စစ်ကောင်စီကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည့် မြို့ပြပြောက်ကျားများ ယခုရက်ပိုင်းအတွင်း အများအပြား ဖမ်းဆီးခံခဲ့ရပြီး ထိုမှတဆင့် ကွင်းဆက်လိုက်လံဖမ်းဆီးမှုများကြောင့် လှုပ်ရှားမှုများ ပိုမိုခက်ခဲလာကြောင်း လက်ရှိလှုပ်ရှားမှုများ ပြုလုပ်နေသည့် UG အဖွဲ့များက ပြောသည်။
Yangon UG Association မှ ပြန်ကြားရေးတာဝန်ခံ ဆရာကျောင်းက “အရင်ထက်ကို တော်တော်လေး ခက်ခဲလာတယ်။ တဖက်ကနေကြည့်မယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ တော်လှန်ရေးသက်တမ်းရင့်လာပြီဆိုတော့ UG ပါးတော့ဝလာပြီ။ ထောက်လှမ်းရေးကတော့ သူတို့က ကျင့်သားရနေပြီ။ ဒါကြီးကို တည်ဆောက်ထားတာ ဖြစ်တဲ့အတွက်မို့လို့ လျှော့တွက်လို့တော့မရဘူး။ ရန်သူကို အထင်ကြီးတာမဟုတ်ပေမယ့် အထင်သေးလို့တော့ မရဘူး။ အတိုင်းအတာတခုအထိတော့ သူတို့လုပ်တဲ့အလုပ်ကို တစိုက်မတ်မတ်လုပ်နေတုန်းပဲ။ ကိုယ့်ဘက်ကတော့ ပိုသတိထားသင့်တယ်” ဟု ပြောသည်။
စစ်ကောင်စီအနေဖြင့် မြို့ပြပြောက်ကျားအဖွဲ့များကို ပစ်မှတ်ထားပြီး လိုက်လံဖမ်းဆီးခြင်းများ ခပ်စိပ်စိပ်လုပ်ဆောင်လာခြင်းမှာ စစ်ကောင်စီအတွက် မြို့ပြပြောက်ကျားများက အဟန့်အတားတခု ဖြစ်နေသည့်အတွက်ကြောင့် ဖြစ်ကြောင်းလည်း ထောက်ပြသည်။
၎င်းက “UG တွေကို ပစ်မှတ်ထားပြီး လုပ်ဆောင်လာတာတွေ ရှိတယ်။ နောက်ဆုံး ဘာမှမဆိုင်ဘူး။ ငွေကူညီတယ်ဆိုတဲ့လူတွေကိုတောင် ဖမ်းတယ်ဆိုတော့ UG တွေဆိုရင်တော့ ပြောမနေနဲ့တော့။ မြို့ပြမှာ ဘာမှမဖြစ်ဘူးဆိုတာကိုလည်း ပြချင်တယ်။ နောက်တခုက အဓိကက လုံးဝအုပ်ချုပ်ခွင့်မရစေရ ဆိုတာကို ကိုင်ဆွဲပြီးလုပ်နေတာ UG တွေဖြစ်တဲ့အတွက် စစ်ကောင်စီအတွက် UG ဟာ တော်တော်လေးမှ အဟန့်အတားဖြစ်လို့ တော်တော်လေးကို လိုက်လုပ်နေတယ်လို့ ခံစားရတယ်” ဟု ဆိုသည်။
လက်ရှိအချိန်တွင် ယခင်ကဲ့သို့ လှုပ်ရှားမှု အရေအတွက်များများ မပြုလုပ်နိုင်တော့သော်လည်း မစ်ရှင်တခုချင်းစီကို အချိန်ယူ၍ စနစ်တကျ ထိထိရောက်ရောက် ပြုလုပ်နိုင်ကြောင်း လည်းပြောပြသည်။
မြန်မာနိုင်ငံအခြေစိုက်လွတ်လပ်သော သတင်းသမားများ ကူညီစောင့်ရှောက်ရေးအသင်း( AAMIJ) သတင်းဖော်ပြချက်အရ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်က ရန်ကုန်မြို့အတွင်းရှိ လူငယ် ၃၀ ကျော်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ၎င်းတို့မှာ ဒဂုံဆိပ်ကမ်းမြို့နယ် ၊ မြောက်ဥက္ကလာပမြို့နယ် ၊ ကြည့်မြင်တိုင်မြို့နယ် ၊ တောင်ဒဂုံမြို့နယ် ၊ သင်္ဃန်းကျွန်းမြို့နယ်တို့တွင် နေထိုင်သည့် အသက် ၂၀ ဝန်းကျင် လူငယ်များဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံထားရသည့်လူငယ်များကို ရွှေပြည်သာစစ်ကြောရေးတွင် စစ်ဆေးနေပြီး ၄င်းတို့နှင့် ဆက်စပ်သူများကိုလည်း လိုက်လံ ရှာဖွေ ဖမ်းဆီးနေကြောင်းလည်း သိရသည်။
ယင်းကဲ့သို့ ဖမ်းဆီးခံရသည့်ထဲတွင် ရန်ကုန်မြို့အတွင်း လှုပ်ရှားလျက်ရှိသော ဝိမုတ္တိလွတ်မြောက်သူပုန်အဖွဲ့မှ အဖွဲ့ဝင် ၆ ဦးမှာ မစ်ရှင်တခု ပြုလုပ်ရန် စီစဉ်နေချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့တာဝန်ခံ ကိုသူရက ပြောသည်။
