မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီး ၂၁ လအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း၌ အမျိုးသမီး ၃၀၀ ကျော်ကို နှုတ်ပိတ်သတ်ဖြတ်ခဲ့ကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ (FEM) က ထုတ်ပြန် ကြေညာလိုက်သည်။
နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်သည့် “နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့” အထိမ်းအမှတ်အဖြစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အသတ်ခံခဲ့ရသည့် အမျိုးသမီးများအား အောက်မေ့ကြောင်း ကြေညာချက်ကို FEM က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
စစ်တပ်၏အကြမ်းဖက်သတ်ဖြတ်မှုကိုခံရသော အမျိုးသမီးများတွင် ကျောင်းသူ၊ ဆန္ဒပြသူ ၊ ဆရာမ၊ သူနာပြု၊ ပြည်သူ့ဝန်ထမ်း၊ သီလရှင်၊ အရပ်ဘက်အဖွဲ့အစည်း ဝန်ထမ်း ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ ဈေးဆိုင်အလုပ်သမား၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ၊ ခုခံတော်လှန်ရေးသမား နှင့် အလုပ်သမား စသဖြင့် အမျိုးမျိုးပါဝင်ကြကြောင်း FEM ၏ ထုတ်ပြန်ချက်အရသိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၉ ရက်နေ့၊နေပြည်တော်တွင် ပြုလုပ်သော ဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွင်းရာတွင် ကျည်ထိမှန် သေဆုံးခဲ့ရသော မမြသွဲ့သွဲ့ခိုင်သည် နွေဦးတော်လှန်ရေးအတွင်း ပထမဦးဆုံး သေဆုံးခဲ့ရသော အမျိုးသမီးတဦး ဖြစ်သည်။
စစ်ကောင်စီတပ်သည် ၂၀၂၂ ခုနှစ် ဇွန်လအတွင်း မကွေးတိုင်း၌ သပိတ်မှောက်သူနာပြုဆရာမ ဒေါ်ဇာလီနိုင်နှင့် သပိတ်မှောက်ဆရာမ ဒေါ်ခင်နှင်းဝေတို့ကို ဖမ်းဆီးပြီးနောက် မီးရှို့သတ်ခဲ့သလို ၂၀၂၁ ခုနှစ် မတ်လ အတွင်းကလည်း ဆန္ဒပြပွဲတွင် ဒဏ်ရာရသူများကို ကူညီနေသည့် သူနာပြုဆရာမ သဉ္ဇာဟိန်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း FEM ကြေညာချက်တွင် ရေးသားထားသည်။
မြန်မာအမျိုးသမီးသမဂ္ဂအတွင်းရေးမှူး (၁) မဇူးပဒုမ္မာကမူ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု မရှိတော့သဖြင့် အမျိုးသမီးများအပေါ် ကျူးလွန်မှုများအား အပြစ်ပေးနိုင်သည့် အခြေအနေမရှိကြောင်း၊ ထို့ကြောင့် ပြစ်မှုကျူးလွန်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဆိုသည်။
၎င်းက “သူတို့ကို အပြစ်ပေးအရေးယူနိုင်တဲ့ အခင်းအကျင်းက အရမ်းအားနည်းတဲ့အခါကျတော့ ကျူးလွန်နေတဲ့သူတွေက ဆက်လက်ကျူးလွန်ဖို့ အတွက် အခွင့်အရေးရနေတဲ့ပုံစံဖြစ်နေတာပေါ့။ ဒါကြောင့်မို့ အမျိုးသမီးတွေက ထိခိုက်နစ်နာပြီး အသက်ပေးရတဲ့ အခြေအနေတွေ ပိုရောက်လာတယ်လို့ ကျမက မြင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းအပြင်အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်များသည် ၎င်းတို့၏ လက်အောက်ငယ်သားများအား အမျိုးသမီးများအပေါ် သတ်ဖြတ်မှုနှင့် မုဒိမ်းမှုများ ကျူးလွန်ခြင်းကို လျစ်လျူရှုကာ ခွင့်ပြုထားပုံရကြောင်းလည်း သူမက ဆက်ပြောသည်။
