အမေရိကန်နှင့် တရုတ်သမ္မတများဖြစ်သော ဂျိုးဘိုင်ဒင်နှင့် ရှီကျင့်ဖျင်တို့သည် ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံသည့် တနင်္လာနေ့ ညနေ ဆွေးနွေးပွဲတွင် ၃ နာရီကြာ တွေ့ဆုံသည်။ ကမ္ဘာ့ရေးရာများတွင် ပူးပေါင်းလုပ်ဆောင်ရန် ကတိပြုကြသော်လည်း ထိုင်ဝမ်နှင့် ပတ်သက်သော လက်မခံနိုင်သည့် အချက်များကိုလည်း ပြောကြသည်။
“ကျနော်တို့နှစ်နိုင်ငံ ကိုင်တွယ်ဖြေရှင်းဖို့ အခွင့်အလမ်း အများအပြားရှိတဲ့အတွက် ခင်ဗျားနဲ့ ကျနော့်ကြားမှာ သာမက အစိုးရအဆင့် အသီးသီးမှာပါ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားဖို့ ကျနော် ကတိကဝတ်ပြုတယ်” ဟု မစ္စတာ ဘိုင်ဒင်က အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ပြောသည်။
ရာသီဥတုပြောင်းလဲမှုနှင့် စားနပ်ရိက္ခာဖူလှုံရေး အပါအဝင် ကမ္ဘာ့ပြဿနာ အများအပြားကို နှစ်နိုင်ငံတကူတကွ ကိုင်တွယ်ဖြေရှင်းရန် ကမ္ဘာက မျှော်လင့်နေကြောင်း ပြောကြားပြီးနောက် အမေရိကန် သမ္မတက “ခင်ဗျား ဆန္ဒရှိရင် အမေရိကန် ပြည်ထောင်စုက ခင်ဗျားနဲ့အတူ အလုပ်လုပ်ဖို့ အသင့်ပဲ” ဟု ပြောသည်။
မစ္စတာ ရှီကလည်း ယခင်မကြုံဖူးသည့် အပြောင်းအလဲများ ဖြစ်နေကြောင်းနှင့် ကမ္ဘာသည် လမ်းဆုံလမ်းခွ ရောက်နေကြောင်း ပြောကြားသည်။ တရုတ်-အမေရိကန် ဆက်ဆံရေး အခြေအနေသည် လွန်စွာအရေးပါသည့် အခြေအနေဖြစ်နေပြီး နှစ်နိုင်ငံ၏ အခြေခံအကျိုးစီးပွားအတွက် အကျိုးမရှိကြောင်းပြောပြီး နိုင်ငံတကာ အသိုက်အဝန်းကလည်း ထိုသို့မျှော်လင့်မထားကြောင်း ပြောသည်။
“အဓိကကျတဲ့ နိုင်ငံနှစ်နိုင်ငံ ခေါင်းဆောင်တွေအနေနဲ့ အမေရိကန်-တရုတ် ဆက်ဆံရေး လမ်းကြောင်းမှန်ကို ကျနော်တို့ ရှာဖို့ လိုတယ်” ဟု မစ္စတာရှီက ပြောသည်။
ယခုဆွေးနွေးပွဲသည် အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စ နန်စီပေလိုစီ ထိုင်ဝမ်သို့ သွားရောက်ပြီးနောက်ပိုင်း သမ္မတ ဘိုင်ဒင်နှင့် သမ္မတ ရှီအကြား ပထမဆုံး ဆွေးနွေးပွဲဖြစ်သည်။ မစ္စ ပေလိုစီ ထိုင်ဝမ်သို့ သွားရောက်သောကြောင့် ထိုင်ဝမ်ကျွန်းပတ်ဝန်းကျင်တွင် တရုတ်က ကြီးမားသော စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သည်။ ယခုထိပ်သီး ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ မစ္စ ပေလိုစီ၏ ခရီးစဉ်ကြောင့် ပြတ်တောက်သွားသော ဆက်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်ထားရန် ဖြစ်သည်။
