တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံသည် အာဏာသိမ်းမြန်မာစစ်ကောင်စီအား ပစ်မှတ်ကို အတိအကျ ပစ်ခတ်၍ မရသည့် တိုက်လေယာဉ်များ ရောင်းချထားကြောင်း မြန်မာစစ်ကောင်စီလေတပ်အကြောင်း လေ့လာနေသည့် သုတေသီများက ပြောသည်။
တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ ပူးပေါင်းထုတ်လုပ်ထားသော JF-17 Thunder ဘက်စုံသုံး တိုက်လေယာဉ်များသည် ထုတ်လုပ်မှု လုပ်ငန်းစဉ်နှင့် နည်းပညာ လိုအပ်ချက်များရှိနေသဖြင့် မြန်မာလေတပ်အတွက် အသုံးမချနိုင်ဘဲ အလှပြမောင်းရုံသာဖြစ်နေကြောင်း သုတေသီများက ဧရာဝတီသို့ ပြောသည်။
စတင်ဝယ်ယူချိန်ကမူ အဆိုပါ တိုက်လေယာဉ်သည် ကြားဖြတ်တိုက်ခိုက်ရေးနှင့် အပေါ့စား ဗုံးကြဲလေယာဉ်အဖြစ် အသုံးပြု၍ ရကြောင်း၊ ထိုမျှသာမက ဝေဟင်မှ ရေပြင်ကိုပါ တိုက်ခိုက်နိုင်သည့် အစွမ်းရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သော်လည်း လက်တွေ့တွင် အသုံးပြု၍ မရဟုဆိုသည်။
JF – 17 တိုက်လေယာဉ်များကို Pakistan Aeronautical Complex နှင့် တရုတ်နိုင်ငံ Chengdu Aerospace Corporation တို့ ပူးပေါင်း၍ အိန္ဒိယလေတပ်အား ချိန်ခွင်လျှာညှိနိုင်ရန် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

JF-17 တိုက်လေယာဉ်သည် တရုတ်နိုင်ငံထုတ်ပစ္စည်းများသာမက အခြားနိုင်ငံထုတ် လေယာဉ်ဆိုင်ရာပစ္စည်း ၊ နည်းပညာများဖြင့် ရောနှောပေါင်းစပ်ထားသည့် စပ်ကြားတိုက်လေယာဉ် ဖြစ်ကြောင်း တိုက်လေယာဉ်ဆိုင်ရာ ကျွမ်းကျင်သူများကဆိုသည်။
JF – 17 ကို အနောက်နိုင်ငံထုတ် လေကြောင်း ဆက်သွယ်ရေး၊ လမ်းကြောင်းပြမှုဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများနှင့် ရုရှားနိုင်ငံထုတ် Kalimov RD-93 အင်ဂျင်၊ တရုတ်နိုင်ငံထုတ် လေယာဉ်ကိုယ်ထည်တို့ဖြင့် ပေါင်းစပ် တည်ဆောက်ထားကြောင်း စစ်ကောင်စီလေတပ်အကြောင်း လေ့လာနေသည့် သုတေသီများထံမှ သိရသည်။
JF-17 တိုက်လေယာဉ်သည် ဝေဟင်ပစ် တာလတ် ပဲ့ထိန်းဒုံး၊ ဝေဟင်ပစ် တာတို ပဲ့ထိန်းဒုံး ၊ ၈၀ မီလီမီတာ ရော့ကတ်များ ၊ ၂၄၀ မီလီမီတာ ရော့ကတ်များ နှင့် ပေါင် ၅၀၀ ဗုံးများ တပ်ဆင် အသုံးပြုနိုင်သည်။
သို့သော်လည်း အဆိုပါ တိုက်လေယာဉ်တွင် တပ်ဆင်ထားသည့် တရုတ်နိုင်ငံထုတ် JF-7 ရေဒါသည် စစ်ဆင်ရေးဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်မတိကျမှုများနှင့် ပြုပြင်ထိန်းသိမ်းရခက်ခဲသည့် ပြဿနာများ ကြုံနေရကြောင်း သုတေသီများက ဆိုသည်။
အဓိက ပြဿနာမှာ တိုက်လေယာဉ်တွင် တပ်ဆင်ထားသည့် လေကြောင်းဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများအား ထိန်းချုပ်သော ကွန်ပျူတာသည် ဒုံးကျည်ပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်ခြင်းများအတွက် မှားယွင်း တွက်ချက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သုတေသီတဦးက ရှင်းပြသည်။
မြန်မာလေတပ်သည် တရုတ်နိုင်ငံမှ JF-17 တိုက်လေယာဉ် ဝယ်ယူနိုင်ရန် ၂၀၁၆ ခုနှစ်အစောပိုင်းတွင် စာချုပ်ချုပ်ဆိုခဲ့ပြီး ကမ္ဘာပေါ်တွင် JF-17 ကို ပထမဆုံးဝယ်ယူသည့် ပြင်ပနိုင်ငံ ဖြစ်လာသည်။
လက်ရှိပေါက်ဈေးအရ တစီးလျှင် အမေရိကန်ဒေါ်လာ ၂၅ သန်း တန်ကြေးရှိသည့် JF-17 တိုက်လေယာဉ် ၁၆ စီး ဝယ်ယူရန် စီစဉ်ထားပြီး ၂၀၁၈ ခုနှစ်တွင် JF-17 တိုက်လေယာဉ် ၆ စီးကို မြန်မာလေတပ်က ပထမဆုံးအကြိမ် လက်ခံရရှိခဲ့သည်။ ကျန်ရှိသည့် ၁၀ စီးနှင့် ပတ်သက်၍မူ အသေးစိတ် မသိရသေးပေ။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပစ်ခတ်မရသည့် JF-17 တိုက်လေယာဉ် ၄ စီးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် (မိတ္ထီလာ-ရှမ်းတဲ) ၌ သပြေခတ်ဖြင့် ရေစင်ဖြန်းကာ တပ်တော်ဝင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်၊ တပ်မတော်(လေ) ၇၂နှစ်ပြည့်တွင် JF-17 ၂ စီး ထပ်မံ တပ်တော်ဝင်ခဲ့သည်။
JF-17 တိုက်လေယာဉ်များ ဝယ်ယူထားသည်မှာ ၄ နှစ်ခန့်ကြာလာပြီဖြစ်သော်လည်း အတိအကျ ပစ်ခတ်၍ မရသဖြင့် အာဏာသိမ်းစစ်ကောင်စီသည် မြန်မာပြည်တွင်း လက်နက်ကိုင် တော်လှန်သူများအား လေကြောင်းမှတိုက်ခိုက်ရာတွင် ရုရှားနိုင်ငံထုတ် Yak-130 တိုက်လေယာဉ်၊ MIG-29 တိုက်လေယာဉ် နှင့် တရုတ်နိုင်ငံထုတ် K-8 တိုက်လေယာဉ်များကိုသာ အသုံးပြုနေရကြောင်း မြန်မာသုတေသီများက ဆိုသည်။
မြန်မာ့ လေတပ်ရှိ ဂျက်လေယာဉ်၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များအားလုံးသည် တရုတ်နှင့် ရုရှားနိုင်ငံထုတ်များ ဖြစ် သည်။
မြန်မာလေတပ်သည် ငွေကြေးအမြောက်အများသုံးစွဲကာ ပစ်ခတ်မရသည့် တိုက်လေယာဉ်များ အား တရုတ်နှင့် ပါကစ္စတန်ထံမှ ဝယ်ယူလိုက်ရသော်လည်း တိုက်လေယာဉ်အရောင်းအဝယ် ဖြစ်မြောက်ရန် ကြားခံဆောင်ရွက်ပေးသည့် မြန်မာလက်နက်ပွဲစား ဒေါက်တာနိုင်ထွဋ်အောင်ကမူ လေယာဉ်အရောင်းအဝယ်မှတဆင့် ဒေါ်လာသန်းနှင့်ချီ အမြတ်ရသွားကြောင်း ဧရာဝတီက စုံစမ်းသိရသည်။
တပ်မတော်(လေ)တွင် ပထမဆုံး အသုံးပြုခဲ့သည့် Tiger Moth လေယာဉ် အမျိုးအစားမှစပြီး အသံထက်မြန်သည့် ဂျက်တိုက်လေယာဉ်များ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ တိုက်ခိုက်ရေးနှင့် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ စသည့် ခေတ်မီ မျိုးဆက်သစ် လေယာဉ်၊ ရဟတ်ယာဉ်များစွာကို ဝယ်ယူဖြည့်တင်းပေးနိုင်ခဲ့ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်က ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သော တပ်မတော်(လေ) ၇၂ နှစ်ပြည့်အခမ်းအနားတွင် ပြောကြားခဲ့သည်။
You may also like these stories:
တပ်တော်ဝင် လေယာဉ်သစ်များကြောင့် ဒေသတွင်း၌ အင်အားရှိလာဟု ဆို
လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၁)
လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၂)