သတင်း

စာနာမှုများဖြင့် ခရစ္စမတ်ပျော်ရွှင်ပွဲ မလုပ်ရန် မန္တလေးကက်သလစ်ဂိုဏ်းချုပ် ညွှန်ကြား

မကွေးနှင့် စစ်ကိုင်းတိုင်းအတွင်းမှ ဆင်းရဲ ဒုက္ခခံစားနေရသည့် ပြည်သူများကို စာနာထောက်ထားသော အားဖြင့် မန္တလေး ကက်သလစ်သာသနာအတွင်း ခရစ္စမတ် ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ကြရန် ဂိုဏ်းချုပ် ဆရာတော် ဒေါက်တာ မာကုတင်ဝင်း က ညွှန်ကြားချက်တစောင် ထုတ်ပြန်ထားသည်။

ဘာသာဝင်များအနေဖြင့် ခရစ္စမတ်ကယ်ရယ်သီချင်း သီဆိုခြင်း၊ ခရစ္စမတ်ဓမ္မတေးသီးချင်းများအား အသံချဲ့စက်များ ဖြင့် ဖွင့်၍ ပွဲခံခြင်း၊ လူစုလူဝေးဖြင့် ပြုလုပ်သော ပျော်ပွဲရွှင်ပွဲ၊ မိတ်ဆုံစားပွဲ၊ ဧည့်ခံပွဲများကျင်းပခြင်း၊ ဘုရားရှိခိုးကျောင်း များ ခေါင်းလောင်းစင်များ ကျောင်းဝင်း ပရဝုဏ်များ၊ ဘုန်းတော်ကြီးကျောင်းများ သီလရှင်ကျောင်းများအား ပုံမှန်နှစ် များကဲ့သို့ မီးများ၊ အဆင်တန်ဆာများဖြင့် ပြင်ဆင်ခြင်းများကို မပြုလုပ်ရန်နှင့် ပွဲတော်မြတ်နှင့် ပတ်သက်၍ မိမိတို့ မိသားစု၏ မည်သည့် ပုံရိပ်မျိုးကိုမဆို လူမှုကွန်ရက်များတွင်ဖော်ပြခြင်းမျိုးကိုလည်း ရှောင်ကြဉ်ကြရန် တိုက်တွန်း ထားသည်။

မန္တလေး ကက်သလစ် ဆရာတော် ကျောင်းတိုက် တာဝန်ရှိသူတဦးက “ကက်သလစ် ဘာသာဝင်တွေရော၊ ဆရာတော် ရဲ့ စာမှာပါတဲ့ ဓမ္မမိတ်ဆွေများဆိုတဲ့ တခြားသော ကိုးကွယ်ရာဘာသာအသီးသီးမှ ဓမ္မမိတ်ဆွေတွေရဲ့ ဆင်းရဲ ဒုက္ခ အပေါ် ကိုယ်ချင်းစာနာတဲ့ စိတ်၊ သူတို့အပေါ်မှာ မျှဝေတဲ့ စိတ်ထားမျိုး၊ သဘောမျိုးနဲ့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေး အပါအဝင် ကက်သလစ်သာသနာ ၁၆ ခုရှိပြီး မန္တလေးကက်သလစ် သာသနာ အောက်တွင် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့လည်း ပါဝင်သည်။

ယခုကဲ့သို့ ညွှန်ကြားချက် ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး ဘာသာဝင်များအနေဖြင့် ခရစ္စမတ်ပွဲ မကျင်းပရန် တားမြစ်ခြင်း မဟုတ်ဘဲ မီးရောင်စုံထွန်းကာ သီဆိုပျော်ပါးဖြုန်းတီးမှုများ မလုပ်ကြဘဲ စာနာမှုကိုယ်ချင်းစာတရား၊ နားလည်ဖေးမမှု များနှင့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ရနိုင်သလောက် ပေးနိုင်ရန် တိုက်တွန်းထားသည်ဟု နားလည်ကြောင်း ခရစ်ယာန်ဘာသာဝင်တဦးဖြစ်သူ ကိုဖီဒဲလစ် လင်းထင်ထက်က ပြောသည်။

