ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်း အဝေး ကာလအတွင်း နိုင်ငံအနှံ့ လုံခြုံရေးတင်းကျပ်ထားသဖြင့် မြန်မာများ လူစုလူဝေးနှင့် လှုပ်ရှားဆောင်ရွက်မှုများတွင် မပါဝင် ရန် အာဏာပိုင်တို့က သတိပေးထားကြောင်း အလုပ်သမားရေးဆောင်ရွက်သူများထံမှ သိရသည်။
အေပက်စ်အစည်းအဝေးကို နိုဝင်ဘာလ ၁၆ ရက်မှ ၁၉ ရက်နေ့အထိ ဘန်ကောက်မြို့တွင် ကျင်းပမည် ဖြစ်ရာ ထိုကာလ အတွင်း ထိုင်းဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊ အတိုက်အခံများ၊ အလုပ်သမားရေးနှင့် အမျိုးသမီးရေး တက်ကြွ လှုပ်ရှားသူများစသည့် အဖွဲ့များက ဆန္ဒပြရန် တောင်းဆိုနေရာ၊ ထိုင်းအစိုးရက အေပက်စ်အစည်းအဝေးနှင့် သက်ဆိုင် သည့်နေရာများတွင် ဆန္ဒပြခွင့်ပြုမည်မဟုတ်သလို လုံခြုံရေးကိုလည်း ထပ်မံတင်းကျပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထား ပြီးဖြစ်သည်။
ဘန်ကောက်အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က“ကျနော့် ကိုတော့ အဆင့်ဆင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေက လာပြောထားပါတယ်။ အတတ်နိုင်ဆုံး ဘန်ကောက်မြို့ကို လူစု လူဝေးနဲ့ သွားတာမျိုးတွေ ရှောင်ရှားဖို့ ပြောတာတွေရှိပါတယ်။ သူတို့နိုင်ငံတော်အတွက် အရေးကြီးတဲ့ပွဲကြီးလည်း ဖြစ်နေ တော့။ မဟာချိုင်ဒေသမှာရှိတဲ့ အလုပ်သမားတွေ စုဝေးပြီးတော့ နိုင်ငံရေးအရ ပါဝင်လှုပ်ရှားတာ ပူးပေါင်းတာတွေ မလုပ် ပါနဲ့ ဒါမျိုးကို ပြောတာပါ” ဟု ပြောသည်။
ထို့ပြင် ထိုင်းနိုင်ငံအတွင်း နေထိုင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်နေသူတချို့ကိုလည်း အာဏာပိုင် များက စောင့်ကြည့်ခြင်း၊ ခရီးသွားလာခြင်းမပြုရန် တားမြစ်ခြင်းများ ပြုလုပ်ထားကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံတွင် လုံခြုံရေးအကြောင်းပြ ဖမ်းဆီးမှုများ နေ့စဉ်လိုလိုရှိနေပြီး မဲဆောက်မြို့တွင်လည်း တနေ့လျှင် မြန်မာလူမျိုး ၇၀ ဦးခန့်မှာ အကြောင်းအရင်းမျိုးစုံဖြင့် ဖမ်းဆီးခံနေရကြောင်း မဲဆောက်အခြေစိုက် မြန်မာပြည် သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဆိုသည်။
“မဲဆောက်အပါအဝင် နယ်စပ်မှာ ည ၉နာရီကျော်အပြင်ထွက်တဲ့ မြန်မာတွေ လမ်းပေါ်မှာ နေခင်းကြောင်တောင်သွားနေတဲ့ မြန်မာတွေကို မူးယစ်ဆေးဝါးအပါအဝင် တခြားစာရွက်စာတမ်း အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးနေတာ တနေ့ကို ၇၀ လောက်ရှိတယ်” ဟု ၎င်းကပြောသည်။
ယခုရက်ပိုင်း ဘန်ကောက်မြို့သို့ သွားလာမည့်သူများနှင့် နယ်မြေဖြတ်ကျော်မည့်သူများ အနေဖြင့် အထောက်အထား အပြည့်အစုံ ယူသွားကြရန်နှင့် သတိနှင့် သွားလာကြရန် အလုပ်သမားရေးလှုပ်ရှားသူများက သတိပေးထားသည်။
