ဝန်ကြီးများနှင့် အခြားအရာရှိများအနေဖြင့် ပြည်သူများကို မျှော်လင့်ချက်အမှားများ မပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေတ္တသမ္မတ ဒူဝါလရှီးလက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် သတိပေးလိုက်သည်။
ပြည်တွင်း ပြည်ပမှ မြန်မာနိုင်ငံသားများသည် တော်လှန်ရေးအတွက် အခြေခံထောက်ခံမှုဖြစ်ကြောင်း၊ ပြည်သူလူထု ထောက်ခံမှုမရှိပါက အစိုးရများ ရေရှည်ရပ်တည်ရန် ခက်ခဲကြောင်း ဒူဝါလရှီးလက နိုဝင်ဘာလ ၁၉ ရက်နေ့ NUG အစိုးရအစည်းအဝေးတွင် ပြောသည်။
လူထုထောက်ခံလေးစားမှု ရယူရန် အရေးကြီးသော်လည်း ပကတိအခြေအနေနှင့် မကိုက်ညီသည့် မျှော်လင့်ချက်များ မပေးရန် ထိန်းသိမ်းရန် လိုကြောင်း ခေတ္တသမ္မတက ပြောသည်။
NUG ဝန်ကြီးများနှင့် ဒုဝန်ကြီးအချို့က ခုခံတော်လှန်ရေးသမားများသည် လေယာဉ်ပစ် လက်နက်ကဲ့သို့ အဆင့်မြင့်လက်နက်များ မည်သို့ရရှိသည်ကို ကြွားဝါခြင်း၊ တော်လှန်ရေး အလျင်အမြန် အောင်ပွဲခံတော့မည် ဖြစ်ကြောင်းပြောခြင်း၊ တော်လှန်ရေးတပ်များသည် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲတော့မည် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အရေးပေါ်ရိက္ခာများ ပြင်ဆင်ထားရန်ပြောခြင်း ကဲ့သို့သော လွန်စွာ ကျိုးကြောင်း မဆီလျော်သည်များကို သူသိရှင်ကြား ပြောကြားသောကြောင့် အများပြည်သူ ဝေဖန်ခံရပြီးနောက် ခေတ္တသမ္မတက ထိုသို့ သတိပေးခြင်း ဖြစ်သည်။
၄င်တို့နှင့် မသက်ဆိုင်သော ကိစ္စများ၊ အထူးသဖြင့် ကာကွယ်ရေးနှင့် စစ်သေနင်္ဂဗျူဟာ ဆိုင်ရာများကို ပြောသောကြောင့် ရှုတ်ချခံရသော NUG ဝန်ကြီး အနည်းငယ်သာ ရှိသည်။
NUG ဝန်ကြီးများအနေဖြင့် အောက်ခြေနှင့် ထိတွေ့ရန်၊ လူထုအမြင်ကို အလေးမထားဘဲ မနေရန်နှင့် မြန်မာမှ ပကတိအခြေအနေနှင့် မကင်းကွာရန်လည်း သမ္မတ ဒူဝါလရှီးလက ယခင်ကလည်း သတိပေးခဲ့သည်။
မြန်မာပြည်သူအများစုက NUG ကို ၎င်းတို့၏ တရားဝင်အစိုးရအဖြစ် သတ်မှတ်ကြသည်။ NUG ကို လွန်ခဲ့သောနှစ် ဧပြီလက ဖွဲ့စည်းပြီး ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရမှ လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား မဟာမိတ်များ ပါဝင်သည်။ NUG ဝန်ကြီးအချို့သည် NUG ကို နိုင်ငံတကာ အသိအမှတ်ပြုရန် ပြည်ပမှ လှုပ်ရှားနေပြီး ကျန်သူများသည် ပြည်တွင်းတွင် လှုပ်ရှားနေသည်။
နိုင်ငံတကာ အသိုက်အဝန်းမှ ရုပ်ပိုင်းဆိုင်ရာ အထောက်အကူ မရသောကြောင့် NUG သည် တော်လှန်ရေး ရန်ပုံငွေအတွက် ပြည်သူလူထု လှူဒါန်းမှုကိုသာ မှီခိုနေရသည်။
စစ်ကောင်စီက NUG ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည်။
You may also like these stories:
ပြည်သူ့နှလုံးသားကို ဆွဲဆောင်နိုင်သော NUG ယာယီသမ္မတ ဒူဝါလရှီးလ
ဖက်ဒရယ်ဒီမိုကရေစီ ချာတာဟာ ကျနော်တို့ရဲ့ ကျမ်းစာ
စစ်ရေးအရှိန်မြှင့်မည်ဟု NUG ယာယီသမ္မတပြော