ထိုင်းနိုင်ငံ တောင်ပိုင်း ဆွန်ခလာပြည်နယ် ဟတ်ရိုင်မြို့နယ်ရှိ APK သစ်စက်ရုံမှ မြန်မာလုပ်သား ၂၀၀ကျော်က ၎င်းတို့ ၏ ပတ်စ်ပို့နှင့် အထောက်အထားများ အသိမ်းခံရခြင်းအပေါ် ဆန္ဒပြမှု ဖြစ်ခဲ့ပြီးနောက် အလုပ်ရှင်က ပြန်ပေးမည်ဟု ကတိပြုသော်လည်း အလုပ်သမားများကမူ စိုးရိမ်မှုများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ရက်က ယင်းအလုပ်သမား ၂၀၀ကျော်မှာ နိုင်ငံကူးလက်မှတ်နှင့် အထောက်အထားများ သိမ်း ဆည်းခံရခြင်း၊ အလုပ်လုပ်ခွင့် သက်တမ်းတိုးပေးမည်ဆိုကာ ငွေကြေးကောက်ခံထားသော်လည်း လုပ်မပေးခြင်းနှင့် လုပ်ငန်းခွင်အတွင်း အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ထို့အတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) မှ ဟတ်ရိုင်မြို့တာဝန်ခံ ဦးဘရီနှင့် ထိုင်း နိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့တို့က နိုဝင်ဘာ ၂၁ ရက်တွင် သွားရောက် ဖြေရှင်းပေးခဲ့ကြောင်း၊ စက်ရုံမှ အလုပ်သမား များထံမှ ယူထားသည့် နိုင်ငံကူးလက်မှတ်များ၊ သက်တမ်းတိုးရန် ကောက်ခံထားသော ငွေကြေးများ အပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကောက်ခံထားသည့် ဘတ် ၁ ထောင်ကို လည်း ဒီဇင်ဘာ ၇ ရက်တွင် ပြန်ပေးမည်ဟု ကတိ ပေးခဲ့ကြောင်း သိရသည်။
APK စက်ရုံမှ အလုပ်သမားတဦးက “အခု ညှိနှိုင်းတဲ့အခါ ကျမတို့ ဖြစ်ချင်တဲ့အတိုင်း လုပ်ပေးမယ် ပြောတာပဲ။ ကျမ တို့ကတော့ ယုံကြည်မှု မရှိသေးဘူး။ ဆန္ဒတွေလည်း ပြခဲ့ကြတော့ အပြစ်ရှာမှာလည်း စိုးရိမ်တယ်။ သူတို့အခြေအနေ ကို စောင့်ကြည့်နေတယ်။ အကဲတော့ခတ်နေပါတယ်” ဟု ဆိုသည်။
အလုပ်သမားများ အနေဖြင့် စက်ရုံဘက်မှ ဖြေရှင်းပေးမည်ဆိုသည့် ကတိကြောင့် ကျေအေးပေးခဲ့ခြင်း ဖြစ်ပြီး အခြေ အနေကိုမူ စောင့်ကြည့်နေမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
MWRN မှ ဟတ်ရိုင်မြို့ တာဝန်ခံ ဦးဘရီက “အလုပ်သမားအခွင့်အရေးဆိုင်ရာ အဖွဲ့ကနေ တောင်းဆိုချက်တွေ ပြုလုပ် တဲ့အခါ အချက်တိုင်းလိုလိုပဲ စက်ရုံက သဘောတူညီခဲ့ပါတယ်။ သိမ်းထားတဲ့ ပတ်စ်ပို့တွေကိုလည်း ထုတ်ပေးပြီး ဗီဇာ ဆက်ပေးပြီး ပြန်ပေးပါမယ်လို့ ပြောတယ်။ ကိုဗစ်ဆေးထိုးဖို့အတွက် ဖြတ်ထားတဲ့ ပိုက်ဆံကိုလည်း လာမယ့် ဒီဇင်ဘာ ၇ ရက်မှာ ပေးမယ်လို့ ပြောပါတယ်။ အပြည့်အဝတော့ မယုံပါဘူး။ စောင့်ကြည့်နေတယ်။ အလုပ်သမားတွေ ခံပြင်းတဲ့ အချက်တချက်က အလုပ်သမားတွေကို ခွဲခြားဆက်ဆံတယ်။ မတူမတန်သလို ဆက်ဆံ တဲ့ အခါ တော်တော်လေးကို ခံပြင်းကြတယ်” ဟု ရှင်းပြသည်။
ထိုင်းနိုင်ငံတွင် တနှစ်လျှင် တရားဝင်အလုပ်ပိတ်ရက် ၁၃ ရက်ရှိပြီး ယင်းပိတ်ရက်များတွင် အလုပ်လုပ်ပါက ပုံမှန် လုပ် ခ ၏ ၂ ဆရမည် ဖြစ်သော်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် မရရှိကြောင်း စက်ရုံမှ နေထိုင်ခွင့်ပြု သည့် နေရာများတွင်လည်း မီးခ၊ ရေခများကို ပုံမှန်ထက် ၂ ဆပေးဆောင်ရကြောင်း လုပ်ငန်းခွင်အတွင်း ထိခိုက် ဒဏ်ရာရပါက ထိရောက်စွာဆေးကုသခွင့်မပေးကြောင်း အလုပ်သမားများထံမှ သိရသည်။
အလုပ်ရှင်ဘက်မှ ၎င်းတို့၏ အထောက်အထားများကို သိမ်းဆည်းထားပြီး သက်တမ်းတိုးပေးမည် ဟုဆိုကာ တဦးလျှင် ဘတ်ငွေ ၁ သောင်းကျော်ကို အလုပ်သမားများထံမှ ယူထားသော်လည်း လုပ်ပေးခြင်းမရှိဘဲ အထောက်အထား မရှိသူ များ ကို ပြုလုပ်ပေးသည့် ပန်းရောင်ကတ်ဟု ခေါ်သော အလုပ်သမားကတ်များသာ ပြုလုပ်ပေး ရန် ပြောလာကြောင်း သိရသည်။
