စစ်ကောင်စီက နိုဝင်ဘာလ ၁၇ ရက်တွင် ကျရောက်သည့် ၁၀၂နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ဆိုကာ လူသိများ ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသားအချို့ အပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၅၇၇၄ ဦးကို ဖမ်းဆီး ထောင်ချ ထားရာမှ ပြန်လွှတ်ပေးလိုက်သည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) စာရင်းများအရ နိုင်ငံရေးအကျဉ်းသား ၅၃ ဦးလွတ်မြောက် လာရာ ထိုအထဲတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေး၊ စာရေးဆရာ မောင်သာချို၊ ရွှေညဝါ ဆရာတော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်၊ NLD ပါတီမှ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးသိန်းဦး၊ ပါတီဗဟိုစည်းကမ်းထိန်းသိမ်းရေးမှ ရှေ့နေ ဦးကျော်ဟိုး၊ ရန်ကုန်တိုင်း လွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် (UEC) အဖွဲ့ဝင် ဦးသန်းဌေးတို့လည်း ပါဝင်သည်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနဲလ် အပါအဝင် မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးဟောင်း မစ္စဗစ်ကီဘိုးမန်းနှင့် ခင်ပွန်း ပန်းချီဆရာ ဦးထိန်လင်း၊ ဂျပန်နိုင်ငံသား ဒါရိုက် တာ မစ္စတာ ကူဘိုတာ၊ ဒေါ်အောင်ဆန်းစုကြည်၏ လရောင်တော စိုက်ပျိုးရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်း သင်တန်း တွင် ပညာရှင်အဖြစ် တာဝန်ထမ်းနေသည့် အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးတိုလည်း လွတ်မြောက်လာခဲ့သည်။
သတင်းမီဒီယာသမားများထဲမှလည်း မဇ္ဈိမသတင်းဌာန အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်၊ သံလွင်သွေးချင်း သတင်းဌာနမှ အယ်ဒီတာ မမြဝန်းရံ၊ မြန်မာသံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်း၊ ပြည်မှ အလွတ်တန်း သတင်း ထောက် ကိုလပြည့်၊ အလွတ်တန်း ဓာတ်ပုံဆရာ ဦးဆန်းမြင့်တို့ပါဝင်ကြောင်း သိရသည်။
NLDအစိုးရလက်ထက် အဂတိလိုက်စားမှုဖြင့် ထောင်ကျနေသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် လည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရခဲ့သည်။
စစ်ကောင်စီ၏ အမျိုးသားနေ့ ဂုဏ်ပြုသောအားဖြင့် နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လည် လွှတ်ပေးသည့်အပေါ် ကြိုဆိုမှု များ ရှိသကဲ့သို့ နိုင်ငံတကာဖိအားကို ရှောင်လွှဲရန် လွတ်ရက်စေ့ကာနီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း ဖြစ် ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ကောင်စီနှင့် အာဆီယံအကြား တင်းမာမှုများရှိနေပြီး နိုင်ငံတကာ၏ အရေးယူမှုများ ကြုံနေရချိန်တွင် စစ်ကောင်စီသည် နိုင်ငံတကာဖိအားလျော့ချရန် ရည်ရွယ်ပြီး အကျဉ်းသားများ လွှတ် ပေးခြင်းဖြစ်ကြောင်း ဆိုသည်။
