မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း ဆိုင်ကယ် ၁ စီး လူ ၁ ယောက်သာ စီးခွင့်အမိန့်ကို စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်လိုက်သည်။
ပခုက္ကူမြို့နယ်တွင် နိုဝင်ဘာ ၂၄ ရက်နေ့မှ စတင်၍ နံနက် ၈ နာရီမှ ညနေ ၆ နာရီထိ ဆိုင်ကယ်စီးနင်းရာ၌ ၁ ဦးတည်းသာ စီးနင်းခွင့်ရှိပြီး ညနေ ၆ နာရီမှ နံနက် ၈ နာရီအတွင်း ဆိုင်ကယ်စီးနင်းခွင့်ကို ပိတ်ပင်ကြောင်း က နိုဝင်ဘာ ၂၄ ရက်နေ့ကထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မကွေးတိုင်းအတွင်း၌ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများ၊ အဆောက်အအုံများ၊ ဘဏ်များ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများနှင့် စစ်ကောင်စီယန္တရား ထောက်တိုင်များ၊ ရပ်/ကျေးအဆင့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဌာနဆိုင် ရာဝန်ထမ်းများ လုပ်ကြံသတ်ဖြတ်ခံရနေပြီး ပြုလုပ်သူများ အနေဖြင့် ဆိုင်ကယ်များကို အသုံးပြုလုပ်ဆောင်နေခြင်းကြောင့် ကန့်သတ်ရခြင်း ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပခုက္ကူမြို့ခံတဦးက “အခု သူတို့ ကြေညာတာက ပခုက္ကူမြို့နယ်တခုလုံးပေါ့။ သူတို့ အထိနာတဲ့ နေရာတွေဆိုတော့ အခုလို ထုတ်ပြန်တာလို့ သုံးသပ်ရတယ်။ ကျနော်တို့ ဒေသမှာက ကားစီးနိုင်တဲ့သူဆိုတာ အတော်ရှားတယ်။ လက်လုပ်လက်စား ကအစ ဈေးသည်၊ ကုန်သည်အဆုံး ဆိုင်ကယ်နဲ့ပဲ အများဆုံး သွားလာနေကြရတာ။ အခုလို ကန့်သတ်လိုက်တော့ အကုန် ဒုက္ခရောက်ကြရတာပေါ့” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ထုတ်ပြန်ချက်အား လိုက်နာမှု မရှိပါက အရေးယူခြင်းများ လုပ်ဆောင်သွားမည်ဟုလည်း ဖော်ပြထားရာ ကျေးရွာ များမှ ပခုက္ကူမြို့ပေါ်သို့လာ၍ ဈေးရောင်းဈေးဝယ် ပြုလုပ်သူများ၊ ဆိုင်ကယ်တက္ကစီမောင်းသူများ၊ စက်ရုံအလုပ်ရုံ လုပ်သား များနှင့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး ကိစ္စများအတွက် ဆိုင်ကယ်ဖြင့်သာ သွားလာနေကြသူများ အခက် အခဲ ကြုံတွေ့လာနိုင်သည်ဟုလည်း ဒေသခံများက ဆိုသည်။
မြစ်ခြေဒေသခံတဦးက “အရင်က ဆိုင်ကယ်ကို ယောကျ်ားက မောင်း၊ မိန်းမက စီး၊ ၂ ယောက် ရသေးတော့ အဆင်ပြေ သေးတယ်။ အခုကျတော့ ဈေးရောင်းဈေးဝယ်သမားတွေအတွက် အတော့်ကို ခက်ခဲတဲ့ အခြေအနေမှာ ဖြစ်သွားတယ်။ အမျိုးသမီးတွေဆိုရင် လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် တယောက်ထဲ ဈေးသွားမဝယ်ရဲကြတော့ နယ်ဘက်က လက်လီဈေးသည်တွေ အတွက် အတော် အခက်တွေ့ရတာပေါ့” ဟု ရှင်းပြသည်။
