နိုင်ငံခြားအစိုးရ အများအပြားသည် စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ ဆက်လက် ချမှတ်နေချိန်တွင် အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်သည် မြန်မာစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို ယခုအပတ် အစောပိုင်းက နေပြည်တော်တွင် တွေ့ဆုံပြီး ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ဆွေးနွေးသည်။
ယခင် နိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ် ဗာဒန် ရှရန်ဂလာ လွန်ခဲ့သောနှစ် ဒီဇင်ဘာလက မြန်မာသို့ လာရောက်ပြီးနောက် ဗီနေးမိုဟန် ကွာထရာ၏ နိုဝင်ဘာလ ၂၁ ရက်နေ့ ခရီးစဉ်သည် အိန္ဒိယနိုင်ငံမှ အဆင့်အမြင့်ဆုံး အရာရှိတဦး မြန်မာသို့ လာရောက်ခြင်းဖြစ်သည်။ မစ္စတာ ကွာထရာကို မေလတွင် နိုင်ငံခြားရေး အတွင်းဝန်အဖြစ် ခန့်အပ်ခြင်းဖြစ်သည်။
စစ်ကောင်စီကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေသော်လည်း အိန္ဒိယသည် စစ်ကောင်စီနှင့် ဗြောင်ကျကျ ပူးပေါင်းဆောင်ရွက်နေပြီး သံတမန်ရေး ထောက်ခံမှုပေးရုံသာမက စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လာမည့်နှစ်တွင် ကျင်းပရန်ကြံစည်နေသည့် အထွေထွေ ရွေးကောက်ပွဲအတွက် အကူအညီများလည်း ပေးနေသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ကွာထရာနှင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တို့သည် ကျပ်ငွေနှင့် ရူပီး တိုက်ရိုက်ဖလှယ်ရေး၊ ရေကြောင်း ကုန်သွယ်ရေးအပါဝင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ နယ်စပ်ဒေသ တိုးတက်ရေးအတွက် ပိုမို ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြောင်း စစ်ကောင်စီ မီဒီယာက ဖော်ပြသည်။
မစ္စတာ ကွာထရာ၏ ခရီးစဉ်သည် လွန်ခဲ့သော လအနည်းငယ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမားနှင့် စစ်ကောင်စီဝန်ကြီးများ ၂ နိုင်ငံပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး အစည်းအဝေး အများအပြား ပြုလုပ်ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သောကြောင့် ပဏာမဆွေးနွေးပွဲများတွင် ရရှိထားသော သဘောတူညီချက်များကို တရားဝင်အတည်ပြုရန် အဆင့်မြင့်သံတမန်တဦး လာရောက်သည့် လက္ခဏာဖြစ်သည်။
မစ္စတာ ကူမားသည် သူ၏ သံအမတ် ခန့်အပ်လွှာကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ထံသို့ ယခုနှစ် ဧပြီလတွင် ပေးအပ်ခဲ့သည်။ ထို့နောက် ရက်သတ္တပတ် အနည်းငယ်ကြာသောအခါ သူသည် စစ်ကောင်စီ ခန့်အပ်ထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် တွေ့ဆုံဆွေးနွေးကာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် လာမည့် ရွေးကောက်ပွဲတွင် ပိုမို ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးသည်။ ထိုရွေးကောက်ပွဲသည် အတုအပဖြစ်သည်ဟု ပြည်တွင်းနှင့် နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေသည့် ရွေးကောက်ပွဲဖြစ်သည်။
အိန္ဒိယနှင့် မြန်မာလက်ရှိ စစ်ကောင်စီအကြား နွေးထွေးသော ဆက်ဆံရေးသည် စစ်ကောင်စီ၏ အစောပိုင်း ရက်များဖြစ်သော ၂၀၂၁ ခုနှစ်က စတင်ခဲ့သည်။ ထိုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းသောကြောင့် စစ်ကောင်စီသည် နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများကို ခံနေရသော်လည်း အိန္ဒိယသည် စစ်အာဏာသိမ်းမှုအကြောင်း တိုက်ရိုက်မပြောရန် သတိထားနေသလို ကြေညာချက်များတွင် ပြစ်တင်ရှုတ်ချခြင်းလည်း မရှိပေ။
စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူများအား စစ်ကောင်စီက သွေးချောင်းစီး နှိမ်နင်းနေသောကြောင့် နိုင်ငံတကာ စစ်သံမှူးအများစုက စစ်ကောင်စီ၏ တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားကို သပိတ်မှောက်နေချိန်တွင် အိန္ဒိယက ထိုအခမ်းအနားသို့ တက်ရောက်သည့် လက်တဆုပ်စာ နိုင်ငံများတွင် တရုတ်နှင့် ရုရှားနှင့်အတူ ပါဝင်နေသည်။
