အန်နဝါ အီဘရာဟင်သည် နိုဝင်ဘာ ၂၄ ရက်နေ့တွင် မလေးရှား ဝန်ကြီးချုပ်ဖြစ်လာပြီး ဝါရင့်ခေါင်းဆောင် မဟာသီယာမိုဟာမက်၏ လက်အောက်ငယ်သားမှ အစိုးရဆန့်ကျင်ရေး ခေါင်းဆောင်၊ လိင်တူဆက်ဆံသူအဖြစ် ထောင်ချခံရသည့် အကျဉ်းသားနှင့် အတိုက်အခံ ခေါင်းဆောင်ဖြစ်လာသည့် ဆယ်စုနှစ် ၃ ခုကြာ နိုင်ငံရေးခရီးတွင် အထွဋ်အထိပ်ရောက်လာသည်။
အသက် ၇၅ နှစ် ရှိပြီဖြစ်သော မစ္စတာ အန်နဝါက အဂတိလိုက်စားမှု တိုက်ဖျက်ပြီး စီးပွားရေးကို အာရုံစိုက်ကာ အစ္စလမ်ဘာသာကို လူမျိုးပေါင်းစုံရှိသော မလေးရှား၏ တရားဝင်ဘာသာအဖြစ် အားပေးကာ မလေးလူမျိုးစု၏ အထူးအခွင့်အရေးများကို ကာကွယ်ရန် ကတိပြုသည်။
ပြတ်ပြတ်သားသား အနိုင်ရသူမရှိသော ရွေးကောက်ပွဲအပြီးတွင် မလေးရှားဘုရင်က သူ့ကို ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုစေပြီးနောက် ညနှောင်းပိုင်း၌ ပြောကြားသည့် မိန့်ခွန်းတွင် မစ္စတာ အန်နဝါက “မလေးရှား ပြည်သူတွေ စောင့်မျှော်နေတဲ့ အပြောင်းအလဲဖြစ်လာလို့ ဘုရားသခင်ကို ကျေးဇူးတင်တယ်” ဟု သတင်းထောက်များကို ပြောသည်။
“ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ တရားရေးလွတ်လပ်မှု၊ သာမန် မလေးပြည်သူတွေရဲ့ ဘဝ အဆင်ပြေရေးနဲ့ ပတ်သက်ပြီး အလျှော့အတင်း ဘယ်တော့မှ မလုပ်ဘူး” ဟုလည်း ပြောကြားပြီး အတိုက်အခံ ကာလတလျှောက် သူ၏ကြွေးကြော်သံဖြစ်သည့် ပြုပြင်ပြောင်းလဲရေးကို ကြွေးကြော်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က မစ္စတာ အန်နဝါအတွက် ဂုဏ်ယူကြောင်း၊ အမေရိကန် ပြည်ထောင်စုသည် ဒီမိုကရေစီမူများ၊ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးမှုကို အခြေခံသည့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်ရန် မျှော်လင့်ကြောင်း ပြောသည်။
“လွတ်လပ်ပွင့်လင်း၊ အဆက်အစပ်ရှိ၊ ကြွယ်ဝချမ်းသာ၊ လုံခြုံပြီး ခံနိုင်ရည်ရှိသော အင်ဒို-ပစိဖိတ်ဒေသကို ဆက်လက် တည်ဆောက်ရေးအတွက် မလေးရှားနိုင်ငံနှင့် အတူလုပ်ဆောင်သွားရန် မိမိတို့ ကတိကဝတ်ပြုသည်” ဟု မစ္စတာ ဘလင်ကန်က ကြေညာချက်တစောင်တွင် ပြောသည်။