အဆိုပါ ပန်းရောင်ကတ်များ လုပ်ပေးရန်လည်း လုပ်ငန်းစဉ်များကို လက်ရှိအချိန်ထိ စတင်ခြင်း မရှိသည့် အတွက် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်ကြောင်းလည်း အလုပ်သမားများက ဆိုသည်။
APK စက်ရုံမှ အလုပ်သမားတဦးက “ကျမတို့ MoU နဲ့ လာပြီး ၂ နှစ်ပြီးကတည်းက စာအုပ်တွေသိမ်းထားတာ အခုဆို ၅ နှစ် ရှိပြီ။ ဘာမှမပြောဘဲနဲ့ တုံးထုရမှာတွေ ဘာတွေ ရှိတယ်ဆိုပြီး ယူသွားတာ။ ကျမတို့မှာ အပြင်သွားစရာ ရှိရင် တောင် မိတ္တူတွေပဲ ပေးလိုက်တာ။ စာအုပ်တွေကို မပေးဘူး။ သက်တမ်းတိုးပေးမယ်ဆိုပြီး ပိုက်ဆံတွေ လိုက်ကောက် နေတာ ၆ လပိုင်းကတည်းကပဲ။ အခုထိကို တိုးမပေးသေးဘူး။ တိုးမရတော့လို့ ဘတ်ရိုက်ရမယ်ဆိုပြီး ပိုက်ဆံတွေ လည်း ထပ်တောင်းတယ်။ ပြီးခဲ့တဲ့ရက်က စက်ရုံကို စစ်ဆေးရေးလာတော့ ကျမတို့ ပြောခွင့်မရခဲ့တဲ့အတွက် အခုလိုမျိုး တောင်းဆိုခဲ့ကြတာပါ” ဟု ဧရာဝတီကို ပြောသည်။
ထိုင်းဥပဒေအရ အလုပ်သမားများ၏ နိုင်ငံကူးလက်မှတ်များ၊ အထောက်အထားများ၊ ဘဏ်စာအုပ်များကို အလုပ် သမားများ၏ သဘောဆန္ဒ မပါရှိဘဲ သိမ်းဆည်းပိုင်ခွင့် မရှိကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများထံမှ သိရ သည်။
ထိုကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားများ၏ ပြဿနာများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိရုံးများက ဝေးလံသည့်အတွက် လာရောက် ဖြေရှင်းပေးခြင်းမျိုး မရှိသလို အလုပ်သမားများက ဖုန်းခေါ်ဆိုသည့် အခါတွင်လည်း ဖုန်းမကိုင်ခြင်းများဖြင့်သာ ကြုံတွေ့ရတတ်ကြောင်း အလုပ်သမားရေးဆောင်ရွက်သူများနှင့် အလုပ်သမားများက ဆိုသည်။
ဧရာဝတီ အနေဖြင့် ဘန်ကောက်မြို့ရှိ သံအရာရှိရုံးကို မေးမြန်းရန် ဆက်သွယ်ခဲ့ရာ အဆိုပါ ကိစ္စအား ၎င်းတို့ထံ ဆက်သွယ် တိုင်ကြားလာခြင်း မရှိကြောင်းသာ ပြန်လည်ဖြေကြားခဲ့ပြီး ရနောင်းမြို့သံအရာရှိရုံးကလည်း မီဒီယာများသို့ ပြန်လည် ဖြေကြားခွင့် မပေးထားကြောင်းသာ ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ကတ်ထူစက္ကူအမှုန့်ကြိတ်စက်ရုံတခုတွင် နှစ်နိုင်ငံသဘောတူစာချုပ် စနစ် (MoU) ဖြင့် အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမား ၁၈၀ ကျော် လုပ်ခလစာ အပြည့်ဝရရှိရန် တောင်းဆိုရာမှ အလုပ်ထုတ်ခံရမှု ဖြစ်ပွားခဲ့သည်။
မြန်မာနိုင်ငံမှ တခြားသော နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် လုပ်သားဦးရေ ၅ သန်း ရှိသည့်အနက် အိမ် နီးချင်း ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်သူဦးရေမှာ အများဆုံး ဖြစ်ပြီး ၃ ဒသမ ၅ သန်း ရှိကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူများက ခန့်မှန်းထားသည်။
တောင်ကိုရီးယားမှ မြန်မာလုပ်သား ၅ ထောင်ကျော် ပတ်စ်ပို့ သက်တမ်း တိုးမပေး၍ အခက်ကြုံ
ထိုင်း MoU လုပ်သား ၁၈၀ ကျော် လစာအပြည့် မရ၍ တောင်းဆိုရာမှ အလုပ်ထုတ်ခံရ
ထိုင်းတွင် ပန်းရောင်လုပ်သားကတ်လုပ်ရာ၌ ငွေကြေး လိမ်လည်မှုများရှိနေ
ထိုင်းနိုင်ငံသို့ MoU ဖြင့် လာသည့် အလုပ်သမား ၇၀ ကျော် အလုပ်လက်မဲ့ဖြစ်နေ