ထို့နောက် လွန်ခဲ့သောနှစ် နိုဝင်ဘာလတွင် အိန္ဒိယနိုင်ငံသည် အိန္ဒိယရေတပ်က ကျင်းပသည့် ဂိုအာရေကြောင်း ဆွေးနွေးပွဲသို့ ရေတပ်ချုပ် မိုးအောင်ကို ဖိတ်ခေါ်သည်။
မြန်မာသည် ၎င်း၏ ပထမဆုံး ရေငုပ်သင်္ဘောဖြစ်သော ဆိုဗီယက်လုပ် ကီလိုအတန်းအစား ရေငုပ်သင်္ဘောကို အိန္ဒိယထံမှ ရရှိသည်။
ဗိုလ်ချုပ်များသည် မြန်မာ့ဘဏ္ဍာရေး အကျပ်အတည်းကို စိုက်ပျိုးရေး ထုတ်ကုန်များ ပြည်ပတင်ပို့ခြင်းဖြင့် ဖြေရှင်းရန် ကြိုးစားနေချိန်တွင် အိန္ဒိယသည် မြန်မာစိုက်ပျိုးရေး လုပ်ငန်းများ မြှင့်တင်ရေးအတွက် နည်းပညာ အကူအညီများလည်း ပေးနေသည်။
စက်တင်ဘာလတွင် မြန်မာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်ထွဋ် ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့တဖွဲ့သည် အိန္ဒိယသို့ သွားရောက်ပြီး ပဲတီစိမ်းအပါအဝင် ထွက်နှုန်းမြင့် ပဲမျိုးများကို ယူဆောင်လာသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စစ်ကောင်စီခန့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦး ကိုလ်ကတ္တားတွင် ကျင်းပသည့် အိန္ဒိယ ကုန်သည်ကြီးများအသင်း နှစ်ပတ်လည်အစည်းအဝေးသို့ ဂုဏ်ထူးဆောင် ဧည့်သည်အဖြစ် တက်ရောက်သည်။ သူသည် စစ်ကောင်စီအတွက် မြန်မာသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရာတွင် အရေးပါသူဖြစ်သည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်တို့သည် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းတိုးတက်မှုအမြင်များ ဖလှယ်ကြသည်ဟု သတင်းများတွင် ဖော်ပြကြသော်လည်း အသေးစိတ်များကို မသိရပေ။
အိန္ဒိယနိုင်ငံသည် ဒေါ်လာသန်း ၄၀၀ နီးပါး ကုန်ကျမည့် ကုလားတန် ဆိပ်ကမ်းစီမံကိန်းနှင့် မြန်မာနိုင်ငံ အနောက်ပိုင်းမှ အဝေးပြေးလမ်း တည်ဆောက်ရေးတွင်သာမက အိန္ဒိယ၏ ကုန်းတွင်းပိတ် အရှေ့မြောက်ပြည်နယ်များကို မြန်မာမှတဆင့် ထိုင်းနှင့်ဆက်သွယ်ရေး ဒေါ်လာ သန်း ၂၅၀ တန် လမ်းစီမံကိန်းတွင်လည်း ပတ်သက်နေသည်။
အိန္ဒိယ၏ ကုန်းတွင်းပိတ် အရှေ့မြောက်ပြည်နယ်များအတွက် ထွက်ပေါက်ပေးရန် ရည်ရွယ်သည့် ကုလားတန် စီမံကိန်းသည် ကာလကြာမြင့်စွာ နှောင့်နှေးနေပြီးနောက် လာမည့်နှစ်တွင် ပြီးစီးရန် စီစဉ်ထားသည်။ သို့သော် မြန်မာစစ်တပ်သည် ထိုဒေသမှ ရခိုင်လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲများအသစ်တဖန် ပြန်လည် ဖြစ်ပွားနေသောကြောင့် စိန်ခေါ်မှုများစွာ ရှိနေသည်။
အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန်သည် စစ်ကောင်စီခန့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တနင်္လာနေ့တွင် တွေ့ဆုံပြီး မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အမြင်ချင်းဖလှယ်သည်။ သူသည် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်လည်း တွေ့ဆုံပြီး ကုလသမဂ္ဂနှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်း ဆွေးနွေးပွဲများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဆွေးနွေးခဲ့သည်။
You may also like these stories:
မြန်မာ့သစ် တင်သွင်းရာတွင် အိန္ဒိယ သတိထားရန် လိုအပ်
စစ်ကောင်စီနှင့် ဆက်ဆံရေးခိုင်မာစေရန် အိန္ဒိယက ဒီပါဝလီပွဲတော်ကို ခုတုံးလုပ်
တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့ မြန်မာစစ်အုပ်ချုပ်ရေးကို ကူညီနေ
ကုလားတန်စီမံကိန်း အိန္ဒိယအပြောင်းအလဲ ကန်ထရိုက်များအတွက် စိန်ခေါ်မှုဖြစ်လာ
မြန်မာစစ်ကောင်စီ၏ ကိုယ်ပျောက်မိတ်ဆွေ အိန္ဒိယ