၎င်းက “ခရစ္စမတ်မှာ ဘာရုပ်ဝတ္ထုပစ္စည်းမှ မပေးနိုင်ရင်တောင် လူသားတွေအတွက် ဆုတောင်းမေတ္တာတွေ အချိန် တိုင်း အားထုတ်ပေးလို့ ရတယ်။ မီးရောင်စုံ ပါတီပွဲနဲ့ ကိတ်မုန့်တွေကြားမှာ ဟန်ဆောင် လက်ဆွဲနှုတ်ဆက်နေတဲ့ ဘာ သာရေး ခေါင်းဆောင်တွေထက် မိမိဘာသာဝင်တွေနဲ့အတူ ခံစား နားလည် ရပ်တည် ကျင့်ကြံ အားထုတ်ပေးမယ့် လူ သားပီသတဲ့ ဓမ္မ အမှုတော်ဆောင်များရဲ့ ရှင်းလင်းပီသတဲ့ ရပ်တည် ကြေညာချက်များကိုပဲ ဝမ်းမြောက်ဝမ်းသာရှိလှပါ တယ်၊ ဓမ္မနဲ့ အဓမ္မကြားမှာ ရှုံ့ချည်နှပ်ချည် တရားသမားတွေ မလိုအပ်ပါဘူး” ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့အတွင်းမှ ခရစ်ယာန်ဘာသာဝင်များနေထိုင်ရာ ကျေး ရွာများအပါအဝင် ဘာသာဝင်အသီးသီး၏ နေအိမ် အဆောက်အအုံများစွာ မီးရှို့ဖျက်ဆီးခံရပြီး အကြမ်းဖက်သတ်ဖြတ် မှုများကြောင့် လူဦးရေသိန်းနှင့်ချီကာ နေ့ရပ်စွန့်ခွာ စစ်ဘေးရှောင်ကြရလျက် ရှိနေသည်။

၂၀၁၆ ခုနှစ်က မန္တလေးမြို့အတွင်းရှိ ဘုရားကျောင်းတခုတွင် ခရစ္စမတ်ပွဲတော် ကျင်းပနေစဉ် (ဓာတ်ပုံ- ဧရာဝတီ)

ယင်းပြင် ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည့် တိုင်းရင်းသား ဒေသများဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်းပြည် နယ်နှင့် စစ်ကိုင်းတိုင်းတို့အတွင်း စစ်ကောင်စီတပ်များက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ပြုလုပ်နေဆဲ ဖြစ်သည်။

ထိုသို့ အကြမ်းဖက်မှုများကြောင့် တိုင်းပြည်မှာ နာရေးအိမ်သဖွယ်ဖြစ်နေချိန်တွင် ခရစ္စမတ်ကဲ့သို့ ပျော်ပွဲရွှင်ပွဲများ ကျင်း ပခြင်းကို အားမပေးကြောင်းနှင့် စစ်ဘေးဒဏ် ခံနေကြရသည့် ပြည်သူများနှင့်အတူ စာနာမှုကို ပြသရမည်ဖြစ်ကြောင်း လည်း ရန်ကုန်မြို့တွင် နေထိုင်သည့် နှစ်ခြင်း ခရစ်ယာန်ဘာသာဝင် လူငယ်တဦးဖြစ်သည့် ကိုဇော်ချစ်ထွေးကလည်း ပြော သည်။

၎င်းက “တိုင်းပြည်က ဒီလို ဖြစ်နေတဲ့အချိန်မျိုးမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ လုပ်တာကို မလုပ်သင့်ဘူး၊ လုပ်တဲ့သူကိုလည်း အားမပေးဘူး။ ကိုယ်ကိုယ်တိုင်လဲ မလုပ်ဘူး။ တိုင်းပြည်နဲ့အတူတူ ငိုကြွေးဝမ်းနည်းရမယ့် အချိန်လို့ပဲ ခံယူပါတယ်” ဟု ပြောသည်။

စစ်ကောင်စီကမူ ဗုဒ္ဓဘာသာဝင်များ၏ အထိမ်းအမှတ်နေ့များဖြစ်သည့် ပြီးခဲ့သည့် သီတင်းကျွတ်၊ တန်ဆောင်တိုင် ကာလတို့၌ နိုင်ငံအေးချမ်းတည်ငြိမ်နေသည်ကို ပြသလိုသဖြင့် ရန်ကုန်၊ မန္တလေးမြို့တို့အပြင် မြို့တချို့၌ ပွဲတော်များ ပြုလုပ်ခဲ့သေးသည်။

You may also like these stories:

ကိုးတောင်ဘို့ ဒေသခံ ၁၄ ဦးကို စစ်တပ်က မီးရှို့အလောင်းဖျောက်

စစ်ကြောင်းထိုးမှုကြောင့် မတ္တရာနယ်က ဒေသခံများ ထွက်ပြေး၊ တချို့ ပိတ်မိနေ

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်း၌ ရွာလုံးကျွတ်ထွက်ပြေးနေရ

Loading