မစ္စတာ အန်နဝါကို ဝန်ကြီးချုပ်အဖြစ် ခန့်လိုက်သောကြောင့် မကြုံဖူးသည့် ၅ ရက်ကြာ ရွေးကောက်ပွဲလွန် အကျပ်အတည်း အဆုံးသတ်သွားသော်လည်း သူ၏ပြိုင်ဘက် ဝန်ကြီးချုပ်ဟောင်း မူဟစ်ဒင် ယက်ဆင်နှင့် အားပြိုင်မှုကြောင့် နောက်ထပ် မတည်ငြိမ်မှုများ ဖြစ်စေနိုင်သည်။ သူသည် ပါလီမန်တွင် အများစု အနေအထားရှိကြောင်း သက်သေပြရန် မစ္စတာ မူဟစ်ဒင်က စိန်ခေါ်ထားသည်။
၎င်းတို့ ၂ ဦးလုံး၏ မဟာမိတ် တပ်ပေါင်းစုများသည် နိုဝင်ဘာ ၁၉ ရက်နေ့က ကျင်းပသည့် ရွေးကောက်ပွဲများတွင် အများစု အနေအထား မရသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘုရင်ဖြစ်သူ အယ်လ်ဆူလတန် အဗ္ဗဒူလာက ပါလီမန်ကိုယ်စားလှယ် အများအပြားနှင့် တိုင်ပင်ပြီးနောက် မစ္စတာ အန်နဝါကို ဝန်ကြီးချုပ် ခန့်လိုက်သည်။
စိန်ခေါ်မှုများသောကာလ
မစ္စတာ အန်နဝါသည် စီးပွားရေးနှေးကွေးနေပြီး အကြိတ်အနယ် ယှဉ်ပြိုင်ရသော ရွေးကောက်ပွဲကြောင့် စိတ်ဝမ်းကွဲနေသည့် စိန်ခေါ်မှုများသောကာလတွင် ဝန်ကြီးချုပ်ဖြစ်လာသည်။

မဲဆွယ်ပွဲများအတွင်း မစ္စတာ အန်နဝါ၏ တိုးတက်သော လူမျိုးစုံ မဟာမိတ်များသည် မစ္စတာ မူဟစ်ဒင်၏ ရှေးရိုဝါဒီ မလေးလူမျိုးစု မွတ်ဆလင် မဟာမိတ်များနှင့် ယှဉ်ပြိုင်ရသည်။
နိုင်ငံရေး အကျပ်အတည်းအပြီးတွင် ဈေးကွက် ပြန်လည် ခေါင်းထောင်လာသည်။ ရင်းဂစ်ငွေကြေးသည် နှစ်ပတ်အတွင်း အကောင်းဆုံး အနေအထားရောက်လာပြီး ရှယ်ယာများ ၃ ရာခိုင်နှုန်း ဈေးတက်လာသည်။
နှစ်ပေါင်းများစွာအတွင်း မစ္စတာ အန်နဝါသည် ဝန်ကြီးချုပ်ဖြစ်လုနီးပါး အနေအထား ရောက်သော်လည်း အကြိမ်ကြိမ် ပယ်ချခံရသည်။ သူသည် ၁၉၉၀ ပြည့်နှစ်များတွင် ဒုဝန်ကြီးချုပ်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် လျာထားခံရသူ ဖြစ်ခဲ့ဖူးသည်။
ထိုကာလများအတွင်း လိင်တူဆက်ဆံမှုနှင့် အဂတိလိုက်စားမှုများဖြင့် ထောင်ချခံရသော်လည်း ထိုကိစ္စများသည် သူ၏ နိုင်ငံရေးဘဝကို အဆုံးသတ်ရန် ရည်ရွယ်သည့် နိုင်ငံရေးပယောဂ မကင်းသော စွပ်စွဲချက်များဖြစ်ကြောင်း ၎င်းကပြောသည်။
ရွေးကောက်ပွဲတွင် မရေရာမှုကြောင့် မလေးရှားတွင် နိုင်ငံရေးမတည်ငြိမ်မှုက ခြိမ်းခြောက်နေခဲ့သည်။ မလေးရှားသည် နှစ်အနည်းငယ်အတွင်း ဝန်ကြီးချုပ် ၃ ယောက်ပြောင်းကာ စီးပွားရေး နာလန်ထရန် မူဝါဒ ဆုံးဖြတ်ချက်များကို နှောင့်နှေးစေသည်။
