရှား နေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အိုးဘိုရပ်ကွက်မှ နေအိမ်အဖျက်ခံရသူတဦးကလည်း “သူတို့ ဖျက်ခိုင်းတဲ့အကြောင်းက မြေပုံထဲမှာ နေအိမ်တွေ မရှိဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျက်ခိုင်းတာ။ ကျမတို့က ကျူးကျော်ပြီးနေတာ မဟုတ်ပါဘူး။ ဝယ်ပြီးနေခဲ့တာ ၁၀ နှစ် ကျော် သွားပြီ။ အခုက သံလမ်းနဲ့လည်း မလွတ်ဘူးဆိုပြီး တအိမ်လုံးကို ထိုးဖျက်သွားကြတာ။ သူတို့ကို ကြောက်တော့ ဘာမှ လည်း ပြန်မပြောရဲဘူးလေ။ ဖျက်တာကို ဒီအတိုင်း ထိုင်ကြည့်နေရတော့တာပဲ” ဟု ဆိုသည်။

ရန်ကုန်မြို့ရှိ အင်းစိန်ထောင် ထောင်ဝင်စာ ပါဆယ်ပေးပို့ဌာနတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း မန္တလေးမြို့ရှိ အိုးဘို အကျဉ်းထောင်၌ ထောင်ဝင်စာများ လက်ခံခြင်းကို ယာယီရပ်နားခဲ့သလို ထောင်ပတ်လည်ရှိ နေအိမ်များနှင့် ဈေးဆိုင်များ ကိုလည်း လုံခြုံရေးအကြောင်းပြချက်ဖြင့် ရှင်းလင်းခြင်းများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း မြို့ခံတချို့က ပြောသည်။

ထို့ပြင် အောင်မြေသာစံမြို့နယ် ၁၂ လမ်းမြောက်ဘက်ခြမ်းရှိ သူရဲဈေးဘူတာမှ စတင်ကာ ရထားလမ်းဘေးဝဲယာရှိ ရထား လမ်းမှ ပေ ၅၀ အကွာထိ နေအိမ်များကိုလည်း ဖျက်ခိုင်းထားကြောင်း၊ သူရဲဈေးဘူတာမှ စတင်သည့် ယင်းရထားလမ်းပိုင်း သည် နှစ်စဉ် တောင်ပြုန်းပွဲတော်ချိန်၌သာ ရထားပြေးဆွဲမှုရှိပြီး အခြားအချိန်များ၌ ရထားပြေးဆွဲမှု မရှိကြောင်း သိရသည်။

သံလမ်းနှင့် မလွတ်ဟုဆိုကာ ဖျက်ပေးရမည့် အမရဌာနီအရှေ့ရပ်ကွက်နေသူ တဦးကလည်း “ကျနော်တို့ ရပ်ကွက်က ကျူး မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် မင်းတုန်မင်းကြီး မန္တလေးမြို့ကို စတည်ကတည်းက ပါလာတဲ့ ရပ်ကွက်တခုပါ။ အခု ဖျက်ရ မယ့် အိမ်အများစုက ရွာနေပြည်ထိုင်တွေ၊ အိမ်ကြီးအိမ်ကောင်းတွေပေါ့။ လက်ရှိ သံလမ်းနဲ့က ပေ ၂၀ ကျော်ကွာတာကို သံ လမ်းနဲ့ ပေ ၅၀ ကွာရမယ်ဆိုတော့ မလွတ်ကြတော့ အချို့ အိမ်ဝင်းလိုက်တွေ ပါကုန်တာ။ လက်တွေ့ ရင်ဆိုင်နေရတဲ့ ဘ၀ တွေပါဗျာ” ဟု ရှင်းပြသည်။

ကျူးဟုဆိုကာ ဖျက်ခံရသည့် အောင်မြေသာစံမြို့နယ်အတွင်းက နေအိမ်တချို့ / CJ

အလားတူ အခြားမြို့နယ်များအတွင်းရှိ မန္တလေး-လားရှိုး၊ မန္တလေး-မြစ်ကြီးနား ရထားလမ်းဘေး နေအိမ်များကိုလည်း ရထားလမ်းနယ်နိမိတ်ဖြင့် မလွတ်ကင်းသောကြောင့် ဖျက်သိမ်းပေးရန် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများမှတဆင့် နိုဝင်ဘာ ၈ ရက်တွင် အကြောင်းကြားစာများ ပေးပို့ထားကြောင်း သိရသည်။

မြန်မာ့မီးရထားဥပဒေပြဋ္ဌာန်းချက်အရ ရထားလမ်းများ၏ ဘေးဝဲယာ ပေ ၅၀ အကွာအဝေးအတွင်း ခွင့်ပြုချက် မရရှိဘဲ အဆောက်အအုံဆောက်လုပ်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်ပင်ခုတ်ခြင်း (သို့) ဖျက်ဆီးခြင်း၊ ကျူးကျော်ဝင်ရောက်ခြင်း၊ ကြော်ငြာဆိုင်းဘုတ် စိုက်ထူးခြင်းများ မပြုလုပ်ရဟု သတ်မှတ်ထားသည်။