သို့သော် ထိုသို့လုပ်ရန်အတွက် တဘက်စီသည် အရေးပါသော ပြဿနာများတွင် မည်သို့ ရပ်တည်သည်ကို ဦးစွာပြောကြားကြသည်။
အစည်းအဝေးအပြီး အိမ်ဖြူတော်က ထုတ်ပြန်ချက်တွင် သမ္မတ ဘိုင်ဒင်က ထိုင်ဝမ်ရေလက်ကြားတွင်သာမက ပိုမိုကျယ်ပြန့်သော ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှု ထိခိုက်ပြီး ကမ္ဘာ့ကြွယ်ဝချမ်းသာမှုကို အန္တရာယ် ကျရောက်စေမည့် တရုတ်က ထိုင်ဝမ်ကို အတင်းအကျပ်လုပ်ပြီး ပိုမိုရန်လိုလာသည့် သဘောထားကို လက်မခံကြောင်း ပြောသည်ဟု ဖော်ပြသည်။
သို့သော် အမေရိကန် သမ္မတသည် ၎င်းတို့၏ တရုတ်တနိုင်ငံတည်းမူကို အသေးစိတ်ပြောကြားပြီး တရုတ်၏ တနိုင်ငံတည်းရှိသည်ဆိုသည့်မူကို အသိအမှတ်ပြုကြောင်း၊ မပြောင်းလဲကြောင်း ပြောသည်။
တဘက်ဘက်က တဘက်သတ် ပြောင်းလဲခြင်းကို ဆန့်ကျင်ကြောင်းလည်း သူကပြောကြားပြီး ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းခြင်းသည် ကမ္ဘာအတွက် အကျိုးရှိကြောင်း ၎င်းကပြောသည်။
တချိန်တည်းတွင် သမ္မတ ရှီကလည်း ထိုင်ဝမ်ပြဿနာသည် တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားများတွင် အဓိက အကျဆုံးဖြစ်ကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေး အခြေခံဖြစ်ကြောင်းနှင့် အထိမခံနိုင်သည့် ပထမဆုံး အနီရောင်စည်းဖြစ်ကြောင်း ပြောသည်ဟု ဆင်ဟွာသတင်းက ဖော်ပြသည်။
တရုတ်က ထိုင်ဝမ်ကို အင်အားသုံးသိမ်းယူမည်ဟု ထင်ပါသလားဟာ တနင်္လာနေ့ ညနှောင်းပိုင်းတွင် သတင်းထောက်များက မေးသောအခါ သမ္မတ ဘိုင်ဒင်က “တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ဖို့ လတ်တလော အားထုတ်မှု မရှိသေးဘူးလို့ ကျနော်ထင်တယ်” ဟု ဖြေသည်။
ထိုကြေညာချက်တွင် မြောက်ကိုရီးယားနှင့် ပတ်သက်ပြီး သမ္မတ ဘိုင်ဒင်က ထိုနိုင်ငံ၏ ရန်စသော လုပ်ရပ်များအတွက် စိုးရိမ်ကြောင်း ပြောကြားပြီး နိုင်ငံတကာ အသိုက်အဝန်းအဖွဲ့ဝင် အားလုံးသည် ပြုံယမ်းအနေဖြင့် တာဝန်သိသိ ပြုမူဆောင်ရွက်ရန် အားပေးကြောင်း ပြောသောကြောင့် ဘေဂျင်းအနေဖြင့် ကိုယ့်အိမ်နီးချင်းကို ကိုယ်ထိန်းရန် သတိပေးလိုက်သည်။
သတင်းစာရှင်းလင်းပွဲနောက်ပိုင်းတွင် သမ္မတ ဘိုင်ဒင်က တရုတ်သည် မြောက်ကိုရီးယားအပေါ် သြဇာ ရှိ မရှိ သူမသိကြောင်း ဝန်ခံသည်။ “တရုတ်က မြောက်ကိုရီးယားကို ထိန်းနိုင်လား၊ မထိန်းနိုင်ဘူးလား ကျနော် သေသေချာချာ မသိဘူး” ဟု ပြောသည်။
