ဒီတပတ်သတင်းစုံကဏ္ဍမှာတော့ လျှပ်စစ်ရထား လျှပ်စစ်ကား အိပ်မက်တွေကြားက အမှောင်ကျနေတဲ့ လျှပ်စစ်မီး၊ ဟန်ဆောင်မှုများကြားက တန်ဆောင်တိုင် ပွဲတော်များ၊ မြန်မာအာလူး မစွံလို့ တရုတ်အာလူး အင်အားဖြည့်တဲ့ သတင်းတွေကို စတာတွေကို ရွေးချယ်တင်ပြမှာဖြစ်ပါတယ်။
လျှပ်စစ်ရထား အိပ်မက်ကြားက အမှောင်အတိ မြန်မာပြည်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တယောက် လျှပ်စစ်ရထား၊ လျှပ်စစ်ကား အိပ်မက်ကို စွဲလန်းတမ်းတစွာ မြင်မက်နေချိန် ပြင်ပကမ္ဘာဟာ အမှောင်အတိဆိုသလို မြန်မာပြည်မှာ လျှပ်စစ်မီးပြတ် တောက်မှုတွေ အင်မတန်ဆိုးရွားစွာ ဖြစ်နေပေါ်နေပါတယ်။
လူဦးရေ ၇ သန်းခန့်ရှိတဲ့ ရန်ကုန်စီးပွားရေးမြို့တော်နေ လူထုဟာ မီးပျက်တဲ့ဒဏ်ကို အဆိုးဆုံး ခံရသူများလို့ ဆိုနိုင်ပြီး တရက် ၂၄ နာရီမှာ မီးပျက်ချိန်က ၆ နာရီမှ ၁၀ နာရီအထိ ရှိတယ်လို့ သိရပါတယ်။ လာတဲ့အချိန်မှာလည်း ၅ မိနစ်ခြား တခါ လာလိုက် ပျက်လိုက်ဖြစ်နေတာကြောင့် လျှပ်စစ်မီးနဲ့ ဆက်စပ်တဲ့ ပစ္စည်းကရိယာတွေ ချို့ယွင်းမှု မီးလောင်ပျက်စီးမှု၊ မီးဘေးအန္တရာယ် စတာတွေကို ကြုံနေရပါတယ်။
လျှပ်စစ်မီးကို အားထားနေရတဲ့ မြို့ပြလူနေမှုဘဝဟာ ချက်ရေးပြုတ်ရေးကအစ ရေတင်ဖို့အထိ ဒုက္ခအလီလီ ကြုံနေရသလို ကုန်ထုတ်လုပ်ငန်းတွေဟာလည်း စက်သုံးဆီနဲ့ လည်ပတ်ရတာကြောင့် အပိုကုန်ကျစရိတ်တွေထောင်းလာပြီး ကုန်ဈေးနှုန်းမြင့်တက်မှု ဒဏ်ကို ခံစားရပြန်ပါတယ်။
ဒါဟာ သာမန်လျှပ်စစ်မီးသုံးစွဲ တဦးသို့မဟုတ် မိသားစုတစု ကြုံတွေ့နေရသည့် နိစ္စဓူ၀ ဒုက္ခသာဖြစ်ပြီး စက်မှုဇုန်တွေက လုပ်ငန်းရှင်တွေရဲ့ သောကတွေ မပါသေးပါဘူး။
စစ်ကောင်စီကတော့ မိုးကြိုးပစ် ထန်းလက်နဲ့ကာ ဆိုသလို ဒီလိုလျှပ်စစ်မီး မပေးနိုင်တဲ့အပေါ် လက်နက်ကိုင်တော်လှန် ရေးအဖွဲ့တွေကို အပြစ်ဖို့ပြီး ဘီလူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံက ပို့နေတဲ့ ဓာတ်အားလိုင်းတွေ ဖောက်ခွဲခံရလို့ဆိုတဲ့ အကြောင်းပြချက်ပေးကာ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားပါတယ်။