ပခုက္ကူမြို့တွင် နေ့ခင်းပိုင်းအချိန်များ၌ပင် လုယက်မှု၊ ဓားပြမှုနှင့် လူသတ်မှုများ ဆက်တိုက် ဖြစ်ပေါ်နေသလို ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်ကလည်း အမှတ် (၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းကို ဆိုင်ကယ် ၁ စီးတွင် စီးနင်းလိုက်ပါလာ သည့် အမျိုးသမီး ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ရာ အုပ်ချုပ်ရေးမှူး သေဆုံးခဲ့သည်။

အဆိုပါ ဖြစ်စဉ်၏ နောက်ဆက်တွဲအဖြစ် ဒေသတွင်း၌ ထပ်မံ ဖြစ်ပွားလာမှု မရှိစေရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကြောင့် ယခုကဲ့သို့ ဆိုင်ကယ်စီးနင်းမှုဆိုင်ရာ ကန့်သတ်ချက်အမိန့်များကို ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ပခုက္ကူမြို့နယ် အုပ် ချုပ်ရေးပိုင်းမှ အမည်မဖော်လိုသူ တဦးက ပြောပြသည်။
ပခုက္ကူမြို့ခံတဦးက “ပခုက္ကူနဲ့ နီးတဲ့ရွာတွေက အလုပ်သမားတွေက နေ့စဉ် မြို့ကို ဆိုင်ကယ်နဲ့ပဲ သွားလာနေကြရတာ။ အချို့ဆိုရင် ၁ စီးကို ၃ ယောက်လောက်ထိ စီးနေကြရတာ။ သူတို့နဲ့ တွေ့ရင်တော့ ဖမ်းခံရတာတွေ ရှိတာပေါ့။ ဖမ်းပြီးရင် ဒဏ်ငွေ ဆောင်ခိုင်းတာ ပိုများပါတယ်။ မထင်ရင်မထင်သလို သေနတ်နဲ့ ပစ်တာတွေလည်း ရှိတယ်။ အချို့ ရပ်မပေးလို့ ပစ်တာတွေကြောင့် သေသွားတာတွေလည်း ရှိတယ်။ မှတ်မိသလောက်ဆိုရင် ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလတုန်းက ၃ ယောက်စီးတာ မိန်းကလေး ၂ ယောက်နဲ့ ယောကျ်ားလေး ၁ ယောက်။ အဲဒါကို တားတာမှာ ကလေးတွေက ကြောက်ပြီး ရပ်မပေးဘဲ မောင်းပြေးလို့ဆိုပြီး ပစ်လိုက်တာ ယောကျ်ားလေးက သေသွားတယ်။ မိန်းကလေး ၂ ယောက်က ထိခိုက်ဒဏ် ရာ ရခဲ့ကြတယ်” ဟု ပြောသည်။
ပခုက္ကူမြို့နယ်ကို မြို့ ၂ မြို့၊ ရပ်ကွက် ၃၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၄ အုပ်စု၊ ကျေးရွာပေါင်း ၂၄၅ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ ၃ သိန်း ၃ သောင်းကျော်ရှိကာ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ အဓိက စိုက်ပျိုးပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု လက်မှု၊ အရောင်းအဝယ်နှင့် ဝန်ဆောင်မှု လုပ်ငန်းများလည်း လုပ်ဆောင်သည့် ဒေသတခု ဖြစ်သည်။