၎င်းက “အဲဒီလိုလွှတ်ဖို့ လိုအပ်တဲ့ အခြေအနေ ဖြစ်နေပါတယ်။ သူတို့က မကြာခင်မှာ ရွေးကောက်ပွဲ လှုပ်ရှားမှုတွေ လုပ် တော့မှာ၊ ဒါနဲ့ ပတ်သက်ပြီး ကမာ္ဘက သူတို့ကို ဝိုင်းဝန်းဆန့်ကျင်နေတဲ့ အပေါ် သူတို့အနေနဲ့ တစုံတရာ ပျော့ပြောင်းတဲ့ လမ်းကြောင်းပေါ် လျှောက်နေတယ်။ ဗမာပြည်ဟာ တစုံတရာတည်ငြိမ်နေတယ်။ သူတို့က ပျော့ပြောင်းတဲ့လမ်းကို လျှောက်တော့မှာ ဖြစ်တယ်လို့ ပြချင်တဲ့အတွက် လွှတ်တာလို့ ထင်ပါတယ်။ နိုင်ငံတကာ ဖိအားလျော့အောင် လုပ်တာလို့ ထင်ပါတယ်” ဟု မှတ်ချက်ပေးသည်။
သို့သော် ဒီမိုကရေစီနိုင်ငံများက ယခုကဲ့သို့ စစ်ကောင်စီက အကျဉ်းသားများ ပြန်လွှတ်ပေးခြင်းသည် အပေါ်ယံလိမ်ညာမှု အဖြစ်သာ သဘောထားရှိသဖြင့် စစ်ကောင်စီအပေါ် အရေးယူမှု ဖြေလျှော့မည့် အခြေအနေမရှိကြောင်း ဦးသန်းစိုးနိုင်က သုံးသပ်သည်။
“အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် ပြောထားတာရှိတယ်။ ဒီလိုပျော့ပြောင်းမှုတွေ ဖော်ပြတာက လိမ်လည်တာ ဖြစ်ပြီးတော့ အပေါ်ယံသာဖြစ်တယ်။ တကယ်တမ်းတော့ ကျေးလက်မှာ ပြည်သူတွေကို အကြမ်းဖက်နှိပ်စက်မှုတွေက အဆက်မပြတ်ဆက်ပြီး လုပ်နေတာဖြစ်တယ်။ ဒါကြောင့် ဒီလိုလိမ်လည်မှုတွေ ဖော်ပြတာကို သူတို့ အသိအမှတ်မပြု နိုင် ဘူး။ သူတို့လုပ်မယ့် ဒီမိုကရေစီလမ်းကြောင်းအတွက် ရွေးကောက်ပွဲဆိုတာလည်း အလိမ်အညာတွေပဲလို့ သဘော ထားတဲ့ အကြောင်းပြောသွားပါတယ်။ ဒါကြောင့် စစ်ကောင်စီက ဒီလိုလုပ်လို့ အကျိုးမရှိဘူး ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ပအို့ဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကမူ အကျဉ်းသားများ ပြန်လွတ်လာ သည့် အပေါ် ဝမ်းသာကြောင်းဆိုပြီး စစ်ကောင်စီသည် ၂၀၂၃ခု ဩဂုတ်လတွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ရည်ရွယ်ကာ အကျဉ်းသားများကို ပြန်လွှတ်ပေးခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။
“လာမယ့် ၂၀၂၃ ဩဂုတ်လမှာ ဖွဲ့စည်းပုံအရ ဖြစ်နိုင်ခြေရှိတဲ့ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုတခုအနေနဲ့ အကျဉ်းသား လွှတ်တာ နိုင်ငံရေးအရ ဖြေလျှော့မှု အလှည့်အပြောင်းလို့ ကျနော်တို့ မှန်းလို့ရပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည် မကြာမီ ကျရောက်မည့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့နှင့် သင်္ကြန်နှစ်သစ်ကူးကာလတွင် အကျဉ်း သားများ ထပ်မံလွှတ်ပေးနိုင်ချေ ရှိသော်လည်း ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွင်မူ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း မှာ ထင်ရှားသည့် တိုးတက်မှုမရှိကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ထောက်ပြသည်။
“ဆွေးနွေးရေးကတော့ အခုအချိန်အထိ အကန့်အသတ်နဲ့ပဲ သွားနေတယ်ဗျ။ ထင်ရှားတဲ့ တိုးတက်မှုတော့ မတွေ့သေးဘူး။ သို့သော်လည်း ဆွေးနွေးရေးလမ်းကြောင်းက တစုံတရာတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။ အပြန်အလှန် လေးစားမှု တွေ၊ အပြန်အလှန် အသိအမှတ်ပြုမှုတွေရှိရင်တော့ ဆွေးနွေးပွဲက တဖြည်းဖြည်းကောင်းလာမယ်လို့ မျှော်လင့်ပါတယ်” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