နိုဝင်ဘာ ၁၀ ရက်မှာပဲ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း(YESC) က ထပ်ဆင့်ပြီး “မိဘပြည်သူများထံ ပန်ကြားချက်” ဆိုကာ ရန်ကုန်မြို့က သဘာဝဓာတ်ငွေသုံး စက်ရုံများကို ပို့နေတဲ့ ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ယိုစိမ့်မှုကြောင့် အရေးပေါ် ထိန်းသိမ်းပြုပြင်နေရတဲ့အတွက် ဓာတ်အားပို့လွှတ်မှု နည်းမယ်”ဆိုတဲ့ စာတစောင် ထပ်ထုတ်လိုက်တဲ့အတွက် ရန်ကုန်လူထုရဲ့အမှောင်ထဲက ဒုက္ခဟာ ရှည်ကြာမယ့်သဘောဖြစ်နေပါတယ်။
ဘယ်လိုပဲ အကြောင်းပြချက်တွေ ပေးပေး ယခင်စစ်အာဏာရှင်တွေလက်ထက်ကတည်းက လျှပ်စစ်မီးပြတ်တဲ့ဒဏ်ကို ဆိုးရွားစွာ ကြုံခဲ့ဖူးတဲ့ ပြည်သူတွေကတော့ ပိုမိုပူပြင်းတဲ့ နွေရာသီဆိုရင် ရေအား လျှပ်စစ်ထုတ်လုပ်မှုဟာ ပိုလျော့ကျနိုင်ပြီး မီးပိုပျက်နိုင်တယ်လို့ အတွေ့အကြုံအရ သိနေကြပြီး ဖြစ်ပါတယ်။
တန်ဆောင်တိုင် ဟန်ဆောင်ပွဲတော်များ
မိုးလေကင်းလွတ် သီတင်းကျွတ်တာနဲ့ ဖုန်းတုန်းလုံးတုံး တန်ဆောင်မုန်းဟာလည်း နောက်က ထပ်ချပ်မကွာ လိုက်ပါလာတာဖြစ်ပါတယ်။
ဒီလတွေဟာ မြန်မာ၊ ထိုင်း၊ လာအိုစတဲ့ ယဉ်ကျေးမှုချင်း နီးစပ်တဲ့ နိုင်ငံတွေမှာ အစဉ်အလာအားဖြင့် ရိုးရာဓလေ့ပွဲတော်တွေ ကျင်းပကြပေမယ့် မြန်မာနိုင်ငံမှာတော့ နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေးပျက်ပြားမှု၊ တရားဥပဒေ စိုးမိုးရေး ကင်းမဲ့မှု၊ စစ်တပ်ရဲ့ ရွာလုံးကျွတ် မီးရှို့ သတ်ဖြတ်မှု စတဲ့ စိတ်မချမ်းမြေ့ဖွယ်တွေကြောင့် နိုင်ငံသား အများစုကတော့ ဒါတွေကို မျက်ကွယ်ပြုပြီး မပျော်ပါးနိုင်တာတော့ အမှန်ပါပဲ။
ဒါပေမယ့် စစ်ကောင်စီကတော့ ဒီလိုအဖြစ်ဆိုးတွေကို ဘာမှ မဖြစ်ခဲ့ကြလေသယောင် ပြင်ဦးလွင်နဲ့ မြို့ကြီးတချို့မှာ ဟန်ဆောင်ပွဲတော်တွေ ကျင်းပခဲ့တယ်။
ပဲခူးမြို့ တန်ဆောင်တိုင်ဆိုရင်လည်း အစိုးရဝန်ထမ်းတွေအနေနဲ့ မလည်မနေရ အမိန့်ထုတ်ကာ ပွဲခင်းထဲ ခေါ်ယူတာမျိုးရှိသလို စစ်တပ်အားကောင်းတဲ့ ပြင်ဦးလွင်မြို့မှာလည်း မီးပုံးပျံပွဲလုပ်ကာ လူထောင်ပေါင်းများစွာ လာတယ်လို့ ရေးသားတာမျိုးတွေ တွေ့ရပါတယ်။
ပြင်ဦးလွင်နေ ပြည်သူတဦးကတော့ တန်ဆောင်တိုင် မီးပုံးပျံပွဲဟာ ရိုးရာပွဲထက် လောင်းကစားဝိုင်းတွေကသာ ပိုများနေတာကြောင့် စိတ်ပျက်မိကြောင်း ဆိုထားတာကို လူမှုကွန်ရက်မှာ တွေ့ရပါတယ်။
ဒါပေမယ့် ထူးခြားတာကတော့ လူအများအပြားလာလည်နေကျ ရှမ်းပြည်တောင်ပိုင်းက နာမည်ကျော် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲကိုတော့ စတိအနေနဲ့သာ လုပ်ခဲ့သလို ယမ်းကိုသုံးကာ မီးရှူးမီးပန်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပတဲ့ ကလောမြို့က မီးရှော်တိုင် တန်ဆောင်တိုင်တွေကတော့ မလုပ်ခဲ့ပါဘူး။