၎င်းက “အဖွဲ့ဝင်တွေအနေနဲ့ အခုလို ရန်သူဖမ်းဆီးခံရတာနဲ့ သေဆုံးရတာတွေက အခုမှကြုံရတာတော့ မဟုတ်ပါဘူး။ အရင်လည်း ဒီလိုဖြစ်စဉ်တွေ ကြုံခဲ့ရတာပါပဲ။ ကျန်တဲ့သူတွေက ဆက်လျှောက်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုထိ ဆက်လက် လုပ်ဆောင်နေကြတုန်းပါပဲ။ တချိန်ချိန်မှာ ဒီလိုမျိုးတွေ ကြုံရနိုင်တယ်ဆိုတာကို သိသိနဲ့ကို ဒီလမ်းကို ရွေးချယ်ခဲ့ကြတာပါ။ ဒီတော့ ကျန်တဲ့သူက ခရီးဆုံးအောင် ဆက်လျှောက်ကြဖို့ပဲ ရှိပါတယ်” ဟု ပြောသည်။
အဆိုပါ လူငယ်များကို ဗဟန်းမြို့နယ် ရေတာရှည်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင် နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဧရာချမ်းသာကွန်ဒိုတို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့တွင် စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ၎င်းတို့ထံမှ ပစ္စတို ၃လက် ၊ ၆လုံးပြူး ၁လက် ၊ ကျည်မျိုးစုံအိတ် ၆ ခု ၊ အသံတိတ်ပြောင်း ၊ လက်ပစ်ဗုံး ၃၃ လုံး နှင့် တခြားသော ပစ္စည်းတချို့ ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။
ထိုသို့ ဖမ်းဆီးခံရမှုများကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီ၏ ထောက်လှမ်းရေးစနစ်သည် မြို့ကြီးများတွင် အလုပ်ဖြစ်သေးသည်ဟု သုံးသပ်၍ရနိုင်ကြောင်း CDM ဗိုလ်ကြီး ကောင်းသူဝင်းက ဆိုသည်။
CDM ဗိုလ်ကြီးက “မြို့ပြပြောက်ကျားတွေ အဓိက က ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ အဖမ်းခံရတာကို တွေ့ရတယ်။ မြို့ကြီးတွေမှာကျတော့ သူတို့ရဲ့ ထောက်လှမ်းရေးတွေဖြစ်တဲ့ စအဖ တို့ ၊ စစစ တို့ သတင်းပေး ရဲတပ်ဖွဲ့တွေနဲ့ လုပ်တာပေါ့။ မြို့ကြီးတွေမှာ သူတို့ရဲ့ ထောက်လှမ်းရေးစနစ်က လုပ်နိုင်သေးတယ်လို့ ပြောလို့ရတယ်။ ဆက်လက်ရှိနေသေးတာကို တွေ့ရပါတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ ထောက်လှမ်းရေးစနစ်မှာ ယခုထက်ပိုမိုအားကောင်းလာနိုင်စရာမရှိဘဲ ရှိပြီးသားစနစ်ကိုသာ လည်ပတ်အောင် ကြိုးပမ်းနေရကြောင်း ၎င်းက ပြောသည်။
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် မြို့မရပ်ကွက် ၁၉ လမ်းတွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့က မြို့ပြပြောက်ကျားအဖွဲ့တဖွဲ့ဖြစ်သည့် Generation Z Power (GZP) အဖွဲ့ဝင် ၄ဦး နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ၄ ဦးစလုံးကို အသေဖမ်းမိခဲ့ကြောင်း စစ်ကောင်စီက နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ထို့ပြင် ယခုနှစ် ဇွန်လ တလတည်းမှာပင် ရန်ကုန်နှင့် မန္တလေး တွင် UG အဖွဲ့ဝင် ၃၀ နှင့် ၅၀ ကြား ဖမ်းဆီးခံခဲ့ရကြောင်းလည်း UG အဖွဲ့များထံမှ သိရသည်။
စစ်ကောင်စီမှ မြို့ပြပြောက်ကျားအဖွဲ့များကို ဆက်တိုက်ဖမ်းဆီးနေသည့်ကြားထဲမှ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ ၊သုဝဏ္ဏမြို့နယ်၌ နေအိမ်ရှေ့တွင် အငြိမ်းစားစစ်တပ်အရာရှိတဦး ပစ်ခတ်ခံရမှုဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ရန်ကုန်မြို့၊လှိုင်မြို့နယ်တွင် အငြိမ်းစား စစ်ဗိုလ်ချုပ် အုန်းသွင်နှင့် သားမက်ဖြစ်သူတို့ကို မြို့ပြ ပြောက်ကျားအဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့သည်။
You may also like these stories:
စစ်ထောက်လှမ်းရေးခေတ် ပြန်ရောက်လာပြီ
စစ်ကောင်စီ လူသတ်တာ ၂၄၀၀ ကျော်ပြီ