ကရင်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ်ရေးကော်မတီက ဦးဆောင်ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ကရင်လက်နက်ကိုင် ၄ ဖွဲ့ကြား ပြန်လည်ပေါင်းစည်းရေးနှင့် ပတ်သက်၍ သဘောတူညီချက် ရခဲ့ခြင်း မရှိကြောင်း ယင်းပွဲကို တက်ရောက်ခဲ့သည့် ကရင်လက်နက်ကိုင် အဖွဲ့အချို့က ဆိုသည်။
ဒေသခံလူထုပါတက်ရောက်သည့် အဆိုပါတွေ့ဆုံပွဲကို ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၇) နယ်မြေ ဖြစ်သည့် လှိုင်းဘွဲ့မြို့နယ် တကောကျေးရွာ၌ နိုဝင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲသို့ KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ ဦးဆောင်သည့် ခေါင်းဆောင်များ တက်ရောက်ပြီး စစ်ကောင်စီ ဩဇာခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ဥက္ကဋ္ဌ ဗိုလ်ချုပ်စောထွန်းလှိုင် တက်ရောက်သည်။
ထို့အပြင် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA (PC) ၏ ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) မှ ဒုတိယတန်းခေါင်းဆောင်များ နှင့် KNU တပ်မဟာ ၇ နယ်မြေထဲမှ ကရင်ပြည်သူလူထု ၁၅၀၀ ခန့်လည်း ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြောင်း သိရသည်။
DKBA၊ KNLA (PC) နှင့် BGF တို့သည် KNU မှ ခွဲထွက်ထားသည့် လက်နက်ကိုင်အဖွဲ့များဖြစ်ပြီး BGF သည် စစ်ကောင်စီတပ်၏ လက်အောက်ခံအဖွဲ့ဖြစ်ကာ DKBA နှင့် KNLA (PC) တို့သည် အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် အဖွဲ့များလည်း ဖြစ်သည်။
ယခု တွေ့ဆုံပွဲသည် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပြီးနောက် ကရင်လက်နက်ကိုင် ၄ ဖွဲ့ ပူးပေါင်း၍ လူထုနှင့် တွေ့သည့် ပထမဆုံး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်သည်။
ဆွေးနွေးပွဲတွင် KNU က ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် KNU ၏ နိုင်ငံရေးဦးဆောင်မှုကို မဏ္ဍိုင်ပြုလျက် ပြန်လည်ပူးပေါင်းရန် တိုက်တွန်းခဲ့ကြောင်း KNU ထုတ်ပြန်ချက်အရ သိရသည်။
KNU က မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်သွားပြီဟု ဆိုထားသည်။
ထို့ပြင် စစ်ကောင်စီသည် ၂၀၂၃ တွင် တရားဝင်မှုရနိုင်ရန် ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်နေပြီး KNU အနေဖြင့် ဒီမိုကရေစီကျင့်စဉ်ကို လက်ခံသော်လည်း အာဏာရှင်ကို တရားဝင် ဖြစ်စေမည့် ဆောင်ရွက်မှုများကို အားမပေးကြောင်း ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
အစည်းအဝေးတွင် ကရင်ပြည်သူလူထုက နေရပ်စွန့်ခွာ ထွက်ပြေးရမည်ကို စိုးရိမ်သောကြောင့် စစ်ပွဲများ မကျယ်ပြန့်စေရေး ပြောဆိုတင်ပြကြကြောင်း ကရင်လက်နက်ကိုင်အဖွဲ့များထံမှ သိရသည်။
