စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် အရှေ့တောင်ဘက်တွင် ရှမ်းနီ အမျိုးသားများတပ် (SNA) နှင့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တို့ကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။
SNA နှင့် PDF တို့သည် နိုဝင်ဘာလ ၁၁ ရက် ညနေပိုင်းမှ စတင်ကာ နိုဝင်ဘာ ၁၆ ရက်နေ့ထိ ဟုမ္မလင်းမြို့နယ် အရှေ့တောင်ဘက်ရှိ ပင်ခုတ်နှင့် နတ်နန်းရွာဝန်းကျင်၌ တိုက်ပွဲများ ဖြစ်နေခြင်း ဖြစ်သည်။
SNA တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၁ ရက် ညနေပိုင်းတွင် ပင်ခုတ်ရွာရှိ ကချင် ပြည်သူ့ကာကွယ်ရေးတပ် (KPDF) နှင့် ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ် (HPDF) တပ်ဖွဲ့ဝင်များကို စတင် ထိုးစစ်ဆင် တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွား ခြင်းဖြစ်ကြောင်း PDF များထံမှ သိရသည်။
SNA နှင့် စစ်ကောင်စီ၏ အမှတ် (၂၂၂) ခြေလျင်တပ်ရင်း ပူးပေါင်းထားသော စစ်ကြောင်း ၂ ကြောင်းသည် အင်အား ၄၀၀ ကျော်ဖြင့် PDF များအား ထိုးစစ်ဆင်နေကြောင်း HPDF ရှေ့တန်း တပ်ဖွဲ့ဝင် အချို့က ဧရာဝတီကို ပြောသည်။
HPDF တပ်ဖွဲ့ဝင်တဦးက “စစ်ကောင်စီနဲ့ SNA က ပေါင်းပြီး စစ်ကြောင်း ၂ ကြောင်းနဲ့ ကျနော်တို့ကို ဝင်တိုက်နေတာ။ အင်အားကတော့ ၄၀၀ ကျော်လောက် ရှိပါတယ်။ တိုက်ပွဲက ဆက်တိုက် ဖြစ်နေတာပါ။ ဒီနေ့ကတော့ စစ်ရေး တင်းမာနေတဲ့ အခြေအနေဗျ။ နတ်နန်းမှာလည်း ဖြစ်နေတယ်ဗျ။ ဒေသခံတွေ ပြေးရလွှားရတာလည်း ရှိပါတယ်” ဆိုသည်။
HPDF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မိုးကြိုးကလည်း SNA တပ်ဖွဲ့ဝင်များသည် ၎င်းတို့ ဆက်ကြေးကောက်နေသည့် ပင်ခုတ် ရွာကို PDF များက နယ်မြေ ထိန်းချုပ်လိုက်သဖြင့် SNA တပ်များက ထိုးစစ် ဆင်နွှဲခြင်းဖြစ်ကြောင်း ဆိုသည်။
“ပင်ခုတ်ရွာပေါ့။ သူတို့ရဲ့ အကောက်အခွန် အဓိက ကောက်တဲ့နေရာပါ။ ပင်ခုတ်မှာ သူတို့က ဘဏ္ဍာရေးအရ လုံးဝ ဝင်ကောက်လို့ မရတော့ဘူး။ ကျနော်တို့ဘက်က ထိန်းချုပ်နယ်မြေလို ဖြစ်သွားတော့လေ။ ဒီကောင်တွေက အဲဒါ ကိုလည်း မခံချင်ဘူး။ တလောတုန်းက SNA နဲ့ ကျနော်တို့ ထိတွေ့ တိုက်ပွဲတခုဖြစ်တယ်။ အဲဒါကိုလည်း ဒီကောင် တွေဘက်က အစာမကြေဘူး။ ဒါကြောင့် ထိုးစစ်ဆင်လာတာလို့ ကျနော်တို့ ယူဆရပါတယ်” ဟု ၎င်းက ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် SNA တပ်ဖွဲ့ဝင် ၇၀ ကျော် သေဆုံးကြောင်း PDF များက ဆိုသော်လည်း SNA ဘက် ကမူ PDF တပ်ဖွဲ့ဝင် ၆၀ ကျော်တိုက်ပွဲအတွင်း ဒဏ်ရာရထားကြောင်း ဆိုသည်။
