ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ ၎င်းတို့၏ လုံခြုံရေးကို စိုးရိမ်လာရသဖြင့် အုပ်ချုပ်ရေးမှူးအဖြစ်မှ နုတ်ထွက်စာတင်ထားကြောင်း ဧရာဝတီမှ စုံစမ်းသိရှိရသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာနှင့် ပဒေသာရွာအကြား စစ်ကောင်စီ ရိက္ခာတင်ကား တိုက်ခိုက်ခံခဲ့ရပြီး နောက်ပိုင်းတွင် စစ်ကောင်စီတပ်များသည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာများကို လက်နက်ကြီး ဖြင့် ပစ်ခတ်ခြင်း၊ လူနေအိမ်များကို မီးရှို့ခြင်း၊ သွားလာရေးလမ်းကြောင်းများ ပိတ်ဆို့ကာ အရပ်သားများကို ဦးတည် ဖမ်း ဆီးနေခြင်းတို့ကြောင့် အုပ်ချုပ်ရေးမှူးများ အနေဖြင့် ဘဝလုံခြုံမှုမရှိဟု ဆိုကာ နုတ်ထွက်စာ တင်ကြခြင်းဖြစ်ကြောင်း သိရ သည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ သင်ပုန်းတန်းကျွန်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးက “ အခု အခြေအနေမှာ ကျနော်တို့တွေက ရွာမှာနေရင် လက်နက်ကြီး ကျမှာကိုလည်း စိုးရိမ်ရတယ်။ စစ်တပ်က လက်နက်ကြီး ပစ်လို့ ရွာသားတွေ သေရင်လည်း အုပ်ချုပ်ရေးမှူး တယောက်အနေနဲ့ ဘာမှလည်း လုပ်မပေးနိုင်၊ ဆေးရုံပို့ပေးဖို့တောင် လုပ်မပေးနိုင်တော့ ရွာသားတွေ ကလည်း အမြင်မကြည်၊ နောက်တခါ အာဏာပိုင်တွေက အစည်းအဝေးခေါ်လို့ သွားရင် အိမ်ပြန်ရောက်နိုင်ပါ့လား ၊ တခါတည်း အဖမ်းခံရမလား၊ အဲဒီလို စိုးရိမ်သောက ဖြစ်နေရတဲ့အတွက် ဒီတာဝန်ကို မထမ်းဆောင်ချင်တော့ဘူး ” ဟု ဧရာဝတီသို့ ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း ၉၆ အုပ်စုရှိပြီး နိုဝင်ဘာလ ၁၈ ရက်နေ့မှစကာ ကျေးရွာအုပ်ချုပ်ရေးမှူး များက နုတ်ထွက်စာတင်နေကြခြင်းဖြစ်ကြောင်း၊ လက်ရှိ နုတ်ထွက်စာတင်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၇၀ ကျော်ရှိ နေပြီ ဖြစ်ကြောင်းဆိုသော်လည်း ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်းပေါ်ရှိသည့် ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး တဦးက “ကျနော်တို့ နုတ်ထွက်စာတင်တာက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အစည်းအဝေးထိုင်ပြီး စုပေါင်းနုတ်ထွက်ကြတာ မဟုတ်ဘူး။ ကိုယ့်သဘောနဲ့ ကိုယ် မြို့နယ် အုပ်ချုပ်ရေးမှူးကို စာတင်ကြတာ။ ကျနော်ကတော့ မြို့နယ်ရုံးကိုသွားပြီး ဝင်စာဌာနမှာ နုတ်ထွက်စာတင်ခဲ့တယ်။ ဝင်စာ ဌာနက စာရေးကတော့ စာကို လက်ခံပေမယ့် မြို့ နယ်အုပ်ချုပ်ရေးမှူးနဲ့တော့ တခေါက်လောက် တွေ့သွားပါ လို့ ပြောတယ်။ ကျနော်လည်း မတွေ့ချင်တော့ဘူး။ စာပဲ တင်ထားခဲ့မယ် ဆိုပြီး ပြန်ထွက်လာခဲ့တယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းကဲ့သို့ နုတ်ထွက်စာတင်ကြရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့မှာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ လူကိုယ်တိုင် သွားကာ စာတင်ကြသလို တချို့မှာ စစ်ကောင်စီမှ အကြောင်းပြချက်မရှိ ဖမ်းဆီးခံရမည်ကို စိုးရိမ်သည့်အတွက် ရုံးနှင့် နီးစပ်သူ တဦးအား လူကြုံပါးကာ နုတ်ထွက်စာ တင်ကြသည်ဟု အုပ်ချုပ်ရေးမှူးများက ဆိုသည်။
လတ်တလောတွင် စစ်ကောင်စီတပ်သည် စစ်တွေ- ပုဏ္ဏားကျွန်းကားလမ်းကို နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက လမ်းပိတ်ထားသလို ဒေသတွင်း မတည်ငြိမ်မှုများကြောင့် အဆိုပါ ကားလမ်းမပေါ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ များမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား သြဂုတ်ဆန်းပိုင်းမှ စ၍ တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သည် မြေပြင်တွင် စစ်ရေးမသာသည့်အတွက် အရပ်သားများကို ဦးတည် ဖမ်းဆီးနေသလို ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပညာရေး၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ငါးလုပ်ငန်းဌာနများမှ အရာရှိနှင့် ဝန်ထမ်းအချို့ကို ဖမ်းဆီးကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ၊ ၁၇ (၂) ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိ စစ်ကောင်စီဖမ်းထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ မောင်တောမြို့နယ်အတွင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး ၅ ဦး၊ ကျောက်ဖြူမြို့နယ်အတွင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင် ၇ ဦး ဖြစ်ကြောင်း ဒေသခံများထံမှ သိရ သည်။
ပြီးခဲ့သော ၂၀၁၈ ၊ ၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့သော ရခိုင်စစ်ပွဲကာလအတွင်းကလည်း နှစ်ဘက်လက်နက်ကိုင်များမှ ကျေးရွာအုပ်ချုပ်ရေး မှူးများကို ဖမ်းဆီးခြင်း ၊ စစ်ကြောရေးတွင် ရက်ရက်စက်စက်သတ်ဖြတ်ခြင်းတို့ကြောင့် အသက်အန္တရာယ်ကို စိုးရိမ်ပြီး ကျောက်တော် ၊ မြောက်ဦး ၊ မင်းပြား ၊ ရသေ့တောင်မြို့နယ်များမှ ကျေးရွာအုပ်ချုပ်ရေးမှူး များ အစုလိုက် အပြုံလိုက် နုတ်ထွက်ခဲ့ကြသည်။
You may also like these stories:
ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်း ရေလမ်းများ စစ်ကောင်စီ ပိတ်ဆို့
စစ်တွေသို့ ဈေးဝယ်လာသည့် စက်လှေ ၉ စီးကို စစ်တပ် ဖမ်းဆီး
အာဏာသိမ်းစစ်တပ်နှင့် AA တိုက်ပွဲဖြစ်