Voice of America (ဗွီအိုအေ) မြန်မာပိုင်းဌာနမှူးကို အလုပ်မှ ဆိုင်းငံ့ထားပြီး အမျိုးသမီး ဝန်ထမ်းတဦးအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု စွပ်စွဲချက်ဖြင့် ဌာနတွင်း စုံစမ်းနေကြောင်း VOA နှင့် နီးစပ်သော သတင်းရင်းမြစ်တွေအဆိုအရ သိရသည်။
ဗွီအိုအေ မြန်မာပိုင်းဌာန အကြီးအကဲ ဦးသန်းလွင်ထွန်းကို အမေရိကန် ပြည်ထောင်စု ကမ္ဘာလုံးဆိုင်ရာ မီဒီယာ အေဂျင်စီ (USAGM) မှ ဝန်ထမ်း အမျိုးသမီး တဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု တိုင်ကြားချက် တင်သွင်းပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြီးခဲ့သည့် အပတ်၌ ပြုလုပ်ခဲ့သည်။
USAGM သည် VOA နှင့် Radio Free Asia တို့ကို ကြီးကြပ်သည့် အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်အေဂျင်စီတခုဖြစ်သည်။ ၎င်း၏ဘတ်ဂျက်သည် ပြည်ထောင်စုရန်ပုံငွေမှ လာသည်။
မြန်မာအမျိုးသား ဦးသန်းလွင်ထွန်းသည် အရှုပ်အရှင်းနှင့် မစိမ်းပေ။ အာဏာသိမ်းပြီးနောက်ပိုင်း ဗွီအိုအေမြန်မာပိုင်းအစီအစဉ်မှ သတင်းပေးပို့ချက်များသည် အာဏာသိမ်း စစ်အုပ်စုဘက် ယိမ်းသည်ဟု နားဆင်သူ မြန်မာပရိသတ်နှင့် ဒီမိုကရေစီလိုလားသူ အများအပြားက ဝေဖန်နေကြသည်။
ဦးသန်းလွင်ထွန်း၏ ဦးဆောင်မှုအောက်တွင် ဖော်ပြသော သတင်းများသည် စစ်ကောင်စီကို မျက်နှာသာပေးသည်ဟု ယူဆသဖြင့် အင်တာဗျူးများ သို့မဟုတ် မှတ်ချက်များ မပေးတော့ကြောင်း လူ့အခွင့်အရေးအဖွဲ့ အများအပြားက ဧရာဝတီသို့ ပြောသည်။ ယခုအချိန်အထိ စစ်အာဏာသိမ်း ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ၂,၅၀၀ ကျော် သတ်ဖြတ်ခံခဲ့ပြီး ဖြစ်သည်။
အမည်မဖော်လိုသူ ဗွီအိုအေမြန်မာပိုင်း ဝန်ထမ်းတချို့က စစ်တပ်က အာဏာသိမ်းယူမှုအပေါ် သူတို့ အကြီးအကဲ၏ ရပ်တည်မှုနှင့် သူတို့၏ သတင်းအစီရင်ခံချက်များအား တည်းဖြတ်မှုအပေါ် မကျေနပ်ကြောင်း ပြောသည်။ ဗွီအိုအေ မြန်မာပိုင်းဌာန အခြေစိုက်ရာ ဝါရှင်တန်ဒီစီရှိ မြန်မာအသိုင်းအဝန်းဝင် အများအပြားကလည်း သူ့ကို ရှောင်ဖယ်ကြပြီး စစ်ကောင်စီထံမှ အခွင့်အရေးရှာနေသူများနှင့် နီးစပ်လွန်းသည်ဟု မြန်မာသတင်းထောက်များက ယုံကြည်နေကြသည်။
လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု စွပ်စွဲချက်နှင့် ပတ်သက်ပြီး ဦးသန်းလွင်ထွန်းအပေါ် စစ်ဆေးနေမှုကို ဗွီအိုအေထံ မှတ်ချက်ပေးရန် မေးမြန်းသည့်အခါ ဗွီအိုအေ၏ ပြည်သူ့ဆက်ဆံရေး ဒါရိုက်တာ Bridget Serchak က “ဗွီအိုအေက ဝန်ထမ်းရေးရာ ကိစ္စတွေကို မှတ်ချက်မပေးပါဘူး” ဟု ပြန်လည်ဖြေကြားသည်။
ဦးသန်းလွင်ထွန်းကို ရုံးတွင် ပြီးခဲ့သည့်အပတ်ကတည်းက မတွေ့ရတော့ကြောင်း VOA ဝန်ထမ်းများက ပြောသည်။
တနင်္ဂနွေနေ့တွင် ဦးသန်းလွင်ထွန်းက ၎င်း၏ ဖေ့စ်ဘွတ်တွင် တိုင်ကြားစာတင်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းမှာ လုပ်ငန်းခွင်တွင် အထူးအဆန်း မဟုတ်ကြောင်း ရေးသားထားသည်။
“ဖြစ်တာက အထက်အောက် လုပ်ငန်းခွင်ဆက်ဆံရေးကိစ္စနဲ့ နစ်နာမှု labor relation ပြဿနာ.. ပွထ ချဲ့ကားကုန်တာက လိင်မှုပြဿနာတွေ ဆိုဘဲ” ဟု သူရေးသည်။
၂၀၀၄ တွင် VOA သို့ မရောက်မီ ဦးသန်းလွင်ထွန်းသည် BBC မြန်မာပိုင်းအစီအစဉ်အတွက် ၁၉၉၁ ခုနှစ်တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
၂၀၁၂ ခုနှစ် မြန်မာနိုင်ငံကို တံခါးဖွင့်ခဲ့ပြီးနောက် ရန်ကုန်တွင် Hot News Weekly ထုတ်ဝေသူ ဒေါ်မမနှင့် နီးစပ်သည့် ဆက်ဆံရေးအတွက် ဝေဖန်ခံခဲ့ရဖူးသည်။ ဒေါ်မမသည် ယခင် စစ်အုပ်ချုပ်ရေးအောက် ရန်ကုန်တိုင်း တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်ကြီး ခင်မောင်သန်း၏ သမီးဖြစ်သည်။
You may also like these stories:
စစ်အာဏာသိမ်းဆန့်ကျင်ရေးနဲ့ ရာသီသွေးလာချိန်
မော်ဒယ်နှစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မည်ကို အမျိုးသမီးအဖွဲ့များ စိုးရိမ်
အီရန် အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှု တကမ္ဘာလုံး ကျယ်ပြန့်လာ