ဘန်ကောက်ရှိ မြန်မာသံရုံးကလည်း အေပက်စ်အစည်းအဝေး ကျင်းပမည့် ရက်များအတွင်း ထိုင်းလုံခြုံရေးတပ်ဖွဲ့များက ဘန်ကောက်မြို့တွင်းလုံခြုံရေးအတွက် လေဆိပ်၊ ရေဆိပ်၊ အဝင်အထွက်ဂိတ်များ အပါအဝင် နေရာအနှံ့အပြားတွင် တင်း ကျပ်ထားမည်ဖြစ်သဖြင့် ပြစ်မှုတစုံတရာ ကျူးလွန်မှု မဖြစ်စေရန်နှင့် အစည်းအဝေး ကျင်းပမည့် ကာလအတွင်း သတ်မှတ် စည်းကမ်းနှင့်အညီ သွားလာနေထိုင်ကြရန် နိုဝင်ဘာလ ၈ရက်နေ့က သတိပေးထုတ်ပြန်ထားသည်။
ဦးအောင်ကျော်က “တားမြစ်တယ်ဆိုတာကလည်း သူတို့အလုပ်ပဲ။ ကျန်တဲ့ထိုင်းနိုင်ငံရေးသမားတွေကလည်း သူတို့ ဘာသာ လုပ်စရာရှိတာကို လုပ်မယ်ကြေညာထားတယ်ဆိုတော့ မြန်မာလူမျိုးတွေကလည်း ကိုယ့်ကိုယ်ကိုယ် အကုန်လုံးနဲ့ အဆင်ပြေအောင် လက်ရှိ ပကတိအခြေအနေနဲ့ ကိုယ့်အန္တရာယ်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး နေကြဖို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
ထိုင်း လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ကလည်း လေဆိပ်များတွင် စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေပြီး မြန်မာနိုင်ငံသား အချို့ကို အထောက်အထားမပြည့်စုံသည့် အကြောင်းပြချက်ဖြင့် ပြည်ဝင်ခွင့်မပေးဘဲ ပြန်လွှတ်နေခြင်းများ ရှိခဲ့သည်.
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် (၂၉) ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC ) ထိပ်သီးအစည်းအဝေးသို့ ကမာ္ဘ့ထိပ်သီးခေါင်းဆောင်တချို့ လာရောက်မည်ဖြစ်ရာ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ သြစတြေးလျ ဝန်ကြီးချုပ်၊ ဘရူနိုင်းဘုရင်၊ ကနေဒါဝန်ကြီးချုပ်၊ ဂျပန်ဝန်ကြီးချုပ်၊ အင်ဒိုနီးရှားသမ္မတ၊ ချီလီသမ္မတ၊ ပီရူးသမ္မတ၊ ဖိလစ်ပိုင် သမ္မတ၊ ဗီယက်နမ်သမ္မတ၊ နယူးဇီလန်၊ ပါပူအာနယူးဂီနီ၊ စင်ကာပူဝန်ကြီးချုပ်များ၊ ထို့အပြင်အဖွဲ့ဝင်မဟုတ်သော ကမ္ဘောဒီးယား ဝန်ကြီးချုပ်၊ ပြင်သစ်သမ္မတ၊ ဆော်ဒီအာရေးဗီးယား ဝန်ကြီးချုပ်တို့လည်း တက်ရောက်မည်ဟု သိရသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ရုရှားသမ္မတ ပူတင်တို့ ယခု အေပက်စ်အစည်းအဝေးကို တက်ရောက်မည်မဟုတ် ကြောင်း သိရသည်။
You may also like these stories:
မြန်မာနှင့် တောင်တရုတ်ပင်လယ်အရေး အာဆီယံကို အကူအညီ ပိုပေးရန် ဘိုင်ဒင်ကတိပြု
မြန်မာကို အာဆီယံ လတ်တလောအတိုင်း ဆက်ထားဦးမည်
မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံ ထိပ်သီး အစည်းအဝေးသို့ မဖိတ်