တောင်ကြီးမြို့ခံတဦးက စစ်ကောင်စီလုပ်တဲ့ပွဲ ဖြစ်တာကြောင့် မီးပုံးပျံသမားတွေက ရှောင်နေကြသလို မြို့ခံတွေကလည်း မပတ်သက်လိုတာကြောင့် မသွားကြတဲ့အတွက် ခြောက်ကပ်ကပ်နဲ့ တောဘုရားပွဲလို ပြီးသွားတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ ကိုဗစ်ကာလအလွန်ကာလမှာ လွိုင်ကထုံလို့ခေါ်တဲ့ တန်ဆောင်တိုင်မီးမျှောပွဲကို ရိုးရာယဉ်ကျေးမှု မပျက် တနှစ်ထက်တနှစ် စည်းကမ်းတကျ ကျင်းပလာတာကြောင့် ဒီနှစ်မှာလည်း အလွန်စည်ကားပြီး ပြန်လည်အားယူနေတဲ့ ကမ္ဘာလှည့်ခရီး လုပ်ငန်းကို အထောက်အကူပြုမှာ မလွဲမသွေဖြစ်ပါတယ်။
ပိုက်ဆံကြဲတဲ့ အကျင့်ဆိုးကို ကူးပြောင်းသွားတဲ့ ချစ်စရာ ပံသုကူဓလေ့
စစ်ကောင်စီရဲ့ တန်ဆောင်တိုင်ပွဲတော်နဲ့ အတူ ဒီနှစ်မှာပေါ်လာတဲ့ ထူးခြားချက်က ပံသုကူ စွန့်ပစ်ခြင်းဓလေ့ကနေ ကားပေါ်ကနေ ပိုက်ဆံကြဲတဲ့ စရိုက်ဆိုးဘက်ကို ကူးပြောင်းသွားခြင်းပါပဲ။
ပံသုကူ (ပံ့သကူ) ပစ်ပွဲဆိုတာ ဗုဒ္ဓဘာသာအရ ပံသုကူ ဓုတင်ကို အကြောင်းပြုပြီး ဖြစ်လာတဲ့ ပွဲတခုဖြစ်ပြီး ပုဂံခေတ်ကတည်းက ပံသုကူ ပစ်ပွဲတွေ လုပ်ကြသိရပါတယ်။
နောက်ပိုင်းမှာတော့ ပိုင်ရှင်မဲ့ အလိုအလျောက်ပေါ်လာတဲ့ သား ငါး၊ပစ္စည်းတွေကို ပံသုကူလို့ ခေါ်ဝေါ် သတ်မှတ်လာကြတဲ့ မြန်မာလူမျိုးတွေအဖို့တော့ သင်္ကန်းသာမကတော့ပဲ ငွေကြေးကိုပါထည့်သွင်းပြီး စွန့်ပစ်လာတာကို တွေ့ရပါ တယ်။
ဒါပေမယ့် လူစုလူဝေး အခမ်းအနားနဲ့ အထင်အရှား လုပ်တဲ့ ပွဲတော်တခု မဟုတ်သလို တိတ်တဆိတ် လမ်းဆုံ လမ်းခွနေရာတွေမှာငွေကြေး၊ အဝတ်အထည်နဲ့ အစားအသောက်တွေကို ပံသုကူ စွန့်ပစ်တာမျိုးဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ထူးခြားစွာပဲ ရန်ကုန်မြို့ရဲ့ နေရာတချို့ မှာ လူစုလူဝေးနဲ့ ပံသုကူ ပစ္စည်းများ လိုက်လံရှာဖွေတာ၊ ဖြတ်သွားတဲ့ ကားတွေကို ပိုက်ဆံပေးဖို့ တောင်းတာ၊ ကားတွေပေါ်ကနေ အပျော်အပါးသဖွယ် ပိုက်ဆံကြဲချတာ၊ ဒါကို မိမိရဲ့ အသက်အန္တရာယ်ကိုပင် ဂရုမစိုက်တော့ လမ်းမလယ် အလုအယက်ကောက်ခံတာ စတဲ့ ရုပ်ပျက်ဆင်းပျက် အဖြစ် အပျက်များ တွေ့မြင်ရခြင်း ဖြစ်ပါတယ်။