“မြောက်ကိုရီးယားအနေနဲ့ နောက်ထပ် တင်းမာမှုမြင့်မားအောင် လုပ်တာမျိုးကို တရုတ်က မျှော်လင့်မထားတာတော့ သေချာတယ်” ဟု သမ္မတ ဘိုင်ဒင်က ပြောသည်။
နျူကလီးယားလက်နက်များ အသုံးပြုခြင်းကို ဆန့်ကျင်ကြောင်း သမ္မတ ရှီက ထပ်မံပြောကြားခြင်း ရှိ မရှိ အများအပြားက စောင့်ကြည့်နေကြသည်။ သမ္မတ ရှီက နျူကလီးယားလက်နက် အသုံးပြုခြင်းကို ဆန့်ကျင်ကြောင်း မကြာသေးမီက ဂျာမန်ဝန်ကြီးချုပ် အိုလက် ရှို့လ်ဇ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ အိမ်ဖြူတော်၏ ကြေညာချက်အရ သမ္မတ ဘိုင်ဒင်နှင့် သမ္မတ ရှီတို့သည် နျူကလီးယားစစ်ကို မည်သည့်အခါတွင်မျှ မတိုက်သင့်ကြောင်း ထပ်မံ ပြောကြားကြပြီး ယူကရိန်းတွင် နျူကလီးယားလက်နက် သုံးရန် ခြိမ်းခြောက်ခြင်းကို ဆန့်ကျင်ကြောင်း ပြောကြသည်။
မဟာအင်အားကြီး နှစ်နိုင်ငံခေါင်းဆောင်များသည် သမ္မတ ရှီ တည်းခိုသည့် ဟိုတယ်တွင် တွေ့ဆုံခြင်းဖြစ်သည်။ ထိုသို့ တွေ့ဆုံခြင်းသည် နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံသည့် အစဉ်အလာအတိုင်း ဖြစ်သည်။ ရာထူးတာဝန် ထမ်းဆောင်နေသည်မှာ ၁၀ ကြာပြီဖြစ်သော တရုတ်ခေါင်းဆောင်သည် အမေရိကန် ခေါင်းဆောင်သစ်နှင့် တွေ့သောအခါ အိမ်ရှင်အဖြစ် တာဝန်ယူရသည်မှာ အစဉ်အလာ လုပ်ထုံးလုပ်နည်း ဖြစ်သည်။
သို့သော် အစဉ်အလာနှင့် မညီသည်မှာ လက်ဆွဲနှုတ်ဆက်စဉ် သမ္မတ ဘိုင်ဒင်သည် လက်ဝဲဘက်တွင် ရပ်နေခြင်းဖြစ်သည်။ လက်ဝဲဘက်တွင် အိမ်ရှင်ကသာ ရပ်ရသည်။ သမ္မတ ရှီက ဧည့်သည်အနေအထားဖြင့် လက်ယာဘက်တွင် ရပ်ပြီး လက်ဆွဲနှုတ်ဆက်သည်။ သမ္မတ ဘိုင်ဒင်က သမ္မတ ရှီထံသို့ လာရောက်ပေးခြင်းအတွက် အပြန်အလှန် တန်ဖိုးထားသည့် သဘောထားကို ဖော်ပြခြင်းဖြစ်သည်။
သမ္မတ ဘိုင်ဒင်နှင့် သမ္မတ ရှီတို့ လက်ဆွဲနှုတ်ဆက်ခြင်းသည် ၂၀၁၁ ခုနှစ်က ၎င်းတို့ ဒုတိယ သမ္မတများအဖြစ် ဆက်ဆံခဲ့သည့် ဆက်ဆံရေးကို ပြန်လည် အသက်သွင်းပေးခြင်း ဖြစ်သည်။ တရုတ်ခေါင်းဆောင်နှင့် သူ့အကြား ဆက်ဆံရေး သမိုင်းရှိကြောင်းနှင့် ညှိနှိုင်းဆောင်ရွက်ရန် ထူးခြားသော အနေအထားရှိကြောင်း သမ္မတ ဘိုင်ဒင်က အကြိမ်ကြိမ် ပြောခဲ့ဖူးသည်။ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းဝင် နိမ့်ကျနေသောကြောင့် သူ၏ပြောကြားချက် မှန် မမှန် စောင့်ကြည့်ရမည်ဖြစ်သည်။