စစ်ကောင်စီက အမျိုးသားနေ့ကို အကြောင်းပြု၍ နိုင်ငံရေးအကျဉ်းသား တချို့ အပါဝင် အကျဉ်းသား ၅ထောင်ကျော် လွှတ် ပေးခြင်းအပေါ် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီလက လွတ်လာသူများအတွက် ကိုယ်ချင်းစာ ဝမ်းမြောက်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် နွေဦးတော်လှန်ရေး သူရဲကောင်းများစွာ နှိပ်စက်ညှင်းပန်း မတရားဖမ်းဆီးခံနေရဆဲ၊ အသက်ပေးနေရဆဲဖြစ်ကြောင်း၊ ယခုလွှတ်ပေးခြင်းမှာ သူတို့၏ ထွက်ပေါက် အတွက် ဖြစ်ပြီး ပြည်သူနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖိအားအားကြောင့် ဖြစ်ကြောင်း ယနေ့ ပြောကြားသည့် အရေးပေါ် အခြေပြမိန့်ခွန်းတွင် ဆိုထားသည်။
အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်သော ကမော္ဘဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်းကမူ နိုင်ငံရေးအကျဉ်းသားတချို့ လွှတ်ပေးခြင်းအပေါ် အကောင်းမြင်ကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံကို တတိယအကြိမ် လာရန် ပြင်နေသည်။
ပရက်ဆိုခွန်းက “အကျဉ်းသားအများအပြားကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဟာ မြန်မာနိုင်ငံရှိ အဖွဲ့စည်း အားလုံးကြား တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ် စတင်နိုင်အောင် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖန်တီးရေးမှာ အဓိက အရေးကြီးတဲ့ အလုပ် တခုကို လုပ်ဆောင်လိုက်တာမျိုးဖြစ်တယ်။ လက်ရှိမြန်မာနိုင်ငံရေးအခက်အခဲတွေကို ငြိမ်းချမ်းစွာအဖြေရှာနိုင်ဖို့ ကောင်းမွန် တဲ့ အမှတ်လက္ခဏာမျိုးလည်းဖြစ်တယ်။ အာဆီယံသဘောတူညီငါးချက် အကောင်အထည်ဖော်ရေး မျှော်မှန်းချက်နဲ့ ပတ်သက်ပြီး အပေါင်းလက္ခဏာ ဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေလည်း ဖြစ်တယ်”ဟု ပြောသည်။
စစ်ကောင်စီသည် လွတ်ရက်စေ့ခါနီး နိုင်ငံရေး အကျဉ်းသားတချို့ကို လွှတ်ပေးသော်လည်း ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသား အများအပြားကျန်သေးကာ အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင် တောင်းဆိုခြင်းကိုလည်း အမြဲ ငြင်းပယ်လျှက်ရှိသည်။
စစ်ကောင်စီသည် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်ခဲ့ပြီး လူပေါင်း ၈၂ ဦးကို သေဒဏ်ပေးကာ အကျဉ်း ထောင်များ အတွင်း ဖမ်းဆီးထားသည်။ ယင်းအပြင် ရွာမီးရှို့မှု များနှင့် နေအိမ်ချိပ်ပိတ်သိမ်းဆည်းမှုပေါင်း ၇၈၆ ခု ထက်မနည်းလုပ်ဆောင်ထားပြီး လူပေါင်း ၁၂၀၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း AAPP ထံမှသိရသည်။
စစ်ကောင်စီသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အပါအဝင် ထင်ရှားသည့် နိုင်ငံရေးသမားများနှင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် အများအပြားကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်။
You may also like these stories:
မြန်မာ့အရေး ပြဿနာ ပြေလည်ရေး ဒေါ်အောင်ဆန်းစုကြည်က လမ်းစလား
ထိပ်ပိုင်းအကျဉ်းချခံတချို့ကို စစ်ကောင်စီ ဘာကြောင့် ပြန်လွှတ်ပေးလဲ