ရန်ကုန်တိုင်း ခရမ်းမြို့နယ်ရှိ ကျေးရွာများအတွင်း၌ ယခုလ ၂၆ ရက်မှစ၍ ဆိုင်ကယ် စီးခွင့် ပိတ်မည်ဟု စစ်ကောင်စီ၏ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ကြေညာကြောင်း ဒေသခံများထံက သိရသည်။
ပိတ်ပင်ရခြင်းမှာ မော်တော်ဆိုင်ကယ်စီး၍ ၎င်းတို့၏ ဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို လုပ်ကြံသတ်ဖြတ် သွားသည်မှာ ၂၅ ကြိမ်ရှိပြီး ၂၁ ဦး သေဆုံးခဲ့ကြောင်း၊ ထို့အတွက် အများပြည်သူများ၏ ဆိုင်ကယ်စီးနင်းခွင့်ကို မြို့နယ်၊ ကျေးရွာများအားလုံး ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက်က ခရမ်းမြို့နယ် စီမံ အုပ်ချုပ်ရေး အဖွဲ့မှ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများသို့ ပေးပို့သော စာတွင် ဖော်ပြထားသည်။
ခရမ်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၅၃ အုပ်စုနှင့် ကျေးရွာပေါင်း ၁၆၄ ရွာရှိရာ ယခု နိုဝင်ဘာလ ၂၆ ရက်မှ စတင်ပြီး ဆိုင်ကယ်စီးနင်းခွင့် ပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်။
ခရမ်းမြို့နယ် ဒေသခံတဦးက “စကစက အစည်းအဝေးမှာ ရွာတွေမှာ ပစ်ခတ်မှုတွေ ဖြစ်လို့ဆိုပြီး အခု ၂၆ ရက် စပိတ် မယ် ပြောတယ်၊ အခုလို မပိတ်ခင် ဆိုင်ကယ်သမားတွေရော ပြည်သူတွေရော ခေါ်ပြီး အစည်းဝေး လုပ်တယ်။ အဲဒီ တုန်းက မြို့ပေါ် ရပ်ကွက်တွေ မစီးရဘူး။ ရွာတွေတော့ ခွင့်ပြုပေးတယ်။ ပစ်ခတ်မှု မရှိရင် စီးခွင့်ပေးမယ်ပြောပြီး ကျန်ခဲ့တဲ့ ၁၀ ရက်လောက်က ဘေးပေါက်မှာ ဒလန် တယောက် ရှင်းခံရတယ် အဲဒီဒလန် ရက်လည် လုပ်တဲ့နေ့မှာပဲ ရိုးကြီးမှာ ဒလန်တယောက်ထပ် အရှင်းခံရတယ်။ အဲဒါတွေ ဖြစ်ပြီး အခု ရွာတွေပါ ပိတ်မယ်ဆိုပြီးတော့ ပြောတာ” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်ကတည်းက ခရမ်းမြို့ပေါ်တွင် ဆိုင်ကယ်စီးနင်းခွင့်ကို စစ်ကောင်စီက ပိတ်ထား ခဲ့ပြီးနောက်ပိုင်း ၎င်း၏တို့ အုပ်ချုပ်ရေးမှူးများ ခပ်စိပ်စိပ် ရှင်းလင်းခံရပြီးနောက် ကျေးရွာများပါမကျန် ခရမ်းတမြို့နယ် လုံး ဆိုင်ကယ် စီးနင်းခွင့်ကို ထပ်မံ ပိတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကျနော်တို့ မြို့နယ်က တနေရာနဲ့တနေရာ ဆိုင်ကယ်ပဲ အားပြုသွားနေရတာ။ အခုလို လုပ်တော့ သွားရေးလာရေးလဲ ခက်ခဲတယ်။ ဆိုင်ကယ်ကယ်ရီသမားတွေလည်း ဒုက္ခရောက်တာပေါ့။ အခုတော့ ဘေးတွဲတွေ ပတ်ပြီး ဆွဲရတယ်။ အဲဒီ တော့ လမ်းမကြီးတော့ မောင်းရတယ်။ လမ်းသွယ်ထဲကျ ဝင်မရတော့ဘူး။ အရင်က ခရမ်းမြို့ပေါ်နဲ့ ရွာတွေကနေ ဆိုင် ကယ်နဲ့ တက်ပြီး မြို့ပေါ်ကျတော့ ရပ်ပြီး ဝယ်စရာ၊ လုပ်စရာတွေ လုပ်ကြတာပေါ့။ အခုကျ ကယ်ရီခနဲ့က မခံနိုင်တော့ ဘူး။ ဝေးတဲ့ ရွာတွေကဆိုရင် ခရမ်းမြို့ပေါ်ကို လာရင် ကယ်ရီခက ကျပ် တသောင်းခွဲလောက် ရှိတယ်။ မတတ်နိုင် တော့ဘူး။ ခက်ခဲကုန်တာ” ဟု လက်ရှိ အခြေအနေကို ၎င်းက ရှင်းပြသည်။