ဒီလို လမ်းလယ်မှာ ကြဲချတဲ့ ပိုက်ဆံကို အာရုံစိုက် ကောက်ယူနေမှုကြောင့် ယာဉ်တိုက်မှုတွေဖြစ်ကာ သေဆုံးမှုတွေ လည်း ရှိလာပါတယ်။
ဒီအပေါ်မှာ တချို့လည်း ကောက်ယူသူတွေအပေါ် အပြစ်တင်ပြောဆိုမှုတွေ ရှိသလို၊ တချို့ကတော့ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း လူတွေ စီးပွားရေး ကျပ်တည်းမှုကြောင့်ဆိုကာ မှတ်ချက်ချ ပြောဆိုမှုတွေ ရှိလာပါတယ်။
နိုင်ငံရေး၊ စီးပွားရေး ပျက်ပြားသွားတဲ့ကာလမှာ အလုပ်အကိုင်နဲ့ ငွေကြေးရှားပါးမှုကြောင့် လူတွေရဲ့ အကျင့်စာရိတ္တ ယိမ်းယိုင်မှုတွေကတော့ မလွဲမသွေပေါ်လာမှာ ဖြစ်ပေမယ့် ချစ်စရာကောင်းတဲ့ ပံသုကူ ပစ်ခြင်း အလေ့အထကိုတော့ မထိခိုက်စေဖို့၊ ဒီလိုအကျင့်ဆိုးတွေကို နောင်နှစ်တွေမှာလည်း မဖြစ်ပေါ်စေဖို့ တိုက်တွန်းပြောဆိုလိုပါတယ်။
အာလူးလာ မပေးနဲ့ လေကို နည်းနည်းလျှော့
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ “မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည်၊ ပြည်တွင်း လိုအပ်ချက် ပိုလျှံသည် အထိ ထုတ်လုပ်၍ ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သည့်အထိ ရောက်အောင် ကြိုးပမ်းရမည်” ဆိုသည့် စကားကို ရောက်ရာအရပ် ကြက်တူရွေး စာကျက်သလို နှုတ်တိုက်ရွရွ တဖွဖွ ရွတ်နေချိန် နောက်ကျောကို ဓားနဲ့ တအားစိုက် လိုက်တာက တရုတ်နိုင်ငံ ကမ်းစုပြည်နယ်က အာလူးတွေ မြန်မာကို ပထမဆုံးတင်ပို့လိုက် တယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။
ပေါက်ဖော်လို့ အမည်ပေးကာ မြန်မာဘာသာနဲ့ ဖော်ပြတဲ့ လူမှုကွန်ရက်သတင်းစာမျက်နှာမှာ လန်ကျိုးအကောက်ခွန် ဌာနကို ကိုးကားကာ တန်ချိန် ၃၅၀ ရှိ အာလူးများ(ပိဿာ ၁သိန်း ၉ သောင်း ၅ထောင်ခန့်)ကို စစ်ဆေးပြီး မြန်မာဘက် ပို့လိုက်ပြီ ဆိုတဲ့ သတင်းကို ဖော်ပြထားပါတယ်။
ဒီသတင်းသာ မှန်ခဲ့မယ်ဆိုရင် ရှမ်းပြည်မှာ ရှိတဲ့ အာလူးစိုက် တောင်သူတွေအတွက် သတင်းဆိုးလို့ ဆိုရမှာဖြစ်ပြီး ပြည်တွင်းဈေးကွက်ကို မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ အလုံးချောချောလှလှ တရုတ်အာလူးကြီးတွေ ဝင်လာတော့မှာ ဖြစ်ပါ တယ်။
၁၉၈၈ ခုနှစ် နောက်ပိုင်းတုန်းကလည်း စစ်တပ်အစိုးရဟာ ဈေးကွက်စီးပွားရေးနဲ့ ပတ်သက်ပြီး သေချာရေရာတဲ့ ပြင်ဆင်မှုတွေ လုပ်မထားဘဲ နယ်စပ်ကုန်သွယ်ရေးကို ဖွင့်လိုက်တဲ့အတွက် တရုတ်ကြက်သွန်တွေ အထိန်းအကွပ်မရှိ ဝင်လာတာကြောင့် ပြည်တွင်းကြက်သွန်စိုက် တောင်သူတွေ ထိခိုက်ခဲ့ရပါတယ်။
