တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံမှ အာဏာသိမ်း စစ်ကောင်စီ ဝယ်ယူထားသော JF-17 Thunder ဘက်စုံသုံး ကြားဖြတ် တိုက်လေယာဉ်များသည် ပစ်ခတ်မှုစနစ် အပါအဝင် ချွတ်ယွင်းချက်များစွာ ရှိနေကြောင်း မြန်မာစစ်ကောင်စီ လေတပ် အကြောင်း လေ့လာနေသည့် သုတေသီများက ပြောသည်။
အဓိက ပြဿနာမှာ တိုက်လေယာဉ်တွင် တပ်ဆင်ထားသည့် လေကြောင်းဆိုင်ရာ အီလက်ထရောနစ် ပစ္စည်းများအား ထိန်းချုပ်သော ကွန်ပျူတာသည် ဒုံးကျည်ပစ်ခတ်ခြင်းနှင့် လေကြောင်း တိုက်ခိုက်ခြင်းများအတွက် မှားယွင်းတွက်ချက်မှု များ လုပ်ဆောင်နေခြင်းဖြစ်ပြီး အခြားသော ပြဿနာများလည်း ရှိနေကြောင်း ၎င်းတို့က ဆိုသည်။
JF-17 တိုက်လေယာဉ်နှင့် ပတ်သက်၍ စစ်ကောင်စီ၏ လေတပ်ဆိုင်ရာ ကျွမ်းကျင်သူများ မဖြေရှင်းနိုင်သည့် ပြဿနာများ မှာ လေယာဉ်၏ အင်ဂျင်၊ လေယာဉ်ကိုယ်ထည်နှင့် လေယာဉ်အတွက် လိုအပ်သော အပိုပစ္စည်းများ ဝယ်ယူရေးတို့တွင် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံမှ သုတေသီများက ပြောသည်။
JF-17 တိုက်လေယာဉ်များကို Pakistan Aeronautical Complex နှင့် တရုတ်နိုင်ငံ Chengdu Aerospace Corporation တို့ ပူးပေါင်း၍ အိန္ဒိယလေတပ်အား ချိန်ခွင်လျှာညှိနိုင်ရန် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံထုတ် ပစ္စည်းများသာမက အခြားနိုင်ငံထုတ် လေယာဉ်ဆိုင်ရာပစ္စည်း၊ နည်းပညာများဖြင့် ရောနှောပေါင်းစပ်ကာ တည်ဆောက်ထားသည်။
JF-17 ၏ အင်ဂျင်မှာ ရုရှားနိုင်ငံထုတ် Kalimov RD-93 အင်ဂျင် အမျိုးအစားဖြစ်ပြီး အင်ဂျင်၏သက်တမ်းမှာ နာရီပေါင်း ၇၀၀ အထိသာ ကြာကြောင်း တိုက်လေယာဉ်ဆိုင်ရာ ကျွမ်းကျင်သူများထံမှ သိရသည်။
JF-17 တိုက်လေယာဉ်သည် အင်ဂျင်၏ အားနည်းချက်ကြောင့် ၁၀ မိုင်အကွာထိ ပျံသန်းပြီးနောက်တွင် အနက်ရောင်မီးခိုး လိုက်ခြင်းများ ဖြစ်ပေါ်နေပြီး Aerobatic Maneuver ခေါ် ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်၍ လေယာဉ်ကျွမ်းထိုးခြင်းအား ကောင်းစွာ မလုပ်နိုင်ကြောင်း မြန်မာစစ်ကောင်စီလေတပ်အကြောင်း လေ့လာနေသည့် သုတေသီများက ပြောသည်။
ထို့ပြင် JF-17 တိုက်လေယာဉ်၌ တပ်ဆင်ထားသည့် တရုတ်နိုင်ငံထုတ် လေယာဉ်ကိုယ်ထည်သည်လည်း ကမ္ဘာမြေဆွဲအား ကန့်သတ်ချက်ကို ကျော်လွန်၍ လေယာဉ်ပျံသန်းသည့်အခါတွင် ပျက်ဆီးယိုယွင်းမှုများ ဖြစ်လာနေကြောင်း သိရသည်။

အဓိက ယိုယွင်းမှု ဖြစ်သည့်နေရာမှာ လေယာဉ်၏တောင်ပံ (Wingtips) နှင့် လက်နက်ချိတ်ဆွဲသည့်နေရာ (Hardpoints) များ ဖြစ်ကြောင်း မြန်မာစစ်ကောင်စီလေတပ်အကြောင်း လေ့လာနေသည့် သုတေသီများက ရှင်းပြသည်။
JF-17 တိုက်လေယာဉ်သည် ဆီစားနှုန်းများပြီး တာဝေးစစ်ဆင်ရေးများအတွက် ဝေဟင်တွင် ဆီဖြည့်ရန်လိုသည့် တိုက်လေယာဉ် အမျိုးအစား ဖြစ်သော်လည်း လက်တွေ့တွင် ဝေဟင်၌ ဆီမဖြည့်နိုင်ကြောင်း သိရသည်။
အကယ်၍ JF 17 တိုက်လေယာဉ်များသည် ဝေဟင်၌ ဆီဖြည့်နိုင်မည် ဆိုပါကလည်း မြန်မာလေတပ်တွင် ဝေဟင် ဆီဖြည့်ပေးနိုင်သည့် Tanker လေယာဉ်ကြီးများ မရှိကြောင်း တိုက်လေယာဉ်ဆိုင်ရာ ကျွမ်းကျင်သူများက ဆိုသည်။
JF-17 တိုက်လေယာဉ်သည် ဝေဟင်ပစ် တာလတ် ပဲ့ထိန်းဒုံး၊ ဝေဟင်ပစ် တာတို ပဲ့ထိန်းဒုံး၊ ၈၀ မီလီမီတာ ရော့ကတ်များ၊ ၂၄၀ မီလီမီတာ ရော့ကတ်များနှင့် ပေါင် ၅၀၀ ဗုံးများ တပ်ဆင် အသုံးပြုနိုင်သည်။
သို့သော်လည်း အဆိုပါ လေယာဉ်တွင် တပ်ဆင်အသုံးပြုနိုင်သည့် တရုတ်နိုင်ငံထုတ် ဒုံးများနှင့် ဗုံးများကို တရုတ်နိုင်ငံထံမှ တိုက်ရိုက် ဝယ်မရသဖြင့် စစ်ကောင်စီသည် ပါကစ္စတန်နိုင်ငံထံမှ လျှို့ဝှက်ဝယ်ယူနေရကြောင်း မြန်မာစစ်ကောင်စီလေတပ် အကြောင်း လေ့လာနေသည့် သုတေသီများက ဆိုသည်။

