တရုတ်၏ COVID သုည မဟာဗျူဟာအပေါ် ဆန္ဒပြမှုများသည် သီတင်းပတ်ကုန်က မြို့ကြီးများတွင် ပျံ့နှံ့ခဲ့ပြီး အချို့သော ဆန္ဒပြသူများသည် သမ္မတရှီကျင့်ဖျင်နှင့် ကွန်မြူနစ်ပါတီအား ရာထူးမှ ဆင်းပေးရန် တိုက်တွန်းခဲ့ကြသည်။ ယင်းဆန္ဒပြမှုများသည် ပို၍ ကြီးမားသော ၁၉၈၉ ခုနှစ် တီယန်နန်မင် ဆန္ဒပြပွဲများအပြီး တရုတ် ပြည်မကြီးတွင် တွေ့ရခဲသော အံတုမှုလုပ်ရပ်ဖြစ်သည်။
ရှင်ကျန်းဒေသ မြို့တော် အူရုမ်ချီတွင် မီးလောင်ကာ လူ ၁၀ ဦး သေဆုံးခဲ့ရာက ဆန္ဒပြပွဲများ စတင်ဖြစ်ပွားခဲ့သည်။ တရုတ်၏ ဝေးလံခေါင်သီသော အနောက်ဘက်ဒေသသည် ရက်ပေါင်း ၁၀၀ ကျော် တင်းကျပ်သော ကိုရိုနာဗိုင်းရပ် ပိတ်ဆို့ခြင်းအောက်တွင် ရှိနေခဲ့ပြီး ယင်းကန့်သတ်ချက်များသည် မီးလောင်မှုအား အရေးပေါ်တုံ့ပြန်ရန် နှောင့်နှေးစေသည်ဟု လူအများအပြားက ယုံကြည်ကြသည်။
နန်ကျင်းမှ ရှန်ဟိုင်းနှင့် ဘေဂျင်းမြို့အထိ ပီကင်းတက္ကသိုလ်နှင့် စင်ဟွာတက္ကသိုလ်တို့ကဲ့သို့ ကျော်ကြားသော တက္ကသိုလ်များအပါအဝင် ဒါဇင်ပေါင်းများစွာသော တက္ကသိုလ်များမှ ကျောင်းသားများသည် ဆန္ဒပြရန် ထွက်လာခဲ့ကြသည်။ အများစုသည် ၎င်းတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကင်းမဲ့မှုနှင့် မီးဘေးတွင် သေဆုံးရသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် မလုပ်ရခြင်းများကို ကန့်ကွက်သည့်အနေဖြင့် စာရွက်အလွတ်များကို ကိုင်ဆောင်ခဲ့ကြသည်။
ကျောင်းသားများက ကြွေးကြော်သံများလည်း ရွတ်ဆိုကြသည်။ အများစုသည် အစိုးရ၏ COVID-19 တင်းကျပ်သော အစီအမံများအပေါ် အာရုံစိုက်ခဲ့ကြသည်။ “လော့ဒေါင်းအလိုမရှိ လွတ်လပ်ခွင့် ပေး၊ ပီစီအာ စစ်ဆေးမှု အလိုမရှိ အစားအသောက် ပေး” ဟု အချို့က အော်ကြသည်။ အချို့က ပိုမိုကြီးမားသော ဆန္ဒကို ထင်ဟပ်စေသည်။ “Rest in peace၊ ပြည်သူတွေ အသက်ရှည်ပါစေ” နှင့် “ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်” ဟု ဟစ်ကြွေးကြသည်။
ရှန်ဟိုင်း၊ ပေကျင်း၊ ကွမ်ကျိုး၊ ဝူဟန်နှင့် ချန်ဒူး အပါအဝင် မြို့ကြီးများတွင် နေထိုင်သူများသည် ၎င်းတို့၏ ဒေါသကို ဖော်ထုတ်ရန် လမ်းမများပေါ်သို့ ထွက်ခဲ့ကြသည်။ ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုများတွင် ရှန်ဟိုင်းရှိ လူများက “ရှီကျင့်ဖျင် ဆင်းပေး၊ ကွန်မြူနစ်ပါတီ ဆင်းပေး” ဟု ကြွေးကြော်နေကြစဉ် ချန်ဒူးတွင် နေထိုင်သူများသည် “ဧကရာဇ် အလိုမရှိ၊ ဘဝကို ချုပ်ကိုင်မှု အလိုမရှိ” ဟု ရှီကျင့်ဖျင်၏ တသက်တာ အုပ်ချုပ်ရန် ရည်မှန်းထားခြင်းအား ရည်ညွှန်းကာ ဟစ်ကြွေးကြသည်။
တရုတ်ပြည်မကြီးတွင် လွန်ခဲ့သော ဆယ်စုနှစ် သုံးခုအတွင်း ဤကဲ့သို့ မမြင်ဖူးကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

“ဒီဆန္ဒပြပွဲတွေဟာ ၁၉၈၉ ခုနှစ် တီယန်နန်မင် ဆန္ဒပြပွဲတွေနောက်ပိုင်း တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ခုခံမှု ဖြစ်ပါတယ်” ဟု ဘေ့ကျင်းအခြေစိုက် ပညာရှင်လည်းဖြစ် လွန်ခဲ့သော ၃၃ နှစ်ခန့်က ဒီမိုကရေစီလှုပ်ရှားမှုကို တွေ့ကြုံခဲ့သည့် စင်ဟွာတက္ကသိုလ် ကထိကလည်း ဖြစ်သူ ဝူချန် က ပြောကြားခဲ့သည်။ ၁၉၈၉ ခုနှစ် ဆန္ဒပြပွဲများသည် ဆုပ်ကိုင်မရသည့် တန်ဖိုးများကို အဓိကထားခဲ့ပြီး ယခုတကြိမ် တောင်းဆိုချက်များကမူ ပိုမိုခိုင်မာကြောင်း ၎င်းက ဆက်လက်ပြောသည်။
အာဏာပိုင်များက သွေးထွက်သံယို ဖြိုခွင်းမှုဖြင့် တုံ့ပြန်သည့်တိုင်အောင် ထောင်နှင့်ချီသော လူထောင်ပေါင်းများစွာ စုရုံးခဲ့ကြသည့် သီတင်းပတ်ကုန်က ဆန္ဒပြပွဲများသည် တီယန်နန်မင် လူအုပ်များထက် အဆမတန် ပျော့ပျောင်းသော်လည်း ၎င်းတို့သည် ပို၍ အမျိုးစုံလင်ကြောင်း ဝူက ပြောသည်။
“တီယန်နန်မင် ဆန္ဒပြပွဲတွေကို ဘေဂျင်းက ကျောင်းသားတွေက အဓိက ဦးဆောင်ခဲ့တာဖြစ်ပြီး လက်ရှိဆန္ဒပြမှုတွေမှာ ဗဟိုချုပ်ကိုင်မှုလျှော့ချပြီး ရွှေ့ပြောင်းအလုပ်သမားတွေ၊ ကျောင်းသားတွေ၊ လူလတ်တန်းစားတွေနဲ့ လွန်ခဲ့သည့်ငါးနှစ်အတွင်း ပြည်မကြီးက လူ့အခွင့်အရေးကို လျစ်လျူရှုထားတဲ့ ရှင်ကျန်းဒေသခံတွေအပါအဝင် လူတန်းစားပေါင်းစုံက လူတွေ ပါဝင်ပါတယ်” ဟု ဝူက ပြောသည်။
လွန်ခဲ့သည့် သီတင်းပတ်က ရှင်ကျန်းတွင် သုံးလကြာ လော့ဒေါင်းချထားမှုနှင့်ပတ်သက်၍ သီးခြားဆန္ဒပြပွဲများကို မြင်တွေ့ခဲ့ရပြီး မြို့ခံအချို့၏ တံခါးများကို သံမှိုပိတ် သို့မဟုတ် ဝိုင်ယာကြိုးများဖြင့် သော့ခတ်ထားသည်။ အူရုမ်ချီတွင်နေထိုင်သူတဦးက ၎င်းသည် ဤအချိန်သည် ကွဲပြားသည်ဟု ခံစားရကြောင်း ပြောသည်။
“လူတိုင်းက တော်လှန်နေကြသလို ခံစားရတယ်၊ အားလုံးက နေရာအမျိုးမျိုးမှာ တညီတညွတ်တည်း ပြောဆိုနေကြတယ်၊ ဒါ ပထမဆုံးအကြိမ် တနိုင်ငံလုံး အတူတူ ထွက်လာတာကို မြင်ဖူးတာ” ဟု သူက ပြောသည်။
တချိန်တည်းတွင်ပင် တရုတ်၏ ဆင်ဆာဖြတ်တောက်မှု ယန္တရားသည် သီတင်းပတ်ကုန်ပိုင်းအတွင်း စွမ်းဆောင်ရည်အပြည့်ဖြင့် လုပ်ဆောင်ပုံမပေါ်ပေ။ ဆန္ဒပြပွဲများ၏ ဗီဒီယိုနှင့် ဓာတ်ပုံများသည် ပုံမှန်ထက် ပိုမိုကြာရှည်စွာ အွန်လိုင်းတွင် ပျံ့နှံ့နေသည်။
တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် အင်စတီကျူးရှင်းများဆိုင်ရာ Stanford Center မှ အကြီးတန်း သုတေသနပညာရှင် ဝူဂိုဂွမ်းက ရဲတပ်ဖွဲ့နှင့် အစိုးရဝန်ထမ်းများပင်လျှင် တင်းကြပ်သော COVID-19 မူဝါဒများအပေါ် စိတ်အနှောင့်အယှက်ဖြစ်မှုနေနိုင်သည်ဟု ပြောသည်။
“ဘေဂျင်းမှာ အခုလို ကျယ်ပြန့်တဲ့ ဆန္ဒပြပွဲတွေကို မျှော်လင့်မထားတာကြောင့် ချက်ချင်း မလှုပ်ရှားဘဲ ဖြေရှင်းချက်တွေကို ရှာဖွေနေနိုင်ပါတယ်” ဟု ဝူက ပြောသည်။
“တရုတ်ကွန်မြူနစ်ပါတီစနစ်ရဲ့ ယုတ္တိဗေဒနဲ့ ရှီကျင့်ဖျင်ရဲ့ အပြုအမူပုံစံအရ တန်ပြန်ဖို့ ပြင်းထန်တဲ့ ဆောင်ရွက်မှုတွေကို ရှီက ပြင်ဆင်သွားမယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ သူဟာ လူ့အဖွဲ့အစည်းအပေါ် အလုံးစုံထိန်းချုပ်မှုကို ပိုမိုတင်းကျပ်ဖို့ နည်းလမ်းမျိုးစုံကို အသုံးပြုနိုင်သေးတယ်” ဟု သုတေသီက ပြောကြားခဲ့သည်။
လူထုအုံကြွမှုနှင့် အချိန်ကိုက်ပြီး ရှီသည် ပြင်းထန်သော ခေါင်းဆောင်မှုဆိုင်ရာ စိန်ခေါ်မှုကို ရင်ဆိုင်ရမည်ကို ဝူက သံသယရှိနေသည်။

“တစုံတယောက်က ရှီကျင့်ဖျင်ကို စိန်ခေါ်ဖို့ ဒီကိစ္စက ဖြစ်လာစေမှာလား။ ဖြစ်နိုင်စရာ မမြင်ဘူး၊ အထူးသဖြင့် အောက်တိုဘာလ ပါတီညီလာခံမှာ သစ္စာခံတွေနဲ့ ခေါင်းဆောင်မှုကို ချီပြီးတုပ်ပြီးတဲ့နောက်မှာပေါ့။ ပါတီညီလာခံ မတိုင်ခင်မှာ ဒီလိုဖြစ်ခဲ့ရင် တစုံတယောက်က ရှေ့ကို ရောက်လာနိုင်တယ်” ဟု ဝူက ပြောသည်။
နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှု နည်းပါးပြီး သက်ကြီးရွယ်အိုများကို ကာကွယ်ရန် လိုအပ်ခြင်းကြောင့် တစိတ်တပိုင်းအားဖြင့် ၎င်း၏ COVID သုညမူဝါဒကို လိုက်နာခြင်းဖြစ်သည်ဟု ပေကျင်းက ဆိုသည်။ တင်းကြပ်သော အရေးယူဆောင်ရွက်မှုများရှိနေသော်လည်း တရုတ်နိုင်ငံတွင် နေ့စဉ် ကူးစက်မှုအသစ်များသည် မှတ်တမ်းတင် မြင့်တက်လျက် ရှိသည်။ တနင်္ဂနွေနေ့တွင် တရုတ်ပြည်မကြီးတွင် ရောဂါကူးစက်မှုအသစ် ၄၀,၀၀၀ ကျော်ကို အစီရင်ခံခဲ့ပြီး နောက်ထပ် အသစ်တဖန် အမြင့်ဆုံးဖြစ်သည်။
မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာမှ တရုတ်စီးပွားရေးနှင့် စီးပွားရေးဆိုင်ရာ အကြီးတန်းအကြံပေးနှင့် ဂေါပကဥက္ကဌ Scott Kennedy က အာဏာပိုင်များသည် တုတ်များနှင့် မုန့်များကို ပေါင်းစပ်ပြီး တုံ့ပြန်နိုင်ဖွယ်ရှိကြောင်း ပြောသည်။
“တုတ်က ဆန္ဒပြခေါင်းဆောင်အချို့ကို ဖမ်းဆီးတာ ဖြစ်လိမ့်မယ်၊ မုန့်က လာမယ့်လတွေမှာ COVID သုညမူဝါဒကို ပြီးစီးကျော်လွန်စေဖို့ အပြင်းအထန် ကြိုးစားအားထုတ်တာ ဖြစ်လိမ့်မယ်။ ဒီနည်းဗျူဟာတွေက ဆန္ဒပြပွဲတွေ ရပ်တန့်သွားအောင် ဆန္ဒပြသူတွေကို လုံလောက်အောင် လှုံ့ဆော်ပေးမှာလားဆိုတဲ့ မေးခွန်းကြီးကတော့ ရှိနေပါသေးတယ်” ဟု Kennedy က ဆိုသည်။
စတန်းဖို့ဒ်မှ ဝူက ဆန္ဒပြပွဲများသည် ရုန်းရင်းဆန်ခတ်ဖြစ်နိုင်သည်ဟု ဝန်ခံခဲ့သော်လည်း ၎င်းတို့သည် နိုင်ငံတွင်း နိုင်ငံရေးလှုပ်ရှားမှုများကို ဖြစ်စေနိုင်ကြောင်း စောဒကတက်သည်။
“တရုတ်ကွန်မြူနစ်ပါတီက သိသိသာသာ လိုက်လျောပေးမယ်ဆိုရင် ဒီဆန္ဒပြမှုတွေက ငြိမ်သက်သွားနိုင်ပေမယ့် တချိန်တည်းမှာ လူထုနဲ့ အစိုးရကြား နှစ် ၃၀ ကြာ အပြန်အလှန်ဆက်ဆံမှုပုံစံက ပြောင်းလဲသွားမှာပါ။ လူထုက လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ကို ချုပ်တည်းထားခဲ့ပေမယ့် အနာဂတ်မှာ အဲဒီလို မလုပ်နိုင်တော့ဘူး” ဟု ၎င်းက ပြောသည်။
ကိုးကား။ ။ Nikkei Asia ၏ China COVID protests mark ‘biggest act of resistance’ in decades
You may also like these stories:
မျက်မှောက်ခေတ်ကာလရဲ့ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ် အားပြိုင်မှု
ရှီကျင့်ဖျင် တရုတ်ကွန်မြူနစ်ပါတီ မဟာခေါင်းဆောင်ကြီး ဖြစ်လာပြီ
တရုတ်ကွန်မြူနစ်ပါတီ၏ ခေတ်သစ်တခုအစပြုခြင်း
ထိုင်ဝမ်အရေး ဘိုင်ဒင်နှင့် ရှီ ဘာလီတွင် အကြိတ်အနယ် ဆွေးနွေး