စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် လှတောကျေးရွာအတွင်းနှင့် လှတောရဲစခန်း၌ တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရွာအား မီးရှို့မည်ဟု ခြိမ်းခြောက်သဖြင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။
လှတောကျေးရွာမှာ အိမ်ခြေ ၁ ထောင်ကျော်ရှိပြီး လူဦးရေ ၄ ထောင်ကျော်ရှိကာ လက်ရှိအချိန်တွင် ဒေသခံများအနေ ဖြင့် နီးစပ်ရာရွာများနှင့် တောတောင်များအတွင်းသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါ မိုင်းဆွဲတ်ိုက်ခိုက်ခံရမှု ဖြစ်စဉ် ၂ ခုမှာ နိုဝင်ဘာ ၂၃ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီး ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများလည်း ရှိခဲ့ကြောင်း သိရသည်။
လှတော ဒေသခံတဦးက “ရွာမှာ အထိုင်ချထားတဲ့ စစ်သားတွေ အပြင်ထွက်ချိန်မှာရယ်၊ လှတောစခန်းမှာ အထိုင်ချ ထားတဲ့ တပ်နဲ့ ပျူတွေ စခန်းက ထွက်လာတဲ့အချိန်တွေမှာ မိုင်းဆွဲ တိုက်ခိုက် ခံခဲ့ရတယ်။ ထိခိုက် သေဆုံးတာတွေ လည်း ရှိခဲ့တယ်။ အဲဒါကြောင့်ပဲ စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းပစ်၊ သေနတ်တွေနဲ့ ရမ်းပစ်တာတွေလည်း လုပ် ခဲ့တယ်။ ပြီးတော့ ရွာကိုလည်း မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်နေကြလို့ တရွာလုံးနီးပါး ဘေးလွတ်ကို ရှောင်နေကြရ တယ်” ဟု ဧရာဝတီကို ပြောသည်။
လှတောကျေးရွာအတွင်း၌ အင်အား ၃၀ ခန့်ပါသော စစ်ကောင်စီတပ်က ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းမှ စတင်ကာ စာသင်ကျောင်းအတွင်း တပ်စွဲထားကာ နိုဝင်ဘာလ၂၃ ရက် နံနက် ၉ နာရီခန့်အချိန်တွင် ဝက်လက်မြို့နယ် ပကဖ အဖွဲ့ ဝင်တဦး၏ နေအိမ်အား ဝင်ရောက်ဖျက်ဆီးပြီး ပြန်အထွက်၌ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး စစ်သား တဦး သေဆုံခဲ့ကြောင်း သိရသည်။
လှတော ဒေသခံက “မနေ့က ရွာထဲမှာ ပကဖ အဖွဲ့ဝင်တွေ ရှိတယ်ဆိုပြီး အထိုင်ချထားတဲ့ တပ်နဲ့ပေါင်းပြီး ဝင်မွှေကြ တာ။ သူတို့ ရှာတဲ့သူ မတွေ့လို့ ဆိုပြီး အိမ်ကို ဖျက်ဆီးတာတွေ လုပ်သွားကြတယ်။ အဲဒီကနေ ပြန်အထွက်မှာ မိုင်းဆွဲ တိုက်ခိုက်ခံရတာ။ လွန်ခဲ့တဲ့၂ လကျော်ကတည်းက ရွာမှာ တပ်စွဲထားတဲ့ တပ်ကနေ တနေ့ညက တညလုံး လက်နက် ကြီးတွေနဲ့ ရမ်းသမ်းပစ်၊ သေနတ်တွေနဲ့လည်း ရမ်းပစ်တာတွေ လုပ်ခဲ့ကြတယ်။ ကျနော်တို့လည်း ကိုယ့်ထိမှာ ကြောက် ပြီး ပုန်းနေကြရတာ၊ မနက်ကျတော့ ရွာကနေ ရှောင်ထွက်လာခဲ့လိုက်တယ်” ဟု ပြောသည်။