သူ၏အစိုးရသည် မလေးလူမျိုးစု မွတ်ဆလင်လူများစုနှင့် တရုတ်နှင့်အိန္ဒိယ လူနည်းစုများအကြား သမိုင်းဝင်တင်းမာမှုကို လျှော့ချပေးမည်ဟု မစ္စတာ အန်နဝါကို ထောက်ခံသူများက မျှော်လင့်သည်။
“ကျမတို့ လိုချင်တာက အစွန်းရောက်မှု လျှော့ချရေးပဲ။ အန်နဝါက ဒါကို ကိုယ်စားပြုတယ်” ဟု ကွာလာလမ်ပူမှ တန်မျိုးရိုးအမည်ရှိ ဆက်သွယ်ရေး မန်နေဂျာတဦးက ပြောသည်။
“ကျမတို့ကို နောက်ထပ် ၁၀ နှစ် ခေတ်နောက်ကျသွားစေမယ့် လူမျိုးရေး၊ ဘာသာရေး သွေးကွဲနေတဲ့ နိုင်ငံတခုကို ကျမတို့ မလိုလားဘူး” ဟု သူက ပြောသည်။
မစ္စတာ အန်နဝါ၏ မဟာမိတ်တပ်ပေါင်းစုဖြစ်သော ပါကက်တန် ဟာရာပန်သည် နိုဝင်ဘာလ ၁၉ ရက်နေ့က ရွေးကောက်ပွဲတွင် ၈၂ နေရာ အနိုင်ရပြီး မစ္စတာ မူဟစ်ဒင်၏ ပါရီကတန် နေရှင်နယ်အဖွဲ့သည် ၇၃ နေရာ အနိုင်ရသည်။ ၎င်းတို့သည် အများစုအစိုးရဖွဲ့ရန် နေရာပေါင်း ၁၁၂ နေရာ လိုအပ်သည်။

ကာလရှည်ကြာစွာ အာဏာရခဲ့သည့် ဘာရီဆန်အုပ်စုသည် နေရာ ၃၀ သာ အနိုင်ရသောကြောင့် ၁၉၅၇ ခုနှစ် လွတ်လပ်ရေးရချိန်မှ စတင်ပြီး နိုင်ငံရေးတွင် လွှမ်းမိုးထားသည့် ထိုအုပ်စုအတွက် အဆိုးဆုံး အခြေအနေ ဖြစ်သည်။
ဘာရီဆန်အုပ်စုက မစ္စတာ မူဟစ်ဒင် ဦးဆောင်သည့် အစိုးရကို မထောက်ခံကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ပြောသော်လည်း မစ္စတာ အန်နဝါနှင့် ပတ်သက်ပြီး တစုံတရာ ပြောကြားခြင်း မပြုပေ။
တင်းမာမှုများ
မစ္စတာ မူဟစ်ဒင်၏ မဟာမိတ်အုပ်စုတွင် အစ္စလမ်မစ်ပါတီ PAS ပါဝင်ပြီး ထိုအုပ်စုသည် ရွေးကောက်ပွဲတွင် ပိုမို အနိုင်ရသောကြောင့် အခြားဘာသာ ကိုးကွယ်သူများဖြစ်သော တရုတ်နှင့်အိန္ဒိယ လူမျိုးစုများအကြား ပူပန်မှုများ ဖြစ်စေသည်။
လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ရွေးကောက်ပွဲအပြီး လူမှုကွန်ရက်နှင့် TikTok ဗီဒီယိုတွင် လူမျိုးရေးတင်းမာမှု မြင့်မားလာခြင်းကို အာဏာပိုင်များက သတိပေးသည်။ TikTok ကလည်း စည်းမျဉ်း ချိုးဖောက်သည့် အကြောင်းအရာများကို အထူးစောင့်ကြည့်နေကြောင်း ကြေညာသည်။
၁၉၆၉ ခုနှစ်၊ မေလ ၁၃ ရက်နေ့က မြို့တော် ကွာလာလမ်ပူမှ အဓိကရုဏ်းကို ဖော်ပြသော အကြောင်းအရာများ ရွေးကောက်ပွဲ နောက်ပိုင်းတွင် TikTok ပေါ် တင်နေကြောင်း လူမှုကွန်ရက် အသုံးပြုသူများပြောသည်။ ထိုစဉ်က တရုတ်လူမျိုးစုများ ထောက်ခံသည့် အတိုက်အခံပါတီများသည် ရွေးကောက်ပွဲတခုမှတဆင့် နိုင်ငံရေးတွင် စတင်ပါဝင်လာပြီး ရက်အတန်ကြာတွင်ဖြစ်ပွားသည့် ထိုအဓိကရုဏ်းတွင် လူ ၂၀၀ ခန့် သေဆုံးသည်။