အလားတူ JF-17 တွင် သုံးသည့် အနောက်နိုင်ငံထုတ် လေကြောင်းဆိုင်ရာ အီလက်ထရောနစ် ပစ္စည်းများသည်လည်း ယခင်က အလွယ်တကူဝယ်ယူ၍ ရနေရာမှ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပြီးနောက် အလွယ်တကူ ဝယ်မရတော့ပေ။
ဥရောပသမဂ္ဂ (EU) က မြန်မာပြည်သူလူထုအား အကြမ်းဖက် သတ်ဖြတ်နေသော မြန်မာစစ်ကောင်စီကို အရေးယူ ပိတ်ဆို့ထားသဖြင့် JF-17 တိုက်လေယာဉ်အတွက် လေကြောင်းဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများ ဝယ်ယူမရ ဖြစ်နေခြင်း ဖြစ်သည်။
ထို့ကြောင့် ကြားဖြတ်တိုက်ခိုက်ရေးနှင့် အပေါ့စား ဗုံးကြဲလေယာဉ်အဖြစ် သုံးနိုင်သည်ဆိုသော JF-17 တိုက်လေယာဉ် သည် လက်တွေ့တွင် မြန်မာစစ်တပ်အတွက် သုံးမရ ဖြစ်နေကြောင်း တိုက်လေယာဉ်ဆိုင်ရာ ကျွမ်းကျင်သူများက ပြော သည်။

JF-17 တိုက်လေယာဉ်တွင် ကြုံနေရသည့် ပြဿနာများအား ဖြေရှင်းရန် ပါကစ္စတန်နိုင်ငံမှ စစ်ဘက်ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ ၂ ကြိမ်ထက်မနည်း လျှို့ဝှက်စွာ လာရောက်မှု ရှိနေကြောင်း အိန္ဒိယအခြေစိုက် ဝါရင့်သတင်းသမား ဒီပါဂျန် ရွိုင်ချောက်ဒရီက Economist Times တွင် ဆောင်းပါးရေးသားဖော်ပြသည်။
မြန်မာလေတပ်သည် တရုတ်နိုင်ငံမှ JF-17 တိုက်လေယာဉ် ဝယ်ယူနိုင်ရန် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် စာချုပ်ချုပ်ဆိုခဲ့ပြီး ကမ္ဘာပေါ်တွင် JF-17 ကို ပထမဆုံးဝယ်ယူသည့် ပြင်ပနိုင်ငံ ဖြစ်လာသည်။
လက်ရှိပေါက်ဈေးအရ ၁ စီးလျှင် အမေရိကန်ဒေါ်လာ ၂၅ သန်း တန်ကြေးရှိသည့် JF-17 တိုက်လေယာဉ် ၁၆ စီး ဝယ်ယူ ရန် စီစဉ်ထားပြီး ၂၀၁၈ ခုနှစ်တွင် JF-17 တိုက်လေယာဉ် ၆ စီးကို မြန်မာလေတပ်က ပထမဆုံးအကြိမ် လက်ခံရရှိခဲ့သည်။ ကျန်ရှိသည့် ၁၀ စီးနှင့် ပတ်သက်၍မူ အသေးစိတ် မသိရသေးပေ။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပစ်ခတ်မရသည့် JF-17 တိုက်လေယာဉ် ၄ စီးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် (မိတ္ထီလာ-ရှမ်းတဲ) ၌ သပြေခတ်ဖြင့် ရေစင်ဖြန်းကာ တပ်တော်ဝင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်၊ တပ်မတော်(လေ) ၇၂ နှစ်ပြည့်တွင်မူ JF-17 ၂ စီး ထပ်မံ တပ်တော်ဝင်ခဲ့သည်။
You may also like these stories:
ပစ်ခတ်မှုစနစ် ချို့ယွင်းနေသည့် JF 17 တိုက်လေယာဉ်များ စစ်ကောင်စီ ဝယ်ထားမိ
စစ်ကောင်စီက တရုတ်ဂျက်တိုက်လေယာဉ်များ ဝယ်ယူထား
တရုတ်က မြန်မာစစ်တပ်ကို လက်နက်ရောင်းရန် ပါကစ္စတန်ကို သုံးမည်လား
စစ်သားတွေ ပျော်ဖို့ ငွေဖြုန်းပြီး လက်နက်တွေ တပ်ဆင်
တပ်တော်ဝင် လေယာဉ်သစ်များကြောင့် ဒေသတွင်း၌ အင်အားရှိလာဟု ဆို