ယင်းပြင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသမီးတဦး ပခုံးကျည်ထိမှန် ဒဏ်ရာရထားပြီး ပင်ခုတ်နှင့် နတ်နန်းရွာမှ ဒေသခံ ၁၆၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း အမည်မဖော်လိုသည့် ပင်ခုတ်ရွာဒေသခံ တဦးက ပြောသည်။
၎င်းက “စစ်ရှောင်တွေကတော့ အခက်အခဲတွေ အများကြီးပါပဲ။ အဝတ်အစားတို့ စားနပ်ရိက္ခာပိုင်းတို့ အရမ်းခက်ခဲပါ တယ်။ အရေအတွက်ကတော့ ၁၇၀ လောက် ရှိတယ်။ အများစုကတော့ အမျိုးသမီး၊ ကလေးနဲ့သက်ကြီးရွယ်အိုတွေပါ ပါတယ်။ လေဖြတ်ထားတဲ့သူ တချို့လည်း ပါတယ်။ အမျိုးသမီးတယောက်ကတော့ စစ်ကောင်စီဘက်က ပစ်တဲ့ကျည် ထိလို့ ဆေးကုသနေရတယ်” ဟု ဆိုသည်။
SNA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းကလည်း PDF တပ်ဖွဲ့ဝင်များနှင့် ကချင်လွတ်လပ်ရေးတပ် (KIA) တပ်ဖွဲ့ဝင်များသည် SNA ထိန်းချုပ်နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်ကာ ဒေသခံများကို နှိပ်စက်သဖြင့် SNA က ထိုးစစ်ဆင်ရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “ကျနော်တို့က လက်ရှိနိုင်ငံရေး အကျပ်အတည်း ကာလမှာ ဒေသတည်ငြိမ်ရေးနဲ့ လူထုကာကွယ် စောင့် ရှောက်ရေးအရ ဘယ်အဖွဲ့နဲ့မှ ပြဿနာ မတက်ချင်လို့ ကျနော်တို့ အေးအေးဆေးဆေး နေတာ။ အဲဒါသူတို့က ကျနော်တို့ နယ်မြေထဲဝင်ပြီး ဘုန်းကြီးတွေပါမကျန် သတ်ဖြတ်လာတဲ့ ပုံစံတွေ ဖြစ်လာတယ်။ ဒီအခါမှာ ကျနော်တို့ သည်းမခံနိုင်တော့ဘူး။ ဒါကြောင့် ကျနော်တို့ တိုက်ရတာပါ” ဟု ဆိုသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ဗန်းမောက်မြို့နယ်၌ ရှမ်းနီဆရာတော်တပါး အသတ်ခံရသည့် ဖြစ်ရပ်ကို ရည် ညွှန်းကာ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက ပြောဆိုခြင်း ဖြစ်သည်။ အဆိုပါ သတ်ဖြတ်မှုများကို KIA နှင့် PDF များက လုပ်ဆောင်ခြင်းဖြစ်ကြောင်း SNA ဘက်က စွပ်စွဲထားသော်လည်း KIA ဘက်ကမူ ဘာသာရေးခေါင်းဆောင်များနှင့် စာပေယဉ်ကျေးမှု ကော်မတီဝင်များကို သတ်ဖြတ်ရန် KIA တွင် မူဝါဒမရှိဟု တုံ့ပြန်ထားသည်။
ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက KIA နှင့် PDF များသည် အစပိုင်းတွင် ဗန်းမောက်၊ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့နယ် အစပ်ရှိ ပေကုန်းရွာတွင် အခြေချခဲ့ပြီး နောက်ပိုင်းတွင် ပင်ခုတ်ရွာသို့ ရောက်လာကာ SNA ၏ အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