လက်ရှိ မြန်မာ-တရုတ်ကုန်သွယ်ရေးကို ကြည့်ရင် မြန်မာက လယ်ယာနဲ့ စိုက်ပျိုးရေးထွက်ကုန် ဆန်၊ ဖရဲ၊ သခွားမွှေး၊ တစ်သျှူးငှက်ပျော၊ သရက်စတဲ့သီးနှံများနဲ့ ရေထွက်ကုန်တွေကို အဓိကထား တရုတ်ဖက်ကို တင်ပို့နေပြီး၊ အပြန်အလှန် တရုတ်ကလည်း မြန်မာကို လုပ်ငန်းသုံးကုန်ကြမ်း၊ လူသုံးကုန်၊ အဝတ်အထည်နဲ့ စားသောက်ကုန်တွေ တင်ပို့နေပါတယ်။
ဒါပေမယ့် ကိုဗစ်ကာလ တရုတ်ရဲ့ တင်းကျပ်စည်းမျဉ်းတွေ အောက်မှာ မြန်မာသစ်သီးဝလံတင်ပို့သူတွေဟာ မလူးသာမလွန့်သာ ဒုက္ခတွေ့ခဲ့ရပြီး ဖရဲသီး ကားစီးလုံးလိုက် လွှင့်ပစ်ရတာ၊ ရတဲ့ဈေးနဲ့ ရောင်းရတာ၊ နောက်နှစ် စိုက်ပျိုးဖို့ သင့်မသင့် စဉ်းစားရတာတွေ ဖြစ်နေတာဟာ အားလုံးအသိပါ။
အခုလိုအခြေအနေမျိုးမှာ တရုတ်အာလူးတွေသာ မြန်မာဈေးကွက်ကို ဝင်လာတာမှန်ရင် လယ်ယာသုံးစက်ကရိယာ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ဒီဇယ်ကအစ တရုတ်ကို အားထားနေရတဲ့ မြန်မာတောင်သူတွေအဖို့ ပြည်တွင်း ဈေးကွက်မှာ တရုတ်အာလူးကို ယှဉ်ပြိုင်ဖို့ မလွယ်လှပါဘူး။
မြေကြီးနဲ့ လုပ်အားသာ စိုက်ထုတ်နိုင်တဲ့ မြန်မာတောင်သူတွေအဖို့ မိမိတို့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ ဓားမိုးအုပ်ချုပ်နေတဲ့ စစ်တပ်ကို မတောင်းဆိုရဲ၊ အရဲစွန့်ဆန္ဒပြဖို့ဆိုတာကလည်း မဖြစ်နိုင်၊ ဒါ့ကြောင့် မိရိုးဖလာ တောင်သူလုပ်ငန်းကို စွန့်ကာ တရုတ်၊ ထိုင်း၊ မလေးရှား စတဲ့ ပြည်ပနိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်ဖို့ နည်းလမ်း ကိုသာ စဉ်းစားမယ့်သူ ထပ်မံများပြားလာဖွယ်ရှိပါတယ်။
ဒါကြောင့် တိုင်းပြည်ပတ်ကာ စိုက်ပျိုးရေးနိုင်ငံလို့ ကြွေးကြော်နေပေမယ့် တရုတ်က ဝင်လာတဲ့ အာလူးကို မကာကွယ်နိုင်တဲ့အတွက် “အာလူးလာ မပေးနဲ့ လေကိုနဲနဲလျော့” လို့သာ ဆိုလိုက်ချင်ပါတယ်။
You may also like these stories:
စစ်ကောင်စီနှင့် ဆက်ဆံရေးခိုင်မာစေရန် အိန္ဒိယက ဒီပါဝလီပွဲတော်ကို ခုတုံးလုပ်
ပြည်တွင်းခရီးသွားများကိုသာ မျှော်လင့်နေရသည့် မြန်မာ့ခရီးသွားလုပ်ငန်း
စစ်ကောင်စီက လျှပ်စစ်ရထားဆိုသော်လည်း အိမ်သုံးမီးပင် မှန်အောင် မပေးနိုင်
ASEAN ထိပ်သီးဆွေးနွေးပွဲတွင် ဟွန်ဆန်က အဖိုးတန်နာရီများ လက်ဆောင်ပေးမည်