လူထု၏ တင်ပြမှုနှင့် ပတ်သက်၍ KNU ခေါင်းဆောင်များက ၁၉၄၈ ခုနှစ်တွင် ကရင်အမျိုးသား (၄) သိန်းကျော် ပြည်တွင်းစစ် အလိုမရှိဟု ဆန္ဒပြခဲ့သော်လည်း ဖဆပလ အစိုးရမှ ဖြေရှင်းခဲ့မှု မရှိသဖြင့် လက်နက်ကိုင်တိုက်ပွဲ ပေါ်ပေါက် လာခဲ့ရခြင်း ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းခဲ့သည်။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “လူထု လိုချင်တာက မပြေးရမလွှားရရေးအတွက်ပဲ။ သို့သော်လည်း တဖက်က စစ်ဆင်လာမယ်ဆိုရင် ကျနော်တို့ လက်အောက်မှာရှိတဲ့ တပ်တွေက ဒီအတိုင်း ထိုင်ကြည့်တော့မှာ မဟုတ် ဘူးလေ။ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်ဆိုတာ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည် ဖော်နေကတည်း က ကျနော်တို့ရဲ့ ဗဟိုကော်မတီ ဆုံးဖြတ်ချက် ဖြစ်တယ်။ ကျနော်တို့ကတော့ စစ်မလိုလားပါဘူး။ ဒါပေမဲ့ ကျနော်တို့ကို စစ်ဆင်လာရင်တော့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိတဲ့အတွက် ဒါကတော့ ဖြစ်သွားမှာပေါ့” ဟု ဆိုသည်။
KNU/KNLA (PC) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်ကမူ ဆွေးနွေးပွဲတွင် ကရင်လက်နက်ကိုင်တပ်များ ပြန်လည် ပေါင်းစည်းရေး တိကျသည့် သဘောတူညီချက် မထွက်သော်လည်း ကရင်လက်နက်ကိုင်တပ်များကြား ပဋိပက္ခများ မကျယ်ပြန့်စေရေး ဆွေးနွေးခဲ့ကြကြောင်း ဆိုသည်။
ဗိုလ်မှူးကြီးစောကျော်ညွန့်က “အဓိက ဆွေးနွေးတာကတော့ ကျနော်တို့ ကရင်ပြည်နယ်ထဲမှာလည်း နေရာဒေသ တော်တော်များများမှာ ၁၀ စုနှစ် တခုကြာ ရပ်တန့်ထားတဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာတယ်။ သို့သော်လည်း ကျနော်တို့ ကော်မတီအနေနဲ့ ကျနော်တို့ လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာအရ တပ်မဟာ ၇ နယ်မြေမှာရှိတဲ့ မြို့နယ် ၅ ခုထဲမှာတော့ ပစ်ခတ်တိုက် ခိုက်မှုတွေ မဖြစ်အောင် ဘယ်လိုပူးပေါင်းလုပ်ဆောင်မှုတွေ လုပ်ကြမလဲဆိုတာ ဆွေးနွေးဖြစ်ပါတယ်” ဟု ရှင်းပြသည်။
ဆွေးနွေးပွဲတွင် ကရင်လက်နက်ကိုင်တပ်များ အနေဖြင့် ပြည်သူလူထုအား ဒုက္ခရောက်စေမည့် အပြုအမူများအား ရှောင်ရှားရန် ယေဘူယျသဘောတူခဲ့ကြောင်းလည်း ဆွေးနွေးပွဲတက်သည့် ကရင်လက်နက်ကိုင်တပ်များက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ် ၃ ရက်က KNU နဲ့ DKBA တို့ကြား ပြန်လည်ပေါင်းစည်းရန် တွေ့ဆုံဆွေးနွေးပြီး နှုတ်အားဖြင့် သဘောတူခဲ့သော်လည်း သဘောတူညီချက် နံပါတ် ၅ နှင့် ပတ်သက်၍ ကန့်ကွက်ကြောင်း ဆွေးနွေးပွဲပြီးသည့် နောက်တရက်တွင် DKBA စစ်ဦးစီးချုပ်က လက်မှတ်ရေးထိုး ကြေညာခဲ့သည်။