ထိုနေ့ နံနက် ၁၁ နာရီခန့်အချိန်တွင်ပင် လှတောရဲစခန်းမှ အင်အား ၁၀ ဦးခန့်ဖြင့် ထွက်လာသော စစ်ကောင်စီ တပ်ဖွဲ့ ဝင်နှင့် ပျုစောထီးများအား BLACK WOLF – PDF၊ ပျံလွှား- PDF၊ မုန်တိုင်း – PDF အဖွဲ့များ ပူးပေါင်းပြီး မိုင်း၂ လုံး ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားတဦး၊ ပျုစောထီး တဦးတို့ သေဆုံးခဲ့ကြောင်း BLACK WOLF – PDF အဖွဲ့ထံက သိရသည်။
BLACK WOLF – PDF အဖွဲ့တာဝန်ခံက “မြေပြင်အနေအထားအရတော့ ညတိုင်းနီးပါး စစ်ကောင်စီတပ်တွေ အထိုင်ချ ထားတဲ့ ရွာတွေကို လက်နက်ကြီးတွေနဲ့ ဝင်ထုနေတာတွေလည်း လုပ်နေတယ်၊ သူတို့ရဲ့ လှုပ်ရှားမှုတွေကို သိရရင် လည်း မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်နေတယ်၊ မနေ့ကတော့ လှတောစခန်းက ထွက်လာတဲ့ စစ်ခွေးနဲ့ ပျုတွေကို မိုင်းဆွဲခဲ့တာမှာ ပျုတကောင်နဲ့ စစ်ခွေး တကောင် သေတယ်။ ကျန်တဲ့သူတွေလည်း ထိခိုက် ဒဏ်ရာရတာတွေရှိခဲ့ တယ်။ မိုင်းထိပြီးတော့ ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေလည်း လုပ်ခဲ့ကြတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်ကလည်း လှတောကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ ဈေး ဝယ်ထွက်ပြီး အပြန်၌ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရကာ၊ ယင်းသို့ တိုက်ခိုက်ခံရစဉ်ကလည်း ကျေးရွာအား မီးရှို့ မည်ဟု ခြိမ်း ခြောက်သဖြင့် ရွာသားအချို့ ထွက်ပြေးခဲ့ရကြောင်း၊ ယခုတကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရွာလုံးကျွတ် ထွက် ပြေးကြရခြင်း ဖြစ်သလို နိုဝင်ဘာ၂၄ ရက် နံနက်ပိုင်းအထိ ကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ် တို့ကြား အပြန် အလှန် ပစ်ခတ်မှုများရှိကြောင်း သိရသည်။
နိုဝင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းကလည်း တပ်မ ၃၃ လက်အောက်ခံတပ်များနှင့် ဒေသခံ ပျုစောထီးအဖွဲ့များ ပူးပေါင်း ထားသည့် စစ်ကြောင်းက အိမ်ခြေ ၂၀၀ ခန့်၊ လူဦးရေ ၁ ထောင်ဝန်းကျင်ခန့် နေထိုင်သော ဝက်လက်မြို့နယ်၊ မူးကြီး ကျေးရွာကို မီးရှို့ခဲ့သဖြင့် ရွာလုံးကျွတ်နီးပါး မီးလောင်နေသလို ဒေသခံများမှာလည်း ထွက်ပြေးတိမ်းရှောင်နေ ကြရ ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ စစ်ကြောင်းသည် စစ်ကိုင်းနှင့် ဝက်လက်မြို့နယ် အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးနေသော တပ်မ ၃၃ လက် အောက်ခံတပ်များနှင့် ဒေသခံ ပျူစောထီး အဖွဲ့များ ပူးပေါင်းထားသည့် အင်အား ၇၀ ခန့်ပါသော စစ်ကြောင်းဖြစ်ကာ တကျော့ပြန် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း၊ မူးကြီးကျေးရွာအား မီးရှို့ပြီးနောက် လိန်ပင်ကျေးရွာဘက်သို့ ရောက်ရှိနေကြောင်း သိရသည်။