ပခုက္ကူမြို့ခံတဦးက “ပခုက္ကူဒေသက မြေလတ်ဒေသမှာတော့ အကြီးဆုံးနဲ့ အစည်ကားဆုံးပဲ။ ဧရာအနောက်ခြမ်းက လယ် ယာသီးနှံ ထွက်ကုန်တွေက ပခုက္ကူကနေ ပြန်ပြီး စီးဆင်းတာ များတယ်။ နောက် မြို့နယ်အတွင်းက ကျေးရွာတွေကလည်း ပခုက္ကူမြို့ကို အမှီပြုပြီး ရောင်းရေးဝယ်တာတွေကို လုပ်ဆောင်ကြတာပေါ့။ အခုလို ဆိုင်ကယ်ကို လူပိုမပါဘဲ တယောက် တည်းပဲ စီးရမယ်ဆိုတာကြောင့် ကုန်စည်စီးဆင်းမှုအတွက်ရော၊ ကျောင်းကြိုပို့၊ ဈေးကြိုပို့ ကိစ္စတွေရော ပုံမှန်လည်ပတ်နေ တာတွေ အားလုံး ရပ်တန့်သွားတာပေါ့။ ဆိုင်ကယ်နဲ့ မဖြစ်မနေ အလုပ်လုပ်နေကြရတဲ့သူတွေ ကသီကုန်ကြတယ်” ဟု ပြောသည်။

ပခုက္ကူမြို့သည် ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် တည်ရှိပြီး မန္တလေးမြို့မှ အနောက်တောင်ဘက် ၁၁၅ မိုင်ခန့် အကွာ အဝေးတွင် ရှိကာ ယော၊ ဆော ဒေသမှတဆင့် ချင်းပြည်နယ်အတွင်းသို့ ဝင်ရောက်နိုင်သော ထွက်ပေါက်မြို့တခုလည်း ဖြစ်သည်။
ပခုက္ကူဒေသမှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “စာထွက်လာတာက ရုံးစာနဲ့ကို ထွက်လာတာ။ ပြည်သူတွေကို တရားဝင် အသိပေးတာမျိုး လုံး၀ မရှိဘူး။ အဓိကတော့ သူတို့ဘက်က အထိနာလာလို့ ပြည်သူတွေကို ဖိနှိပ်ချင်တဲ့သဘောနဲ့ လုံခြုံ ရေး တင်းကျပ်တာလို့ အကြောင်းပြပြီး လုပ်တာမျိုးပဲ။ အဓိက ရေစကြို၊ ပေါက်၊ မြိုင်ဒေသတွေက စစ်ကောင်စီအတွက် စိန် ခေါ်မှုများပြီး ထိန်းချုပ် မထားနိုင်တဲ့ အခြေအနေမှာလို့ ပြောရမှာပေါ့။ အဲဒါကြောင့် ပခုက္ကူကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်တာလို့ပဲ မြင်တယ်” ဟု မှတ်ချက်ပြုသည်။
ထို့အတူ ရန်ကုန်တိုင်း ခရမ်းမြို့နယ်ရှိ ကျေးရွာများအတွင်း၌လည်း ယခုလ ၂၆ ရက်မှစ၍ ဆိုင်ကယ် စီးခွင့်ပိတ်မည်ဟု စစ်ကောင်စီ၏ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကြေညာထားပြီး ယင်းညွှန်ကြားစာတွင် မော်တော်ဆိုင်ကယ် စီး၍ ၎င်းတို့၏ ဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို လုပ်ကြံသတ်ဖြတ်သွားသည်မှာ ၂၅ ကြိမ်ရှိပြီး ၂၁ ဦး သေ ဆုံးခဲ့ကြောင်း၊ ထို့အတွက် အများပြည်သူများ၏ ဆိုင်ကယ်စီးနင်းခွင့်ကို မြို့နယ်၊ ကျေးရွာများအားလုံး ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
You may also like these stories :
ခရမ်းတွင် အုပ်ချုပ်ရေးမှူးများ သတ်ခံနေရ၍ ကျေးရွာများ၌ပါ ဆိုင်ကယ်စီးခွင့် ပိတ်
စစ်တွေမြို့ကို စစ်ကောင်စီ ပိတ်ထား၍ ကူးသန်းသွားလာရေး အခက်အခဲများဖြစ်
စစ်ကောင်စီကို ဒူးမထောက်တဲ့ CDM ကျန်းမာရေး ဝန်ထမ်းများ