အာဏာရမဟာမိတ်ဖွဲ့ရမည့် နောက်ဆုံးအချိန်ဖြစ်သည့် နိုဝင်ဘာ ၂၂ ရက်နေ့ညနေအထိ မစ္စတာ အန်နဝါနှင့် မစ္စတာ မူဟစ်ဒင်တို့သည် ထိုသို့သော မဟာမိတ် မဖွဲ့နိုင်သောကြောင့် မည်သူ့ကို ဝန်ကြီးချုပ်ခန့်မည်ဆိုသည့် ကိစ္စသည် ဘုရင် အယ်လ် ဆူလတန် အဗ္ဗဒူလာ၏ တာဝန်ဖြစ်လာသည်။
ဘုရင်သည် အဆောင်အယောင်မျှသာ ဖြစ်သော်လည်း ပါလီမန်တွင် အများစုရသည်ဟု သူယုံကြည်သူကို ဝန်ကြီးချုပ် ခန့်နိုင်သည်။
မလေးရှားတွင် ထူးခြားသော စည်းမျဉ်းခံဘုရင်စနစ်ရှိပြီး ဘုရင်ကို ပြည်နယ် ၉ ခုမှ တော်ဝင် (စော်ဘွား) မိသားစုများမှ အလှည့်ကျ ၅ နှစ်တကြိမ် ရွေးချယ်သည်။
မစ္စတာ အန်နဝါ ချက်ချင်း ရင်ဆိုင်ရမည့်ကိစ္စမှာ လာမည့်နှစ်အတွက် ဘဏ္ဍာငွေခွဲဝေမှု ဘတ်ဂျက်ဖြစ်သည်။ ထိုအသုံးစရိတ်ခွဲဝေမှုကို ရွေးကောက်ပွဲမတိုင်မီက အဆိုပြုခဲ့သော်လည်း အတည်မပြုရသေးပေ။
ပါလီမန်တွင် အများစု အနေအထား ထိန်းသိမ်းနိုင်ရေးအတွက် မစ္စတာ အန်နဝါသည် အခြားပါတီများမှ ကိုယ်စားလှယ်များနှင့်လည်း သဘောတူညီမှုရရန် ညှိနှိုင်းရမည်ဖြစ်သည်။
“မလေးသမိုင်းမှာ အရေးပါတဲ့ လမ်းဆုံကို ရောက်နေချိန်မှာ အန်နဝါက ဝန်ကြီးချုပ်ဖြစ်လာတယ်။ နိုင်ငံရေးက အကွဲလွဲဆုံးဖြစ်နေပြီး ကျဆင်းနေတဲ့ စီးပွားရေးနဲ့ ခါးသီးတဲ့ ကိုဗစ်ကနေ နာလန်ထူ နေရတယ်” ဟု စင်ကာပူရှိ ISEAS-Yusof Ishak Institute မှ သုတေသီ ဂျိမ်းစ် ချိုင်က ပြောသည်။
“ပဋိပက္ခဖြစ်နေတဲ့ အုပ်စုတိုင်းကို ညီညွတ်စေသူအဖြစ် အမြဲတမ်း သတ်မှတ်ခံထားရတော့ အခုလို သွေးကွဲနေချိန်မှာ အန်နဝါ ဝန်ကြီးချုပ်ဖြစ်လာတာ အချိန်မှန်ပဲ” ဟုလည်း ၎င်းကပြောသည်။
ကိုးကား။ ။ Reuters သတင်း Malaysia’s Anwar becomes prime minister, ending decades-long wait
You may also like these stories:
မလေးရှားရွေးကောက်ပွဲက မြန်မာ့အရေး မည်သို့ သက်ရောက်မည်နည်း
မလေးရှားအစိုးရသစ် ဖွဲ့ဖို့ ပြိုင်ဆိုင်မှု ပြင်းထန်နေ
ရေတပ်အရာရှိဟောင်းများ အပါဝင် လူပေါင်း ၁၅၀ မလေးရှားပြန်ပို့
အွန်လိုင်းငွေလိမ်မှုများ အရှေ့တောင်အာရှ သံတမန်ရေး ထိခိုက်နိုင်ကြောင်း မလေးရှား သတိပေး