အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားသည် စီယမ်ရိ ခရိုင်တွင် ပြုလုပ်နေသော အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး (ADMM) မှ မြန်မာ စစ်ကောင်စီ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးအား တက်ရောက်ခွင့်မပေးဘဲ ဖယ်ထုတ်လိုက်သည်။
စစ်ကောင်စီသည် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ သဘောတူညီချက်များ အကောင်အထည်ဖော်ရာတွင် မြင်သာသည့် တိုးတက်မှုမရှိသဖြင့် ယခုကဲ့သို့ ဖယ်ထုတ်ခံရခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားအခြေစိုက် Khmer Times သတင်းစာက ရေးသားသည်။
ဗိုလ်ချုပ်ကြီး မြထွန်းဦး ယခုကဲ့သို့ အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြား မခံရခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။
ဗိုလ်ချုပ်ကြီးမြထွန်းဦး နှင့် ပတ်သက်၍ အငြင်းပွားမှုများရှိနေသော်လည်း ပြီးခဲ့သည့် ဇွန်လက ဖနွမ်းပင်တွင် ပြုလုပ်ခဲ့သည့် ၁၆ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် ၎င်းအား တက်ရောက်ခွင့်ပြုခဲ့သည်။
မြန်မာကာကွယ်ရေး ဝန်ကြီးဌာန၏ နိုင်ငံတကာရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်စိုးသည်လည်း မေလက ဖနွမ်းပင်မြို့တွင် ကျင်းပသည့် အာဆီယံ ကာကွယ်ရေး အကြီးတန်း အရာရှိများ အစည်းအဝေး (ADSOM) နှင့် (ADSOM-Plus) ကို တက်ရောက်ခဲ့သည်။
သို့သော်လည်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Tea Banh က အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးသို့ မြန်မာစစ်ကောင်စီအား နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ်သာ တက်ရောက်ရန် ဖိတ်ကြားမည်ဟု ဆုံးဖြတ်ခဲ့သည်။
ပြီးခဲ့သည့် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင်လည်း စစ်ကောင်စီဘက်က နိုင်ငံရေးအရ ကိုယ်စားမပြုသူကို စေလွှတ်ရန် ငြင်းဆန်ခဲ့သဖြင့် မြန်မာနေရာကို ချန်လှပ်ထားခဲ့ရသည်။
၁၆ ကြိမ်မြောက် အာဆီယံ-တရုတ် ကာကွယ်ရေး ဝန်ကြီးများ အလွတ်သဘော အစည်းအဝေးနှင့် ဇွန်လတွင် ကျင်းပသည့် အာဆီယံ-ဂျပန် ကာကွယ်ရေး ဝန်ကြီးများ အလွတ်သဘော တွေ့ဆုံပွဲတွင် ဗိုလ်ချုပ် မြထွန်းဦး ရောက်ရှိခဲ့သဖြင့် အငြင်းပွားစရာ ဖြစ်ခဲ့သည်။
၎င်း ဖနွမ်းပင်တို့ မရောက်မီတွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် အဖွဲ့ရာချီက အစည်းအဝေးတွင် မြန်မာကာကွယ်ရေးဝန်ကြီး၏ ပါဝင်မှုအား ဆန့်ကျင်ကြသော်လည်း ကမ္ဘောဒီးယားက တောင်းဆိုမှုများကို ပယ်ချခဲ့သည်။
ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများ အပြည့်အဝ ကျူးလွန်နေသော မြန်မာစစ်တပ်အား ဦးဆောင်စီမံခန့်ခွဲနေသူတဦးဖြစ်ကြောင်း အရပ်ဘက်အဖွဲ့ ၆၇၇ ဖွဲ့က ဆိုသည်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားသည် အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ စီယမ်ရိ မြို့၌ တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိ ကျင်းပနေပြီး မြန်မာဘက်က ကိုယ်စားလှယ်စေလွှတ်မှု မရှိသဖြင့် မြန်မာအလံနှင့် နေရာလွတ်ထားကာ အစည်းအဝေးကျင်းပနေကြောင်း Khmer Times သတင်းစာက ရေးသားသည်။
ပြီးခဲ့သည့် အာဆီယံ ထိပ်သီးအစည်းဝေးတွင် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးများမှအပ ကျန် အာဆီယံအစည်းအဝေးများ၌ လက်ရှိမြန်မာစစ်ကောင်စီ ပါဝင်ခွင့်ရနေသည့် အနေအထားအတိုင်း ဆက်လက်ထားရှိမည်ဟု ဆုံးဖြတ်ခဲ့သလို “အခြေအနေ ပိုဆိုးလာပါက” ကျန်ဝန်ကြီးအဆင့် အစည်းအဝေးများမှလည်း စစ်ကောင်စီကိုယ်စားလှယ်ကို ဖယ်ထုတ်မည်ဟု ဆုံးဖြတ်ခဲ့သည်။
ယင်းဆုံးဖြတ်ချက် ထွက်လာပြီးနောက်ပိုင်း အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး၌ မြန်မာစစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး တက်ရောက်ခွင့်ကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားက ကန့်သတ်လိုက်ခြင်းဖြစ်သည်။
ယခုအစည်းအဝေးသို့ အမေရိကန်နှင့် တရုတ် ကာကွယ်ရေးဝန်ကြီးများလည်း တက်ရောက်နေပြီး ထိုင်ဝမ်အရေး နှစ်ဘက်တင်းမာနေမှုများ လျှော့ချရေး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရန်လည်း ရှိသည်။
ကိုးကား။ ။ Khmer Times
You may also like these stories:
အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်နေမယ်လို့ စစ်ကောင်စီပြော
အာဆီယံ ဆုံးဖြတ်ချက်နှင့် မြန်မာစစ်တပ်
နိုင်ငံတကာဖိအား လျော့ကျဖို့ အကျဉ်းသားများ လွှတ်ခြင်းဟု ဝေဖန်မှုများရှိနေ
နိုင်ကျဉ်း အနည်းငယ်သာလွှတ်သည့် ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီကို ပိုမို ဖိအားပေးရန် လိုအပ်သည်