မန္တလေးမြို့တွင် ကျုးကျော်နေထိုင်မှုများ ရှင်းလင်းရန်အတွက် စည်ပင်သာယာရေးကော်တီနယ်နမိတ် ၆ မြို့နယ်အတွင်းရှိ လမ်းမြေ၊ မြောင်းမြေ၊ ရထားလမ်းမြေ၊ လျှပ်စစ်ဓာတ်အားလိုင်းနယ်မြေ၊ အစိုးရဌာနဆိုင်ရာနယ်မြေနှင့် ပုဂ္ဂလိကပိုင် မြေနေ ရာများတွင် ဥပဒေနှင့် ညီညွတ်မှု မရှိဘဲ တရားဝင် ပိုင်ဆိုင်ခွင့်မရှိသူများမှ တရားမဝင် ကျုးကျော်နေထိုင်မှုများကို ဥပဒေနှင့် အညီ ဖွဲ့စည်းထားသော သတ်မှတ်အဖွဲ့များဖြင့် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်ကြောင်း မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်တီက ၂၀၂၁ ခုနှစ်အတွင်းကတည်းက သတင်းထုတ်ပြန်ထားသည်။

ထိုသို့ ရှင်းလင်းရာတွင် စည်ပင်လုပ်ထုံးလုပ်နည်းများနှင့်အညီ အကြိမ်ကြိမ် အသိပေးပြီးမှ ရှင်းလင်းခြင်း ဖြစ်ကြောင်း၊ အချိန်ကာလ ကြာမြင့်ပါက ရှင်လင်းရသည်မှာ ပိုမိုခက်ခဲလာမည်စိုးသောကြောင့် ယခုလို ရှင်းလင်းနေခြင်း ဖြစ်ကြောင်းနှင့် တခြား မည်သည့် ရည်ရွယ်ချက်မှ မပါဝင်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးတွင် ကျူးကျော်ဟုဆိုကာ နေအိမ်ဖယ်ရှားခံရမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး အချို့ ရှင်းလင်းမှုများ၌ ငွေကြေးပြည့်စုံသူများက စစ်ကောင်စီ လက်အောက်ခံ စည်ပင်ဝန်ထမ်းများ၊ အာဏာရှိသူများနှင့် ပူးပေါင်းကာ စက်ယန္တရားများ အသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ပြုလုပ်ပြီးနောက် မူလပိုင်ရှင်ဟုဆိုကာ ဝင်ရောက်ပြီး ခြံခတ် ခြင်းများ ရှိနေကြောင်းလည်း မြို့ခံများက ဆိုသည်။

ကျူးဟုဆိုကာ ဖျက်ခံရသည့် အောင်မြေသာစံမြို့နယ်အတွင်းက နေအိမ်တချို့ / CJ

မန္တလေးမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက “စစ်တပ်နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေ၊ ငွေကြေးပြည့်စုံတဲ့သူတွေက ငွေ ကြေး အကုန်အကျခံပြီး လုပ်ပိုင်ခွင့်ရှိတဲ့သူတွေနဲ့ပေါင်းပြီး ဖျက်ခိုင်းနေတာမျိုးတွေလည်း ရှိနေတယ်။ ပြီးရင် မူလပိုင်ရှင်ဆို ပြီး ခြံခတ်တာတွေ၊ ဆိုင်းဘုတ်ချိတ်တာတွေလည်း တွေ့နေရတယ်။ အရင်လို ဆိုရင်တော့ တက်ကြွလှုပ်ရှားသူတွေ၊ အရပ် ဖက်အဖွဲ့အစည်းတွေကနေ ကူညီပေးလို့ရတယ်။ အခုက ဘယ်သူ့ကိုမှ မကူညီနိုင်တဲ့ အခြေအနေဆိုတော့ လုပ်သမျှ အံကြိတ်ခံနေရတော့တာပဲ” ဟု ပြောသည်။

မန္တလေးမြို့ရှိ ကျူးကျော်နေအိမ်များကို ၂၀၂၁ အောက်တိုဘာလကုန်ပိုင်းမှ စတင်၍ ဖိအားပေး ရှင်းလင်းခဲ့ခြင်း ဖြစ်ပြီး နေထိုင်မှုဆိုင်ရာ သတ်မှတ်အခွန်အခများ ပေးဆောင်နေရသည့် နေအိမ်များလည်း ပါရှိနေသလို ဖယ်ရှားပေးရန်အတွက် အချိန် ၁ ပတ်ခန့်သာပေးခြင်း၊ ဖယ်ရှားရှင်းလင်းမှုများအတွက် ကုစားပေးမည့် အစီအစဉ်များ မပါဝင်သလို ရုတ်တရက် ရှင်းလင်းခံရခြင်းတို့ကြောင့် နေထိုင်ရေး အခက်အခဲများဖြင့် ရင်ဆိုင်နေကြရသည်ဟုလည်း ရှင်းလင်းခံရမှုတွင် ပါဝင်သူများ က ပြောဆိုသည်။

ယခင်က ဖယ်ရှားခံခဲ့ရသူများ အနေဖြင့် နီးစပ်ရာဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးအသိုင်းအဝိုင်းများထံ ခိုလှုံနေထိုင်ခြင်း၊ အိမ်ငှားနေထိုင်ခြင်း၊ အရစ်ကျစနစ်ဖြင့်ရောင်းသည့် ကျပ် သိန်း ၃၀ ခန့်ရှိ အကွက်ရိုက်မြေကွက်များ ဝယ်ယူနေထိုင်ခြင်း များဖြင့် ဖြေရှင်းနေကြရသလို တချို့မှာလည်း ဖယ်ရှားရှင်းလင်းခံရသည့် နေရာများ၌ ကျူးရှင်းလင်းရေးအဖွဲ့များကို ရှောင် တိမ်းပြီး ယာယီတဲထိုးကာ နေထိုင်လျက် ရှိကြောင်း သိရသည်။

Loading