စစ်ကောင်စီ တပ်ဖွဲ့များသည် ဩဂုတ်လ နောက်ပိုင်းတွင်လည်း စစ်ကိုင်းတိုင်းအတွင်း ကျေးရွာများကို ဆက်လက် မီးရှို့လျက်ရှိသလို အောက်တိုဘာနှင့် နိုဝင်ဘာလများအတွင်း ပို၍ မီးရှို့မှုမှာ များလာကြောင်း၊ စစ်ကိုင်းတိုင်းသည် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်နေသော ကချင်၊ ချင်း၊ ရခိုင် စသည့် ဒေသများနှင့်လည်း ဆက်စပ်နေသည့်အတွက် စစ်ကောင်စီ၏ ရှေ့တန်းပစ်မှတ် ဖြစ်လာခဲ့ခြင်း ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။
စစ်ကိုင်းတိုင်းသည် လက်နက်ကိုင် တော်လှန်ရေး အားကောင်းရာ ဒေသဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်မှ ၂၁ ရက်ထိ ၁ ပတ်အတွင်း ကျွန်းလှ၊ မြောင်၊ ခင်ဦး၊ ရွှေဘို၊ ကန့်ဘလူ၊ စစ်ကိုင်း၊ ဝက်လက်မြို့နယ်စသည့် မြို့နယ် ၇ ခုမှ ကျေးရွာ ပေါင်း ၂၃ ရွာထိ မီးရှို့ခံထားရကြောင်း၊ အချို့သော ကျေးရွာများမှ နေအိမ်များ မီးထဲသို့ ပါသွားသည့် ဒေသခံများမှာ မိမိတို့အိမ်၏ ပြာပုံများကို ရှင်းလင်းရေးများ လုပ်ဆောင်နေကြဖြစ်သလို နီးစပ်ရာ ရွာများနှင့် ဘုန်းကြီးကျောင်းများ၌ ခိုလှုံနေထိုင်နေရသည့် သူများလည်းရှိကြောင်း သိရသည်။
စစ်ကောင်စီသည်၂၀၂၁ နှစ်ကုန်ပိုင်းမှ စတင်ကာ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာများကို တရွာဝင်တရွာထွက် မီးရှို့ခဲ့ သည့်အနက် ၂၀၂၂ ခုနှစ် ဧပြီ၊ မေနှင့် ဇွန် ၃ လသည် နေအိမ်ပျက်စီးမှု အရေ အတွက် အများဆုံးလများ ဖြစ်ခဲ့ပြီး အဆိုပါ ၃ လအတွင်း နေအိမ်ပေါင်း ၁၂,၀၀၀ ကျော် ဖျက်ဆီးခံခဲ့ရကြောင်း Data for Myanmar က ထုတ်ပြန်ထား သော အချက်အလက်များအရ သိရသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ထားသည့် စာရင်းများအရ အောက်တိုဘာ ၁ လလုံးတွင် နိုင်ငံအနှံ့ နေအိမ်၊ အဆောက်အအုံပေါင်း ၁,၅၁၀ လုံးထက်မနည်းကို စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးခဲ့သည့်အနက် စစ်ကိုင်းတိုင်းတွင် ၁,၁၂၄ လုံးထက်မနည်း ရှိနေကြောင်း၊ အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းလုံး၌ နေအိမ်နှင့် အဆောက်အအုံပေါင်း ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရသည့်အနက် ၇၀ ရာခိုင်နှုန်းမှာ စစ်ကိုင်းတိုင်းတွင် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်း စစ်ပြေးဒုက္ခသည် ၁ ဒသမ ၆ သန်းကျော် ရှိလာပြီး စစ်ကိုင်းတိုင်းသည် နေရပ် စွန့်ခွာထွက်ပြေးသူ အများဆုံး ဒေသလည်း ဖြစ်ကာ ပြည်တွင်း စစ်ပြေးဒုက္ခသည် အရေအတွက် စုစုပေါင်း၏ ၄၁ ရာခိုင်နှုန်း ရှိကြောင်း ISP-Myanmar က ဆိုထားသည်။
You may also like these stories:
KIA တပ်မဟာ ၈ ဌာနချုပ်အနီး ၂ ရက်ဆက် ဗုံးကြဲ
တပတ်အတွင်း စစ်ကိုင်းတိုင်းမှ ရွာ ၂၀ ကျော် စစ်တပ်မီးရှို့