စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင် စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းက ကျေးရွာများကို ဝင်ရောက်စီးနင်း၍ တပတ်အတွင်း အရပ်သား ၁၅ ဦးထက်မနည်း သတ်ဖြတ်သွားသလို ကျေးရွာ ၁၀ ရွာကိုလည်း မီးရှို့သွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
မီးရှို့ခံထားရသည့် ကျေးရွာများမှာ ဝက်လက်မြို့နယ်မှ ထန်းကြီးရွာ၊ စစ်ကိုင်းမြို့နယ် မင်းဝံတောင်ရိုးနှင့် ရေမျက်အင်း ကြား၊ စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက်လမ်းတလျှောက်ရှိ ကျောင်းဖြူ၊ အုန်းသဇင်၊ စဉ့်ကိုင်တောင်ရွာ၊ စဉ့်ကိုင်မြောက်ရွာ၊ တလိုင်း (ထီးလှိုင်)၊ တောင်ရင်း တောင်ရွာ၊ တောင်ရင်း မြောက်ရွာ၊ တောင်ရင်းရွာသစ်၊ အုန်းသဇင်ကျေးရွာနှင့်ကပ်လျက် မတ္တရာမြို့နယ်အပိုင် အိုင်ဒိုင်းကျေးရွာများ ဖြစ်သည်။
စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတဦးက “စစ်ကိုင်းနဲ့ဝက်လက်နယ်အစပ်က ကျေးရွာတွေကို နိုဝင်ဘာလ ၁၃ ရက်နေ့က စပြီး စစ်ကြောင်းထိုး၊ မီးရှို့တာတွေ ဆက်တိုက်လုပ်ခဲ့ကြတာ၊ ကျေးရွာ ၁၀ အထိ မီးရှို့ခံထားရပြီး ဒေသခံ ပြည်သူ ၁၅ ဦးလောက်ထိ သတ်ဖြတ် မီးရှို့ခံထားရတယ်၊ မင်းဝံတောင်ရိုးတလျှောက်က ရွာတွေဆိုရင် ပထမဦးဆုံး မီးရှို့ခံရတဲ့ ရွာတွေပဲ၊ အဲဒီဘက်က ဒေသခံ သောင်းဂဏန်းလောက်အထိ ထွက်ပြေးတိမ်းရှောင်နေကြရတယ်”ဟု ပြော သည်။
ယင်းဒေသများတွင် တပ်မ ၃၃ လက်အောက်ခံ တပ်များနှင့် ဒေသခံ ပျုစောထီးအဖွဲ့များပါဝင်သော အင်အား ၄၀၀ ခန့်ရှိ စစ်ကြောင်း ၂ ကြောင်းဖြင့် စီးနင်းနေခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁၃ ရက်နေ့က ဝက်လက်မြို့နယ် ထန်းကြီးကျေးရွာမှ နေအိမ် ၃၀၀ ကျော်ကို မီးရှို့ခဲ့ခြင်းကြောင့် ပြည်သူ တထောင်ခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး ဒေသခံ အမျိုးသား ၁ ဦး၊ ကျေးရွာကာကွယ်ရေးအဖွဲ့မှ ၄ ဦးတို့ကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ဘေးရှောင်များကို ကူညီပေးနေသူတဦးက “အိုင်ဒိုင်းကို ဝင်စီးတဲ့အချိန်မှာ ပိတ်မိနေတဲ့ ဒေသခံတွေထဲက ရွာသား ၁၀ ယောက်ကို PDF တွေလို့ စွပ်စွဲပြီး နေရာတွေ မေးတာ မဖြေလို့ဆိုပြီး သတ်သွားတယ်၊ ပြီးတော့ အလောင်းတွေကို မီးရှို့တဲ့အထဲ ပစ်ထည့်သွားကြတယ်၊ အချို့ရွာတွေကတော့ စစ်ကြောင်းနဲ့ ဝေးသွားလို့ ရှင်းလင်းရေး လုပ်နေတာတွေလည်း လုပ်နေကြပြီ၊ လုံး၀ ဝင်လို့ မရသေးတဲ့ရွာတွေလည်း ရှိနေသေးတယ်၊ ဆိုတော့ အသေးစိတ်အခြေအနေတွေကိုတော့ ပြောလို့ မရသေးဘူး၊ ခန့်မှန်းထားတဲ့စာရင်းအရဆိုရင်တော့ စစ်ကိုင်းမြို့နယ်တခုတည်းမှာပဲ ယာယီစစ်ရှောင်ဦးရေက တသောင်းအထက်မှာ ရှိနိုင်တယ်၊ အဲဒီထဲက အိုးမဲ့အိမ်မဲ့ ဖြစ်သွားတာက ၃ ထောင်ကျော်တယ်” ဟု ပြောသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်အတွင်း အိမ်ခြေ ၁၄၀ ရှိ စဉ့်ကိုင်မြောက်ရွာသည် ရွာလုံးကျွတ်နီးပါး၊ တောင်ရွာမှ နေအိမ် ၂ လုံးနှင့် တလိုင်း(ထီးလှိုင်) ကျေးရွာမှ နေအိမ် တလုံး၊ နိုဝင်ဘာ ၁၈ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ မင်းဝံတောင်ရိုးရှိ တောင်ရင်း မြောက်ရွာမှ နေအိမ် ၁၁၃ လုံး၊ တောင်ရင်း တောင်ရွာမှ နေအိမ် ၉ လုံး၊ တောင်ရင်း ရွာသစ်မှ နေအိမ် ၃၂ လုံးတို့ကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မင်းကွန်းဒေသခံတဦးက “မင်းဝံတောင်ရိုးနဲ့ မင်းကွန်းဒေသတွေဆိုတာက သာသနာ့နယ်မြေ၊ ရှေးဟောင်း နယ်မြေ ဆိုရင်လည်း မမှားဘူး၊ ပြီးတော့ ဒေသခံတွေကလည်း အေးအေး ဆေးဆေးနေကြတဲ့သူတွေများတယ်၊ ဒါကို အကြောင်းမဲ့ ဝင်စီးကြတာ၊ တောင်ရင်းက အခုလိုကာလမှာတောင် ပြေပြေလည်လည် ရှိနေတဲ့ ရွာကြီးပါ၊ ပထမဆုံး မီးရှို့ခံရတာပဲ၊ စစ်တပ်က ရှို့တာပါ၊ ဒေသခံတွေက တခါမှ မကြုံဘူးကြတော့ ကြောက်လန့်ပြီး နီးစပ်ရာတောတောင်တွေထဲ ပြေးကြရတာပေါ့”ဟု ပြောသည်။
ယခုအခါ စစ်ကောင်စီစစ်ကြောင်းသည် ဝက်လက်မြို့နယ်၊ ရွာနန်း(နတ်နန်း)ကျေးရွာတွင် အထိုင်ချတပ်စွဲထားပြီး ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်လည်း ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျှက်ရှိသည်။
လက်ရှိအချိန်အထိ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေဆဲဖြစ်သောကြောင့် စစ်ကိုင်းမြို့နယ် မင်းဝဲတောင်ရိုးနှင့် ရေမျက်အင်းကြား၊ စစ်ကိုင်း- ဝက်လက်-ရွှေဘို ခရိုင်ချင်းဆက် အမှတ်-၃ (စစ်ကိုင်း-ကျောက်မြောင်းလမ်း)လမ်းပိုင်းကို အသုံးမပြုကြရန်အတွက်လည်း ပြည်သူကာကွယ်ရေးအဖွဲ့များက အသိပေးထုတ်ပြန်ထားသည်။
စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေခြင်းကြောင့် နိုဝင်ဘာ ၂၁ ရက်နေ့ထိ မင်းဝံတောင်ရိုးနှင့် ရေမျက်အင်းကြားရှိ ကျေးရွာ ၂၀ ကျော် စစ်ဘေးရှောင်နေကြရပြီး စစ်ဘေးရှောင်ပြည်သူ ၁သောင်းခွဲကျော် ရှိကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် ဝက်လက် သတင်းထုတ်ပြန်ရေးကွန်ရက်မှ ထုတ်ပြန်ချက်များအရ သိရသည်။
You may also like these stories:
ဧရာဝတီမြစ်ရိုးတလျှောက်ကရွာများအား စစ်တပ်က စီးနင်းဖျက်ဆီး
စစ်ကောင်စီ၏ ဖြတ်လေးဖြတ် မီးရှို့စနစ် ဘာကြောင့် ကျရှုံးနေသနည်း