၎င်းတို့ နှစ်ဦးသည် ကာလရှည်ကြာသော ဆက်ဆံရေးကို ၎င်းတို့၏ အဖွင့်မိန့်ခွန်းများတွင် ထည့်သွင်းပြောကြားသည်။ သမ္မတ ဘိုင်ဒင်က ၎င်းတို့ တွေ့ဆုံခဲ့သည့် ထုံးစံအတိုင်း ပွင့်လင်းရိုးသားသော ဆွေးနွေးမှုများကို မျှော်လင့်ကြောင်း ပြောသည်။
သမ္မတ ရှီက “ကျနော်တို့ ဒီနေ့ဆွေးနွေးပွဲမှာ တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် သေနင်္ဂဗျူဟာ အရေးပါတဲ့ ပြဿနာတွေနဲ့ အဓိက ကမ္ဘာနဲ့ဒေသတွင်း ပြဿနာတွေကို ထုံးစံအတိုင်း ပွင့်လင်းနက်ရှိုင်းစွာ ခင်ဗျားနဲ့ အမြင်ဖလှယ်တယ်” ဟု ပြောသည်။
ခေါင်းဆောင်နှစ်ဦးသည် အစည်းအဝေးခန်းသို့ ညနေ ၅ နာရီ မိနစ် ၄၀ တွင် ဝင်သည်။ အစည်းအဝေးပြီးသောအခါ ည ၈ နာရီ ၄၈ မိနစ်ရှိနေပြီ ဖြစ်သည်။
ထိုအစည်းအဝေး၏ ရည်ရွယ်ချက်မှာ နားလည်မှု လွဲမှားနေသည်များကို လျှော့ချရန်ဖြစ်ကြောင်း သမ္မတ ဘိုင်ဒင်က ပြောသည်။
“ခေါင်းဆောင်တွေနဲ့ အထူးသဖြင့် ရှီနဲ့တွေ့တဲ့အခါ ကျနော်က ပြောသလို လုပ်ပြီး လုပ်သလို ပြောတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ ဒါကြောင့်မို့ နားလည်မှုလွဲစရာ မရှိဘူး” ဟု သမ္မတ ဘိုင်ဒင်က ပြောကြားပြီး သူ အစိုးရိမ်ဆုံးကိစ္စမှာ တဘက်နှင့်တဘက် ရည်ရွယ်ချက်နှင့် လုပ်ရပ်များ နားလည်မှု လွဲခြင်းဖြစ်ကြောင်းလည်း ပြောသည်။
သမ္မတ ရှီသည် ယခင်ထုံးစံအတိုင်း လိုရင်းကိုသာ ပြောကြောင်း သမ္မတ ဘိုင်ဒင်က ပြောသည်။
“ကျနော်တို့ တယောက်နဲ့တယောက် နားလည်တယ်လို့ ထင်တယ်။ ဒါက ကျနော်တို့အတွက် အရေးအကြီးဆုံးပဲ” ဟုလည်း သမ္မတ ဘိုင်ဒင်က ပြောသည်။
ထိုဆွေးနွေးပွဲတွင် ပူးတွဲကြေညာချက် သို့မဟုတ် ကတိကဝတ် အသေးစိတ်များကို ထုတ်ပြန်မည်ဟု မမျှော်လင့်နိုင်ပေ။ ဆက်ဆံရေး အခြေခံတည်ဆောက်ရေးနှင့် ယှဉ်ပြိုင်မှုကို ထိန်းချုပ်မရသည့် ပဋိပက္ခ မဖြစ်စေရန် လုပ်ဆောင်ခြင်းသာ ဖြစ်သည်။
ကိုးကား။ ။ Nikkei Asia သတင်း Biden, Xi lay out red lines on Taiwan to avoid misunderstanding
You may also like these stories:
မြန်မာနှင့် တောင်တရုတ်ပင်လယ်အရေး အာဆီယံကို အကူအညီ ပိုပေးရန် ဘိုင်ဒင်ကတိပြု
အမေရိကန် မပါဘဲ တရုတ်ကို ထိုင်ဝမ် မည်သို့ ခံတိုက်နိုင်သနည်း
ပေလိုစီခရီးစဉ် ၁၂ ရက်အကြာ ကန်ကွန်ဂရက်အမတ်များ ထိုင်ဝမ်ထပ်လာ
ပေလိုစီ၏ ထိုင်ဝမ်ခရီးက သမ္မတ ရှီ အာဏာတည်မြဲရေး နောက်ဆုံးစာမေးပွဲဖြစ်နေ