သတင်း

စစ်ကောင်စီ မုဒိန်းကျင့်ခံရသူများ တိုင်ကြားရန် လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း

အနာဂတ် တရားစီရင် အရေးယူရာတွင် အထောက်အထား ရရှိစေရေးအတွက် စစ်ကောင်စီ၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူများအနေဖြင့် တိုင်ကြားမှုများ ပြုလုပ်ရန် မြန်မာမှ လူ့အခွင့်အရေးအုပ်စု ၂ ခုက တိုက်တွန်းလိုက်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် မြန်မာနိုင်ငံအမျိုးသမီးများ အဖွဲ့ချုပ် (WLB) တို့သည် လွန်ခဲ့သောအပတ် ဗုဒ္ဓဟူးနေ့တွင် ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူများကို ဂုဏ်သိက္ခာအပြည့်အဝဖြင့် ဖော်ထုတ်ပြီး စစ်ကောင်စီရာဇဝတ်မှုများကို မှတ်တမ်းတင်ရန် တိုက်တွန်းလိုက်သည်။

၂၀၂၁ ခုနှစ်၊ မေလက စစ်သားများနှင့် ရာဇဝတ်သားများ၏ အဓမ္မပြုကျင့်ခံရသော နိုင်ငံရေးအကျဉ်းသား တဦးကို အထက်ပါ လူ့အခွင့်အရေး အဖွဲ့ ၂ ဖွဲ့က ကိုးကားဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မှ ဆန္ဒပြပွဲများကို ဦးမဆောင်မီ ကိုကျော်ကျော်သည် ပထမနှစ် တက္ကသိုလ်ကျောင်းသား တဦးဖြစ်သည်။ သူသည် ငြိမ်းချမ်းသော လျှပ်တပြက် ဆန္ဒပြပွဲတခုတွင် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးတွင် ထိုင်ခုံတွင် ကြိုးဖြင့် ချည်နှောင်ကာ ရိုက်နှက်ခံရသည်။

စစ်ကောင်စီတပ်မှူးတဦးက သူ့ကို ပါးရိုက် ကန်ကျောက်ပြီး သူ၏လက်ချောင်းများကို ချိုးကာ လည်ပင်းတွင်လည်း ဓားဖြင့်တေ့ထားသည်။

နားအတွင်းသို့ စီးကရက်တလိပ် ထိုးသွင်းခံရပြီး အကြားအာရုံ ထာဝရ ပျက်စီးသွားသည်။

ကိုကျော်ကျော်သည် လိင်တူချစ်သူတဦးဖြစ်ကြောင်း သိသွားသောအခါ ၎င်းတို့က “မင်းနဲ့လိင်ဆက်ဆံချင်တဲ့ ရာဇဝတ်သားတွေ ရှိတယ်” ဟု ပြောကြားခဲ့သည်။

သူ့ကို လက်ထိပ်ခတ်ကာ အကျဉ်းပိတ်တိုက်တွင် ရာဇဝတ်သား ၃ ဦး၊ စစ်သား ၂ ဦးနှင့်အတူ ထားကြောင်း ကိုကျော်ကျော်က ပြောသည်။

ရာဇဝတ်သားများအနက်တဦးက သူ့ကို စအိုမှ အဓမ္မပြုကျင့်ပြီး သွေးထွက်သံယိုဖြစ်စေကာ အခြားလေးဦးက ၎င်းတို့အတွက် လိင်ပိုင်းဆိုင်ရာများ ပြုလုပ်စေရန် အတင်းအကျပ်စေခိုင်းခဲ့သည် ဟုဆိုသည်။

သူသည် နောက်တနေ့နံနက်တွင် ရွှေပြည်သာ စစ်ကြောရေးစခန်းသို့ ပို့ဆောင်ခံရသည်အထိ ထိုအခန်းတွင် အဓမ္မ ပြုကျင့်သူများနှင့်အတူ နေထိုင်ခဲ့ရသည်။

ထို့နောက် သူသည် နောက်ထပ် ၂ ရက် လူမဆန်သောနည်းများဖြင့် ဆက်လက် နှိပ်စက်ခံရသည်။ ထိုသို့ နှိပ်စက်နည်းများကို အခြားကိုယ်တိုင်ကြုံရသူများက AAPP နှင့် WLB သို့ ဖော်ပြခဲ့ပြီး ဖြစ်သည်။

ကိုကျော်ကျော်သည် ယခုအခါ ဘေးလွတ်ရာသို့ ရောက်ရှိနေပြီး တရားမျှတမှု တောင်းဆိုနေသည်။

“ဘာသာရေး၊ အသားအရောင်၊ လိင် မရွေး လူတိုင်းခံစားခွင့်ရှိတဲ့ အခွင့်အရေးတွေကို ကျနော်လိုချင်တယ်။ နိုင်ငံသား အားလုံးအတွက် ကောင်းမွန်တဲ့ ပညာရေးစနစ်နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ကျနော်လိုချင်တယ်” ဟု ကိုကျော်ကျော်က ပြောသည်။

AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က “လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့အခါ ပြည်သူတွေဟာ တရားမျှတမှုနဲ့ ဂုဏ်သိက္ခာနဲ့ ထိုက်တန်တယ်။ အနာဂတ် လွတ်လပ်တဲ့ ဖက်ဒရယ် မြန်မာမှာ သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံရမယ်ဆိုတာ စစ်ကောင်စီခေါင်းဆောင်တွေနဲ့ ကျူးလွန်သူတွေကို သိစေချင်တယ်” ဟု ပြောသည်။

တော်လှန်ရေးသည် အာဃာတတရားများနှင့် ခွဲခြားဆက်ဆံမှု အများအပြားကို ဖွင့်ချခဲ့ပြီး ယခုအခါ လူနည်းစုများနှင့် LGBT+ အခွင့်အရေးများကို ပိုမို အသိအမှတ်ပြုလာကြသည်ဟု AAPP မှ အခြားအတွင်းရေးမှူး တဦးဖြစ်သူ ကိုဘိုကြည်က ပြောသည်။

“အမျိုးသမီးတွေနဲ့ LGBT+ တွေကို တော်လှန်ရေးသမားတွေအဖြစ် ပိုမိုအသိအမှတ်ပြုလာကြတယ်။ အဓမ္မပြုကျင့်ခံရသူ အမျိုးသားတွေဟာ သူတို့အတွေ့အကြုံနဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ထုတ်ဖော်ပြောကြားပြီး အတားအဆီးတွေကို ကျော်လွှားနေကြတယ်” ဟု ကိုဘိုကြည်က ပြောသည်။

မြန်မာစစ်အုပ်စုသည် လိင်ပိုင်းအကြမ်းဖက်မှုများကို လက်နက်အဖြစ်အသုံးပြုပြီး ပြစ်ဒဏ်မှ ကင်းလွတ်နေသည်မှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်ကြောင်း WLB ပြောခွင့်ရသူ အမျိုးသမီးတဦးက ပြောသည်။

“အပြစ်ပေး အရေးယူမခံရဘဲ ဒီလိုရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေသမျှ ကျမတို့ လူ့အဖွဲ့အစည်းဟာ ဘယ်တော့မှ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရဘူး။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူတိုင်း တရားဥပဒေကို ရင်ဆိုင်ရမယ်၊ အရေးယူခံရမယ်၊ တာဝန်ခံမှု ရှိရမယ်” ဟု သူက ပြောသည်။

၁၉၈၈ ခုနှစ်နှင့် ၂၀၀၇ ကကဲ့သို့သော ဒီမိုကရေစီလိုလားသော အရေးတော်ပုံများမှ အမျိုးသားများ အပါအဝင် နိုင်ငံရေးအကျဉ်းသားများသည်လည်း အဓမ္မပြုကျင့်မှုများနှင့် အခြားပုံစံလိင်ပိုင်းဆိုင်ရာ ထိပါးမှုများကို ခံခဲ့ရကြောင်းလည်း သူက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း Frontier Myanmar မှ အမျိုးသား သတင်းသမားတဦးသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံရပြီးနောက် စစ်ကြောခံနေရစဉ် စစ်ကောင်စီစစ်သားများက ရိုက်နှက်ပြီး အဓမ္မပြုကျင့်ခဲ့သည်။

စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲရုံးနှင့် ထိုရုံးမှတပ်မှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စစ်ကြောရေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အဓိက တာဝန်ရှိသူဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမှ အမျိုးသမီးတဦးကိုလည်း စစ်ကောင်စီတပ်များက မသတ်ဖြတ်မီ အဓမ္မပြုကျင့်ခဲ့သည်ဟု သိရသည်။

သြဂုတ်လ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှ ကျေးရွာတရွာကို စီးနင်းတိုက်ခိုက်စဉ် စစ်သားများက အသက် ၂၅ နှစ်မှ ၄၀ အတွင်း အမျိုးသမီး ၆ ဦးကို အဓမ္မ ပြုကျင့်ခဲ့ကြသည်။

You may also like these stories:

ကလေးများကို ကယ်ရန် လာသည့် မိခင် စစ်ကောင်စီတပ်က မုဒိန်းကျင့်သတ်ဖြတ်ဟု ဆို

LGBT နိုင်ငံရေးအကျဉ်းသား တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရ

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အသရေဖျက်မှု စစ်ကောင်စီ ပစ်မှတ်ထားလုပ်နေ

ပေါက်တွင် စစ်တပ်က သားအမိ ၃ ဦးကို သတ်ဖြတ်ပြီး မိခင်ဖြစ်သူကို အဓမ္မပြုကျင့်

Loading