ယင်းပြင် ရွာသူရွာသားများကိုလည်း ရိုက်နှက် နှိပ်စက်မှုများ ရှိလာသဖြင့် စစ်ရေးအရ တုံပြန်တိုက်ခိုက်ရခြင်းဖြစ် ကြောင်း၊ စစ်ကောင်စီနှင့် ၎င်းတို့ကြား ပူးပေါင်းနေခြင်း မရှိကြောင်း ပြောသည်။
ဟုမ္မလင်း ပြည်သူ့ ကာကွယ်ရေးတပ် (HPDF) ကမူ စစ်ကောင်စီနှင့် SNA ပူးပေါင်းမှု မရှိဆိုသည့် ပြောစကားမှာ လိမ် ညာမှုသာဖြစ်ပြီး မြေပြင်တွင် SNA နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံးမှုကို မြင်တွေ့နေရကြောင်း ဧရာဝတီသို့ ပြောသည်။
HPDF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မိုးကြိုးက “စကစဘက်က ကျတဲ့လူနည်းတယ်။ SNA ဘက်က ပိုများတယ်။ SNA ဘက်က ပိုများရတာက သူတို့က လူငယ်အများစုကို အတင်းအဓမ္မ သူတို့ စစ်တပ်ထဲ ဆွဲခေါ်တာကိုး။ စိတ်ပါဝင်စားမှုရှိ မရှိကို သူတို့ စိတ်မဝင်စားဘူး။ သူတို့က အတင်းအဓမ္မဆွဲခေါ်ပြီးမှ ရှေ့တန်းကို လွှတ်တယ်။ သူတို့က မိသားစုတွေကို အကြပ်ကိုင်ပြီး ရှေ့တန်းမထွက်ရင် မင်းတို့မိသားစုကို ဘာလုပ်မယ်ဆိုတာမျိုးနဲ့ လူစုထားတာ။ သူတို့သေရတာက လက်နက်ငယ် ကျည်ထိမှန်မှုများတယ်။ တိုက်ပွဲဖြစ်တဲ့ အဲဒီရွာတွေကတော့ ရှမ်းနီလူမျိုးစုတွေ နေထိုင်တဲ့ရွာတွေပါပဲ” ဟု ပြောသည်။
ရှမ်းနီအမျိုးသားများတပ် (SNA) ကို ၁၉၈၉ ခုနှစ်တွင် ရှမ်းနီ တိုင်းရင်းသားများ၏ နိုင်ငံရေး တန်းတူညီမျှခွင့်၊ ကိုယ့်ကြ မ္မာကိုယ် ဖန်တီးနိုင်ခွင့်တို့ ရရှိရန်နှင့် ရှမ်းနီပြည်နယ် ထူထောင်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း SNA ထံမှ သိရသည်။
SNA သည် ရှမ်းနီ တိုင်းရင်းသားများအများစု နေထိုင်သည့် ကချင်ပြည်နယ်၊ ဖားကန့်၊ အင်းတော်ကြီးဒေသနှင့် စစ် ကိုင်းတိုင်းအတွင်းရှိ ဟုမ္မလင်း၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ခန္တီး၊ ဖောင်းပြင်နှင့် တမူးဒေသ တဝိုက်တွင် စစ်ရေး လှုပ် ရှားသည်။
SNA သည် ခန္တီးမြို့နယ်တွင် တပ်မဟာ ၁ ခု၊ ဟုမ္မလင်းမြို့နယ်တွင် တပ်မဟာ ၁ ခု၊ ဗန်းမောက်တွင် တပ်မဟာ ၁ ခု အပါအဝင် ဗန်းမောက်နှင့် ဟုမ္မလင်းကြားတွင် တပ်မဟာ ၁ ခု စုစုပေါင်း တပ်မဟာ ၄ ခုဖြင့် ဖွဲ့စည်းထားကြောင်း စစ်ရေးလေ့လာသူများက ခန့်မှန်းထားကြသည်။
You may also like these stories:
ကရင်လက်နက်ကိုင် ၄ ဖွဲ့ ဆွေးနွေးပွဲ သဘောတူညီချက်မရ
မြောင်တွင် စစ်တပ်က အချင်းချင်း ပစ်သတ်