ယူကရိန်းစစ်ပွဲသည် အထူးဆိုးရွားသော အဆင့်သို့ ရောက်လာပြီးနောက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် စစ်အကြောင်း မပြောတော့ဘဲ အခြားကိစ္စများကိုသာ လုပ်ကိုင်နေသည်။
ရုရှားတပ်များသည် ယူကရိန်းတောင်ပိုင်း ခါဆန်မှ လွန်ခဲ့သောအပတ် နှောင်းပိုင်းတွင် ဆုတ်ခွာပြီး အရေးအပါဆုံး လက်ကျန် ခြေကုပ်ဒေသကို စွန့်လွတ်ရကာ မစ္စတာ ပူတင်အတွက် ပုဂ္ဂိုလ်ရေးသိက္ခာ ကျဆင်းရသည်။
ထိုသို့ဖြစ်လာပြီး နောက်နေ့များတွင် မစ္စတာ ပူတင်သည် ရုရှား၏ ရှုံးနိမ့်မှုအကြောင်း တိုက်ရိုက်ပြောကြားခြင်း မရှိတော့ဘဲ ပြည်တွင်းရေးနှင့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်းတို့သာ လုပ်ဆောင်တော့သည်။
ခါဆန်မှ ဆုတ်ခွာကြောင်းကို ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုင်ဂုက ကြေညာသည်။ သူသည် ယူကရိန်းစစ်ပွဲမှ သတင်းဆိုးများကို ပင်တိုင်ကြေညာသည့် အဓိကလူဖြစ်လာကြောင်း Business Insider သတင်းထောက် ဆိုဖီယာ အန်ကယ်က ပြောသည်။
တနင်္လာနေ့တွင် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးသည် ခါဆန်သို့ အောင်ပွဲခံ သွားရောက်လည်ပတ်စဉ် မစ္စတာ ပူတင်သည် ဆိုက်ဘေးရီးယားတောင်ပိုင်း ဝေးကွာသော အယ်လ်တိုင်ဒေသမှ အုပ်ချုပ်ရေးမှူးနှင့် ဗီဒီယိုဖုန်းဖြင့် ဆွေးနွေးနေသည်။
မြို့လယ် ရင်ပြင်တွင် ယူကရိန်းအလံများ ထောင်ထားသော်လည်း ခါဆန်သည် ရုရှားပိုင်နက်သာ ဖြစ်နေသေးကြောင်း ပူတင်၏ပြောခွင့်ရသူက ကြေညာချက်တစောင် ထုတ်ပြန်သည်။
သမ္မတ ပူတင်သည် ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးနိုင်ငံ ၂၀ ၏ G-20 ထိပ်သီးဆွေးနွေးပွဲသို့လည်း မတက်တော့ဘဲ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလက်ဗရော့ကိုသာ စေလွှတ်ရသည်။
ထိုထိပ်သီးဆွေးနွေးပွဲတွင်လည်း ယူကရိန်း စစ်ပွဲအကြောင်း ဆွေးနွေးမှုများ လွှမ်းမိုးနေသည်။
အမေရိကန်နှင့် တရုတ်ကဲ့သို့သော နှစ်ပေါင်းများစွာ ပြိုင်ဘက်နိုင်ငံများသည် ရုရှားက နျူကလီးယားလက်နက်များ အသုံးပြုရန် ခြိမ်းခြောက်ခြင်းကို ရှုတ်ချသည့် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။
ယူကရိန်းသည် G-20 အဖွဲ့တွင် ရုရှားကဲ့သို့ အဖွဲ့ဝင် မဟုတ်သော်လည်း မစ္စတာ ဇယ်လန်စကီးသည် ထိပ်သီးဆွေးနွေးပွဲသို့ အထူးဖိတ်ကြားခံရပြီး မိန့်ခွန်းပြောကြားသည်။ သူ၏ မိန့်ခွန်းတွင် သမ္မတ ဇယ်လန်စကီးက ရုရှား၏ ကျူးကျော်စစ်ကို အကြိမ်ကြိမ်ရှုတ်ချပြီး ပူတင် မတက်ရောက်ခြင်းကို လှောင်ပြောင်ကာ G-19 ဟု ကိုးကားပြောသည်။
သမ္မတ ပူတင်သည် စစ်ပွဲအကြောင်း မပြောတော့သောကြောင့် ရုရှားရုပ်သံတွင် ဒေါသဆူပွက်နေပြီး စစ်ပွဲရှုံးနိမ့်ခြင်းအကြောင်း ဆွေးနွေးမှုများသည် တားမြစ်ချက် မဟုတ်တော့ဘဲ မကြာခဏ ပြောဆိုသည့် အကြောင်းအရာ ဖြစ်လာသည်။
တချိန်တည်းတွင် ရုရှားမီဒီယာ သတင်းများတွင်လည်း သမ္မတ ပူတင်သည် နှစ်စဉ်ပြုလုပ်နေကျ ရှည်လျားသော နှစ်ကုန် သတင်းစာရှင်းလင်းပွဲကို ယခုနှစ်တွင် လုပ်တော့မည်မဟုတ် ဆိုသည့် သတင်းများထွက်ပေါ်နေသည်။ ထိုသတင်းစာရှင်းလင်းပွဲ ကျင်းပပါက ယူကရိန်း စစ်ပွဲအကြောင်း မေးခွန်းများ ထွက်လာနိုင်သည့် အခြေအနေဖြစ်သည်။
ခါဆန်ကို ဆုံးရှုံးရပြီးနောက် ရုရှား၏ နောက်ထပ်ခြေလှမ်းသည် မကြာမီ ထင်ရှားလာသော်လည်း အများပြည်သူများအကြား မစ္စတာ ပူတင်၏ ပြောဆိုချက်များမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။
အင်္ဂါနေ့တွင် ယူကရိန်းနိုင်ငံတဝှမ်း မြို့ကြီးများပေါ်သို့ ဒုံးကျည်အများအပြား ကျရောက်လာသည်။ တလကျော်ကာလအတွင်း အကြီးမားဆုံး ဒုံးကျည်ပစ်ခတ်မှုများ ဖြစ်လာသည်။
ကိုးကား။ ။ Business Insider သတင်း After big losses in Ukraine, Putin skipped an awkward global summit and has been conspicuously quiet about the war
You may also like these stories:
ရုရှားက ယူကရိန်းကို ဖဲ့ထုတ်ခြင်းသည် ဒုတိယကမ္ဘာစစ် မတိုင်မီ ဥရောပအခြေအနေနှင့် တူညီနေ
စစ်မှုမထမ်းလို၍ အိမ်နီးချင်းနိုင်ငံများသို့ ရုရှား ၂ သိန်းလောက် ထွက်ပြေး
ယူကရိန်းစစ်ပွဲတွင် ရှီနှင့် မိုဒီတို့ ပူတင်နှင့်အတူ မရပ်တည်
ဘာကြောင့် ယူကရိန်းက နိုင်မှာလဲ