၎င်းက “ဒီလိုကျူးလွန်နိုင်ဖို့ကိုလည်း သူတို့ရဲ့ စစ်ခေါင်းဆောင်တွေက တရားဝင် ခွင့်ပေးထားတဲ့ ပုံစံမျိုးဖြစ်နေတယ်။ သူတို့က လက်ရဲ၊ ဇက်ရဲနဲ့ ကျူးလွန်ခွင့်ရှိတယ်ပေါ့။ သူတို့ကို တကြိမ်တခါမှ အပြစ်ပေး အရေးယူတာမျိုး ၊ တာဝန်ခံခိုင်းတာမျိုး မလုပ်တဲ့အတွက် ဒီလိုအလုပ်တွေကို လုပ်နေတာဖြစ်တယ်” ဟု ပြောသည်။
အမျိုးသမီး အနည်းဆုံး အယောက် (၄၀) သည် စစ်တပ်မှ ဖမ်းဆီးထားစဉ် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး အယောက် (၂၀) ကမူ အရှင်လတ်လတ် မီးရှို့ခံခဲ့ရကြောင်း FEM က ပြုလုပ်ထားသော မှတ်တမ်းများအရ သိရသည်။
စစ်ကောင်စီတပ်သည် အကြမ်းမဖက် အာဏာဖီဆန်မှု (CDM) ပြုလုပ်နေသာ ပြည်သူ့ဝန်ထမ်း မထက်နေခြည်မင်းကိုလည်း ၂၀၂၂ ဖေဖော်ဝါရီလက စစ်ကိုင်းတိုင်းအတွင်း အဓမ္မပြုကျင့်ခဲ့ကြောင်း ၊ အသက် (၁၄) နှစ်အရွယ် မမိုးမိုးထွေးကို မကွေးတိုင်းတွင် ၂၀၂၂ ခုနှစ် ဧပြီလအတွင်း အဓမ္မပြုကျင့် မီးရှို့သတ်ခဲ့ကြောင်း FEM က ဆိုသည်။
ထို့ပြင်အာဏာသိမ်းမှုကို ဆန့်ကျင်၍ ဖမ်းဆီးထောင်ချခံထားရသည့် နိုင်ငံရေး အကျဉ်သူများမှာ အကျဉ်းထောင်များအတွင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု အပါအဝင် ဖိနှိပ်မှုမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း ဧရာဝတီက စုံစမ်းသိရှိရသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ အကြံပေး ဒေါ်တင်တင်ညိုက “အဓမ္မပြုကျင့်ခံရတာနဲ့ ပတ်သက်ပြီး ပြည်သူလူထုတွေ ၊ နိုင်ငံ့ခေါင်းဆောင်တွေ ၊ အဖွဲ့အစည်းတွေက အပြစ်မဲ့အသတ်ခံရသူတွေ ၊ ကိုယ့်နိုင်ငံအတွက် ပေးဆပ်လိုက်ရတဲ့ သူတွေ၊ ပုံစံမျိုးစုံနဲ့ ဒီတော်လှန်ရေးကာလမှာ မုဒိမ်းကျင့်သတ်ဖြတ်ခံလိုက်ရတဲ့သူတွေအတွက် ပုံစံမျိုးစုံနဲ့ တရားမျှတမှုရရှိအောင် လုပ်ဆောင်ပေးမယ်ဆိုတဲ့ စဉ်းစားချက်နဲ့အတူ ဒီလုပ်ငန်းစဉ်အစီအစဉ်ပိုင်းဆိုင်ရာက အစ ချထားဖို့လိုတာပေါ့။ သတ်လိုက်တယ်။ ပြီးသွားတယ်။ မေ့သွားတယ်။ နောက်တကြိမ်ထပ်သတ်မယ်ဆိုတဲ့ အာဏာရှိတဲ့သူတွေက ဒီလိုသတ်ဖြတ်နေတဲ့ သံသရာကို ကျမတို့ ခွင့်မပြုသင့်ဘူး” ဟုဆိုသည်။
အမျိုးသမီးနှင့် မိန်းကလေး အနည်းဆုံး (၁၇) ဦးခန့်သည် အာဏာသိမ်းမှုဖြစ်ပြီးနောက် အဓမ္မပြုကျင့် သတ်ဖြတ်ခံထားရပြီး စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ကြုံခဲ့ရသည့် အမျိုးသမီးအရေအတွက်မှာ ယခုထက်ပိုများနိုင်ကြောင်း FEM ၏ ထုတ်ပြန်ချက်အရ သိရသည်။
You may also like these stories:
အဖမ်းခံရသည့် အမျိုးသမီးငယ်တချို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရ
နိုင်/ကျဉ်း အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံနေရ
အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အသရေဖျက်မှု စစ်ကောင်စီ ပစ်မှတ်ထားလုပ်နေ
ကန့်ဘလူ ဒေသခံ အမျိုးသမီး ၉ ဦးအား ပျူစောထီးအဖွဲ့ ဖမ်းဆီး