သတင်း

မြန်မာနယ်စပ် မူးယစ်ဆေးနှိမ်နှင်းမှုတွင် ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးအရာရှိသေဆုံး

မြန်မာနယ်စပ်အနီး တောင်ထူထပ်သော ဘန်ဒါဘန် ခရိုင်တွင် တနင်္လာနေ့က ပြုလုပ်သည့် မူးယစ်ဆေးဝါးနှိမ်နင်းသည့် စစ်ဆင်ရေးအတွင်း ဘင်္ဂလားဒေ့ရှ်လေတပ် ရဟတ်ယာဉ်မှူးတဦးနှင့် ရိုဟင်ဂျာ အမျိုးသမီးတဦး သေဆုံးသွားသည်။

ထိုစစ်ဆင်ရေးကို တနင်္လာနေ့ညနေက နယ်စပ်တလျှောက်ရှိ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် ARSA ကျောထောက်နောက်ခံပြု မူးယစ်မှောင်ခိုဂိုဏ်းကို ပစ်မှတ်ထားကြောင်း ထောက်လှမ်းရေး သတင်းရင်းမြစ်များပြောသည်။

စစ်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် (DGFI) ရုံးမှ လေယာဉ်အုပ်မှူး ရစ်ဝန် ရပ်ရှ်ဒီ ကို ARSA က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သူ၏ အလောင်းကို နယ်ခြားစောင့်တပ်သို့ လွှဲပေးကြောင်း လုံခြုံရေး သတင်းရင်းမြစ်များပြောသည်။

အသက် ၂၀ အရွယ် ဆာဂျီဒါ ဘီဂင်သည် အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးကြောင်း ရိုဟင်ဂျာ ခေါင်းဆောင်များပြောသည်။

ပြင်းထန်သော ဒဏ်ရာရရှိသွားသည့် လျှပ်တပြက်စစ်ဆင်ရေးတပ်ဖွဲ့ဝင် ဆိုဟယ်ဘာရူရာကို အနီးရှိ ကော့ဗဇားခရိုင်ဆေးရုံတွင် ကုသပေးခဲ့သည်။ ထိုဆေးရုံမှ ဒေါက်တာ အက်ရှ်ကာ ရာမန်က သူ့ကို ဒါကာသို့ လွှဲပြောင်းပေးပို့လိုက်ကြောင်း ကြေညာသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အသွင်ယူထောက်လှမ်းရေးလုပ်ငန်းဆောင်ရွက်နေသော ရပ်ရှ်ဒီကို ဖမ်းဆီးသွားကြောင်း ထိုရင်းမြစ်များပြောသည်။

သူ၏အလောင်းကို တနင်္လာနေ့ညတွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သို့ လွှဲပြောင်းပေးအပ်လိုက်သည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ကြေညာချက်တစောင် ထုတ်ပြန်ပြီး “မူးယစ်မှောင်ခိုများနှင့် ပစ်ခတ်မှုအတွင်း အရာရှိတဦး နိုင်ငံ့အတွက် အသက်စွန့်ကာ သူရဲကောင်းအဖြစ်ခံယူပြီး RAB တပ်ဖွဲ့ဝင် တဦး ဒဏ်ရာရသည်” ဟုကြေညာသည်။

အာဏာပိုင်များက မည်သည့် မေးခွန်းကိုမျှ ဖြေကြားခြင်းမရှိပေ။

စစ်ဆင်ရေးအတွင်း ရပ်ရှ်ဒီ သေဆုံးခြင်းသည် အံ့သြစရာကောင်းကြောင်း အငြိမ်းစား ရိုဟင်ဂျာရေးရာကျွမ်းကျင်သူ နေယန်း အက်ရှ်ဖက် ချောင်ဒရီက ဧရာဝတီသတင်းဌာနသို့ ပြောကြားပြီး မည်သို့ဖြစ်ရသည်ကို မေးခွန်းထုတ်သည်။

“DGFI အရာရှိက သတင်းစုဆောင်းမျှဝေဖို့ပဲ တာဝန်ရှိတယ်။ နယ်စပ်ကို နယ်ခြားစောင့်တပ်က တာဝန်ယူထားတယ်။ စစ်ဆင်ရေးကို အားလုံးအတွက် တာဝန်ရှိတဲ့ တပ်မှူးက အကဲဖြတ်သင့်တယ်” ဟု စစ်ဆင်ရေးညွန်ကြားရေးမှူးလည်း လုပ်ခဲ့ဖူးသည့် နေယန်း ပြောသည်။

ARSA ဘက်က တစုံတရာ ထုတ်ပြန် ပြောကြားခြင်း မရှိပေ။

(ဒါကာမြို့အခြေစိုက် ဧရာဝတီသတင်းထောက် Muktadir Rashid မှ ပေးပို့သော Bangladesh Intelligence Officer Killed in Myanmar Border Drugs Bust ကို ဘာသာပြန်သည်။)

You may also like these stories:

ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ မြန်မာ ဗိုလ်ချုပ်ကြီးကို လက်ခံတွေ့

မောင်တောနှင့် ပလက်ဝတွင် စစ်တပ်နှင့် AA တို့ကြား တိုက်ပွဲ ပြင်းထန်

ပုဏ္ဏားကျွန်း ဆင်အင်းကြီးရွာတွင် ဒေသခံ ၉ ဦး သတ်ဖြတ်ခံရ

ကျောက်ဖြူတွင် ဝန်ထမ်းများနှင့် အုပ်ချုပ်ရေးမှူးများကို စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေ

Loading