ခရမ်းမြို့နယ် တမြို့နယ်လုံးကို ဘေးတွဲ ဆိုင်ကယ်၊ ဘက်ထရီစက်ဘီး၊ မော်တော်ကားနှင့် အခြား အနှေးယာဉ်များကို သာ စစ်ကောင်စီက စီးနင်းခွင့်ပြုမည်ဖြစ်ပြီး မော်တော်ဆိုင်ကယ် စီးနင်းခြင်းကို တွေ့ရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ဖမ်းဆီး အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ခရမ်းမြို့ခံ တဦးက “ကိုယ့်ဆိုင်ကယ်နဲ့ ကိုယ်ဆို ဆီဖိုးပဲ ကုန်တာလေ။ အခုကျတော့ မဖြစ်မနေမှပဲ သွားလာတော့မှာ ပေါ့။ အဲဒီတော့ မြို့ပေါ်မှာ အရောင်းအဝယ်တွေ ပါးကုန်တယ်။ ဝေးလံတဲ့ရွာဘက်က သူတွေလည်း ဆေးဝါးကုသတာ တို့ ဘာတို့ကအစ ခက်ခဲကုန်တာ၊ အလုပ်သမားတွေလည်း အသွားအပြန် ဒုက္ခရောက်တာပေါ့။ အခု ၂၆ ရက်မှာ ဆိုင် ကယ်စီးနင်းတာ စပြီး ပိတ်မယ်။ အဲဒါကို ပြည်သူက စီးရင် ပစ်မယ်၊ ဖမ်းမယ်လို့ ပြောတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်၊ မနက်ပိုင်းတွင် ခရမ်းမြို့နယ်၊ ရိုးကြီးရွာမှ အုပ်ချုပ်ရေးမှူး ဦးသန်းဌေး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် ဆိုင်ကယ် စီးနင်းခွင့်ကို ပိတ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း အင်းစိန်၊ ကွမ်းခြံကုန်း၊ သန်လျင်၊ ကော့မှူးနှင့် ဒလမြို့နယ်များတွင်လည်း မော်တော်ဆိုင်ကယ် စီးနင်းခွင့်ကို စစ်ကောင်စီက ပိတ်ထားသည်။
ထို့ပြင် ၎င်းတို့ တပ်ဖွဲ့ဝင်များ တပ်စွဲရာ မြို့နယ်များရှိ နေရာများ၊ မြို့တော် ခန်းမများ၊ ရဲစခန်းများ ရှေ့သို့လည်း ဆိုင်ကယ် များ ဖြတ်သန်း သွားလာခွင့်ကို ပိတ်ထားသလို တချို့ တိုင်းနှင့် ပြည်နယ်များတွင် အမျိုးသား နှစ်ဦး ဆိုင်ကယ် မစီးရ အစရှိသည့် ကန့်သတ်ချက်များကိုလည်း သတ်မှတ်ထားကာ၊ ဆိုင်ကယ်မောင်းနှင်သူများကို အကြောင်းမဲ့ သေနတ်နှင့် ပစ်ခတ်ခြင်းများကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးမှုများပင် ရှိနေကြောင်း ဒေသခံများက ဆိုသည်။
သန်လျင်မြို့နယ် ဒေသခံတဦးက “ညီမတို့ဆီမှာတော့ ဆိုင်ကယ်စီးနင်းခွင့်က ပိတ်ထားတာ ကြာပြီ။ အခုထိတော့ တရားဝင် စီးနင်းတာ ခွင့်မပြုသေးဘူး။ ဒါပေမယ့် ဖြစ်စလောက်တော့ သိပ်မဖမ်းတော့ဘူး။ စစပိတ်တုန်းကတော့ စစ်သားတွေက စောင့်ဖမ်းတာ ရှိတယ်။ မိရင်ထုရိုက်တာတွေ ဘာတွေ ရှိတယ်။ အသိထဲ တချို့ အဖမ်းခံရတဲ့သူတွေ ဆိုင်ကယ် အသိမ်းခံရတာ ရှိတယ်။ တချို့ကျ ဒဏ်ရိုက်ခံရတာ။ တချို့ကျတော့ ငွေမယူပဲ ကြက်ဥတို့ ဘာတို့ သူတို့ စားဖို့ ဝယ်ခိုင်းတာ အမျိုးမျိုးပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ဆိုင်ကယ်စီးခွင့် ပိတ်ထားသဖြင့် ဘေးတွဲဆိုင်ကယ်များ စီးနင်းရခြင်းမှာ အန္တရာယ်များပြီး လမ်းအချိုးအကွေ့ များတွင် ဝိတ်မနိုင်၍ မှောက်ခြင်း၊ စီးနင်းနေစဉ် ဘေးတွဲပြုတ်ထွက်ခြင်းများလည်း ရှိသောကြောင့် သွားလာရေးတွင် အခက်အခဲများ ရှိကြောင်း သိရ သည်။
You may also like these stories:
စစ်တွေ- ပုဏ္ဏားကျွန်း ကားလမ်းကို AA ထိန်းချုပ်ထားပြီလား
ဟုမ္မလင်းတွင် SNA နှင့် PDF တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား