ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ကြား နိုဝင်ဘာလကုန်မှ စတင်ကာ ရုတ်တရက် အပစ်အခတ် ရပ်စဲလိုက်မှုတွင် ခိုင်မာသည့် အာမခံချက် တစုံတရာ မရှိကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ် ပြောဆိုသည်။
ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက စစ်ကောင်စီနှင့် AA ကြား အပစ်အခတ် ရပ်စဲမှုသည် စာချုပ်စာတမ်းနှင့် အပစ်ရပ် ခြင်း မဟုတ်ဘဲ နှုတ်အားဖြင့်သာ သဘောတူထားသဖြင့် အလွန်အကဲဆတ်သည့် အခြေအနေ ရှိကြောင်း ထောက်ပြသည်။
၎င်းက “ရွာတွေကို လက်နက်ကြီးနဲ့ ပစ်နေတာတွေ၊ ရွာသားတွေကို ဖမ်းနေတာတွေ အဲဒါတွေကို အကုန်လုံး ရပ်တန့် ပေးဖို့ လိုတယ်။ ဒါတွေကို မရပ်တန့်ဘူးဆိုရင် ကတိကဝတ် ချိုးဖောက်ရာတော့ ရောက်မှာပေါ့။ ပြည်သူတွေရဲ့ အခက် အခဲက အရင်လိုပဲ မပြေလည်ဘူးဆိုရင် တိုက်ပွဲတွေ ဖြစ်လာမှာပဲ။ အရင်ကလည်း ULA/AA ရဲ့ အုပ်ချုပ်ရေး လုပ်ငန်း စဉ်တွေကို ဝင်ရောက် နှောင့်ယှက်တဲ့အတွက် အကြိမ်ကြိမ် သတိပေးထားရာက စပြီးတိုက်ပွဲ ဖြစ်လာတယ်။ အခုလည်း ULA/AA ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို ချိုးဖျက်မယ်။ အချိန်မရွေး ဖမ်းမယ်၊ ဆီးမယ်၊ ပြဿနာ ရှာမယ်ဆိုရင် ပြန်ဖြစ်လာမှာပဲ” ဟု မှတ်ချက်ပြုသည်။
အမည်မဖော်လိုသည့် ပြည်မအခြေစိုက် နိုင်ငံရေးလေ့လာသူတဦးကလည်း စစ်ကောင်စီနှင့် AA ကြား အပစ်အခတ် ရပ်စဲမှုသည် နှစ်ဖက်စလုံးတွင် အကျပ်အတည်း ကြုံနေရသဖြင့် ယာယီ တင်းမာမှုများ ဖြေလျော့ကြခြင်း ဖြစ်ကြောင်း ပြောသည်။
AA ကိုယ်တိုင်ကလည်း စစ်ကောင်စီနှင့် အပစ်အခတ် ရပ်စဲခြင်းသည် ရခိုင်ပြည်သူများ ကြုံနေရသည့် အခက်အခဲကို ထောက်ရှုသောအားဖြင့် လူသားချင်းစာနာမှုအရ အလွတ်သဘော အပစ်အခတ်ရပ်စဲခြင်း ဖြစ်ကြောင်း နိုဝင်ဘာ ၂၈ ရက်တွင် ပြုလုပ်သည့် ၆ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “အပစ်ရပ်လိုက်တာက အချိန်ကာလ အကန့်အသတ် မရှိပါဘူး။ ရခိုင်ပြည်သူ တွေရဲ့ အကျိုးကို ဦးထိပ်ထားပြီးတော့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ကျနော်တို့ အလွတ်သဘော လုပ်တာ ဖြစ်တယ်” ဟု ဆိုသည်။
အဆိုပါ အပစ်အခတ် ရပ်စဲမှုကို ဂျပန်နိုင်ငံအခြေစိုက် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ကြားဝင် ညှိနှိုင်းပေးခဲ့ကြောင်းလည်း AA ဘက်က ပြောသည်။ ဆာဆာကာဝါသည် အာဏာသိမ်း ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နီးစပ်သူဖြစ်သည်။
ဦးခိုင်သုခက “ကျနော်တို့ အပစ်ရပ်ရတာက လူသားချင်းစာနာမှုအရ အလွတ်သဘော အပစ်ရပ်စဲလိုက်တာပါ။ အဲဒါက နိုင်ငံကြီးတနိုင်ငံရဲ့ ဖိအားကြောင့် မဟုတ်ပါ။ ပြည်သူတွေ အကျပ်အတည်းလျော့စေဖို့ တချို့ကြားခံ လုပ်ပေးတာ ရှိပါ တယ်။ ပွင့်ပွင်လင်းလင်း ပြောရရင် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်မှုနဲ့ အပစ်ရပ်တာ ဖြစ်ပါ တယ်” ဟု ပြောသည်။
အဆိုပါ အပစ်အခတ် ရပ်စဲမှုသည် စာချုပ်စာတမ်းနှင့် လက်မှတ်ထိုးကာ ရပ်စဲထားခြင်း မဟုတ်ဘဲ နှစ်ဖက်တပ်များ မိမိရောက်သည့်နေရာတွင် ရပ်တန့်ကာ အပစ်အခတ် ရပ်စဲကြရန် အလွတ်သဘော သဘောတူထားခြင်း ဖြစ်ကြောင်း၊ အပစ်အခတ် ရပ်စဲမှုကြောင့် AA ၏ နိုင်ငံရေးရပ်တည်ချက် အပြောင်းအလဲ မရှိကြောင်း ဦးခိုင်သုခက ရှင်းပြသည်။
အပစ်အခတ် ရပ်စဲပြီးနောက်တွင် ရခိုင်ပြည်နယ်သို့ ပြည်မမှလာမည့် စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ဆောင်မှုများကို စစ်ကောင်စီဘက်က ခွင့်ပြုပေးရမည်ဖြစ်ပြီး တဖက်ဖက်က သဘောတူညီချက်အား ချိုးဖောက်ပါက အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
AA သည် ရခိုင်ပြည်နယ်၊ မောင်တောရှိ စစ်ကောင်စီတပ်၏ တောင်ပြိုလက်ဝဲဗျူဟာအား ဝန်းရံပိတ်ဆို့ထားသလို ရန်ကုန်နှင့် ရခိုင်ပြည်နယ် မြို့တော် စစ်တွေကို ချိတ်ဆက်ထားသည့် စစ်တွေ-ပုဏ္ဏားကျွန်းလမ်းကို ပိတ်ဆို့ထားသည်။
အလားတူ စစ်ကောင်စီဘက်ကလည်း ပြည်မမှ ရခိုင်ပြည်နယ်သို့ တင်သွင်းသည့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ကုန်စည် များအား တင်သွင်းခွင့်မပြုဘဲ ကန့်သတ်ထားပြီး ဆေးဝါးတင်သွင်းလာသူများကို ဖမ်းဆီးမှုများ ရှိသလို AA နှင့် ဆက် စပ်သည် ဟုဆိုကာ ရခိုင်တိုင်းရင်းသား ၂၃၉ ယောက်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားသည်။
ထိုကဲ့သို့ အခြေအနေတွင် ရခိုင်ပြည်သူလူထုသည် အကျပ်အတည်း ကြုံလာရပြီး အခက်အခဲများကို ညည်းတွားလာ သဖြင့် AA က ရခိုင်လူထုအတွက် ထောက်ထားကာ အပစ်ရပ်ခြင်း ဖြစ်နိုင်ကြောင်း အမည်မဖော်လိုသည့် ပြည်မအခြေ စိုက် နိုင်ငံရေးလေ့လာသူတဦးက ဆိုသည်။
လက်ရှိတွင်လည်း စစ်ကောင်စီတပ်သည် ပိတ်ဆို့ထားသည့် လမ်းကြောင်းအားလုံးကို မဖွင့်သေးဘဲ ဘူးသီးတောင်-ရသေ့တောင်လမ်း၊ မောင်တော-အငူမော်၊ စစ်တွေ-အငူမော် ကားလမ်းကိုသာ ဖွင့်ပေးထားသည့်အတွက် ဖြေလျှော့မှု များသည် အပြည့်အဝ မဟုတ်သေးဘဲ နှစ်ဖက်ဆက်လက် ညှိနှိုင်းရမည့်ကိစ္စများ ကျန်နေနိုင်ကြောင်း လေ့လာသူများ က ဆိုကြသည်။
နိုင်ငံရေးလေ့လာသူတဦးက စစ်ကောင်စီတပ်နှင့် AA တို့သည် နိုင်ငံရေးအရ သဘောတူညီမှု တစုံတရာရခြင်း မဟုတ်သဖြင့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်သည့် အခြေအနေ ရှိကြောင်း သုံးသပ် သည်။
၎င်းက “အလားအလာကတော့ အရင်တခေါက်လောက် ကြာပါ့မလားဆိုတာ သံသယရှိစရာ ဖြစ်တယ်။ ဦးခိုင်သုခ ဖြေထားတာ ရှိတယ်။ AA ရဲ့ နိုင်ငံရေး ရပ်တည်မှု မပြောင်းလဲဘူး ဆိုတာ။
နိုင်ငံရေးရပ်တည်မှု မပြောင်းလဲဘူး။ စကစ ဘက်ကလည်း ၂၀၀၈ ကို လိုက်နာ၊ BGF ဖွဲ့ ဆိုတာမျိုးကိုပဲ ရပ်တည်တော့ AA ကလည်း လက်ခံမှာ မဟုတ်ဘူး။ ဒါကြောင့် နိုင်ငံရေးအရ ညှိမရတဲ့ အခြေခံကနေ တိုက်ပွဲတွေ အချိန်မရွေး ပြန်ဖြစ်နိုင်တယ်” ဟု ဆိုသည်။
မြန်မာစစ်တပ်နှင့် AA တို့သည် ၂၀၂၀ နိုဝင်ဘာလမှ စတင်ကာ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ ကြားဝင်ပေးမှုဖြင့် နှစ်ဖက် ယာယီ အပစ်ရပ်ထားခဲ့ပြီးနောက် ၂၀၂၂ သြဂုတ်လဆန်းပိုင်းမှ စတင်၍ ရခိုင်ပြည်နယ် အတွင်း စစ်တပ်နှင့် AA တို့ကြား တကျော့ပြန်တိုက်ပွဲများ ပြန်ဖြစ်ခဲ့ပြီး ၄ လအကြာ နိုဝင်ဘာလအကုန်တွင် ထပ်မံ အပစ်ရပ်ကြခြင်း ဖြစ်သည်။
လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်၌ မြန်မာစစ်တပ်နှင့် AA ကြား ဖြစ်သည့် စစ်ပွဲကြောင့် စစ်ဘေးရှောင် ၁ သိန်းခန့် ရှိနေ ပြီး စစ်ရှောင်များအတွက် အစားအစာ၊ အနွေးထည်နှင့် ဆေးဝါးပစ္စည်းများ လိုအပ်နေကြောင်း AA ထံမှ သိရသည်။
You may also like these stories:
AA နှင့် စစ်တပ် အပစ်ရပ်သော်လည်း တပ်မရုပ်
AA နှင့် အာဏာသိမ်း စစ်တပ် ယာယီ အပစ်ရပ်
ရခိုင်မြောက်ပိုင်းကို AA ထိန်းချုပ်နိုင်ခဲ့သော်
စစ်တွေ- ပုဏ္ဏားကျွန်း ကားလမ်းကို AA ထိန်းချုပ်ထားပြီလား
စစ်တွေမြို့ကို စစ်ကောင်စီ ပိတ်ထား၍ ကူးသန်းသွားလာရေး အခက်အခဲများဖြစ်