KNU နှင့် DKBA တို့ ဆွေးနွေးခဲ့သည့် သဘောတူညီချက် နံပါတ် ၅ မှာ စစ်ကောင်စီ၏ ကရင်ပြည်နယ် ထိုးစစ်ပြီးဆုံးစေရေး DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစတီးက တာဝန်ယူ၍ စစ်ကောင်စီနှင့် ဆွေးနွေးရန်အပြင် စစ်တပ်ဘက်က အင်အားသုံး ထိုးစစ်ဆင်လာပါက DKBA နှင့် KNU ကြား အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် ဆိုသည့်အချက် ဖြစ်သည်။
တိုင်းရင်းသားအရေး လေ့လာသူတဦးက ကရင်လက်နက်ကိုင် ၄ ဖွဲ့တွေ့ဆုံပွဲနှင့် ပတ်သက်၍ စစ်ကောင်စီ လော်ဘီများက စစ်ကောင်စီကို တိုက်နေသော KNU ကို စည်းရုံးလိုက်နိုင်ပြီဟု ဝါဒဖြန့်နေကြသော်လည်း လက်တွေ့အားဖြင့် မမှန်ကန်ကြောင်း၊ KNU သည် စည်းရုံးခံလိုက်ရခြင်း မဟုတ်ဘဲ ကရင်လက်နက်ကိုင်များနှင့် လူထု တွေ့ဆုံပွဲကို အသုံးပြုကာ လူထုအား KNU ၏ ရပ်တည်ချက်များ ရှင်းလင်းချပြလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။
၎င်းက “တချက်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူတို့ လက်မခံဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောတယ်။ ဒုတိယအချက် ပြောမယ်ဆိုရင် စစ်ပွဲတွေ မဖြစ်ရေးနဲ့ ပတ်သက်ပြီး သူတို့ သတိပေးတာပဲ။ ၁၉၄၈ ခုနှစ်က ကရင်လူထုတွေ ၄ သိန်း လောက်စုပြီး စစ်ဆန့်ကျင်ရေး လုပ်ခဲ့ပေမယ့် တကယ်တမ်း ဖဆပလဘက်က စစ်လိုလားရင် သူတို့လည်း မတတ်နိုင်ဘူး၊ တိုက်ရတာပဲ ဆိုတာပေါ့။ အဲဒါကို မမေ့ကြဖို့ဆိုပြီး သတိပေးပြောသွားတာ ရှိတယ်။ KNU ကတော့ သူ့ရဲ့ မူဝါဒနဲ့ လူထုတွေကိုချပြပြီး စည်းရုံးတဲ့ဘက်ကို သွားနေတာပါ” ဟု သုံးသပ်သည်။
ကရင်လက်နက်ကိုင်တပ် ၄ ဖွဲ့ကြား ပြန်လည်ပေါင်းစည်းရေးမှာ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ၏ အကျိုးစီးပွား မတူညီကြသဖြင့် ဖြစ်နိုင်ရန် မလွယ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
၎င်းက “ကရင်ညီညွတ်ရေးနဲ့ ပတ်သက်ရင် သူတို့ လုပ်နိုင်တာက ကရင်အဖွဲ့တွေ ၄ ဖွဲ့ကြားထဲမှာ မတိုက်ခိုက်အောင်တော့ သူတို့ ထိန်းထားနိုင်တယ်။ တဖွဲ့တည်းဖြစ်အောင် ပြန်ပေါင်းဖို့တော့ ခက်မယ် ထင်တယ်။ တဖွဲ့တည်းဖြစ်အောင် ပြန် ပေါင်းဖို့ ဆိုတာက အဖွဲ့တွေရဲ့ ရပ်တည်ချက်ဆိုတာထက် အကျိုးစီးပွားတွေနဲ့ ဆိုင်လိမ့်မယ်” ဟု ပြောသည်။
DKBA သည် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ၁၉၉၄ တွင် ခွဲထွက်ခဲ့ပြီး ၂၀၀၉ တွင် စစ်အစိုးရ၏ ကရင်ပြည် နယ် နယ်ခြားစောင့်တပ်ဖွဲ့ရန် ညွှန်ကြားချက်ကို DKBA က လက်မခံခဲ့သော်လည်း DKBA ထဲမှ ဗိုလ်မှူးချုပ်စောချစ်သူ ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက လက်ခံခဲ့ရာ ၎င်း၏ တပ်ဖွဲ့ဝင်များသည် BGF ဖြစ်လာသည်။
KNU/KNLA (PC) သည် KNU မှ ၂၀၀၇ တွင် ခွဲထွက်ကာ ဖွဲ့စည်းခဲ့သော လက်နက်ကိုင်တပ်ဖြစ်ပြီး ၂၀၁၅ တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို DKBA နှင့်အတူ လက်မှတ်ရေးထိုးခဲ့သည်။