စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ခြမ်း ထန်းကုန်းတိုက်နယ် ကြိုးကြာကျေးရွာအုပ်စု မင်းကုန်း(ခ)နှင့် ထန်းတော ရွာများမှ NLD ထောက်ခံသူများ၏ နေအိမ်များကို ပျုစောထီခေါင်းဆောင် မဘသဘုန်းကြီး ဦးဝါသ၀ ဦးဆောင်သော ပျုစောထီးအဖွဲ့များက ချိပ်ပိတ်သွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။
ဒေသတွင်း PDF တပ်ဖွဲ့ဝင်တဦးက “NLD အမာခံ တက်ကြွလှုပ်ရှားသူတွေဆိုတော့ ဦးဝါသဝနဲ့ ပျုစောထီးတွေရဲ့ ရန်ကို ကြောက်ပြီး ရှောင်ထွက်သွားကြတဲ့သူတွေ၊ အဲဒါကို ပျုစောထီးအဖွဲ့တွေက ချိပ်ပိတ်လိုက်ကြတာ၊ ပြီးတော့ အိမ်တွေကို ဖျက်ပြီး သူတို့အတွက်လိုတဲ့ ဘန်ကာတွေ၊ မျှော်စင်တွေ၊ တံတားတွေမှာ သုံးနေကြတာ၊ ထပ်ပြီးတော့လည်း ချိပ် ပိတ်တာ တွေ လုပ်ဦးမယ်လို့ ခြိမ်းခြောက်ထားကြသေးတယ်”ဟု ပြောသည်။
ချိပ်ပိတ်ခြင်း ခံရသည့် နေအိမ်များမှာ သွပ်မိုးနံကပ်တိုက်များ၊ သွပ်မိုးပျဉ်ထောင် နှစ်ထပ် စသည့် အိမ်ကြီးအိမ်ကောင်းများ ဖြစ်ပြီး ပိုင်ဆိုင်သူများမှာ စစ်ကောင်စီ၏ အမှုဖွင့်ခံထားရသူများ မဟုတ်ဘဲ ပျုစောထီးများ၏ မကြာခဏ ဆိုသလို အသက် အန္တရာယ် ခြိမ်းခြောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူများဖြစ်သည်ဟုလည်း ကာယကံရှင်များထံမှ သိရသည်။
နေအိမ်များ ချိပ်ပိတ်ခံရမှုများမှာ မင်းကုန်း(ခ)ကျေးရွာမှ ဦးညွန့်ဝင်းနိုင်၊ ဦးအောင်စိုး၊ ဦးတိုက်ဦး၊ ဦးမြင့်စိုး+ဒေါ်ချစ်စုမ တို့၏ နေအိမ် ၄ အိမ်နှင့် ထန်းတောကျေးရွာမှ ဦးထွန်းထွန်းဝင်း(ခ) ဦးဗူးသီး၊ ဦးမြင့်သိန်း၊ ဦးဆန်းဦး၊ ဦးမောင်အေးတို့၏ နေအိမ် ၄ အိမ်ဟု သိရသည်။
နေအိမ်ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရသူ ဦးညွန့်ဝင်းနိုင်က “ကျနော်က ရှောင်နေရတဲ့သူဆိုတော့ တိုက်ရိုက်မြင်တွေ့ရတာတော့ မဟုတ်ပါဘူး၊၊ ရွာကနေ ကျနော့်ဆီကို လှမ်းအသိပေးတာပေါ့၊ ကျနော့်အိမ် အပါ ၄ လုံးကို ချိပ်ပိတ်သွားပြီပေါ့၊ အိမ်တွေကို လည်း ရိုက်ဖျက်ပြီးတော့ အကုန် ကားတွေနဲ့ တင်ပြီး ယူသွားကြတယ်၊ နောက်ထပ်လည်း အနီ အားပေးအိမ်တွေကို ထပ်ပြီး ချိပ်ပိတ်စရာတွေ အများကြီးကျန်သေးတယ်လို့ ခြိမ်းခြောက်သွားကြတယ်လို့ သိရတာ”ဟု ပြောသည်။
ယင်းနေအိမ်များအား ချိပ်ပိတ်ရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများ မပါဝင်ဘဲ ပျုစောထီးအဖွဲ့များက လာရောက် ချိပ်ပိတ် ခဲ့ကြခြင်းဖြစ်ကြောင်း၊ “အကြမ်းဖက်အဖွဲ့အစည်းများဖြင့် ပတ်သက်သည့်နေရာ ဖြစ်ပါသဖြင့် မည်သူမှ မကျုးကျော်ရ၊ နိုင်ငံ တော်ပိုင်အဖြစ် သိမ်းသည်ဆိုသည့် ဗီနိုင်းများ လာရောက်ကပ်သွားခြင်းဖြစ်ပြီး တရားဥပဒေနှင့်အညီ ရဲစခန်း၊ တရားရုံး၊ စည်ပင်ရုံးများက လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ၎င်းက ဆိုသည်။
“ကျနော်အပါအဝင် ချိပ်ပိတ်ခံရတဲ့ သူတွေက အမှုဖွင့်ခံထားကြရတဲ့ သူတွေ မဟုတ်ဘူး၊ ရွာမှာ ပျုစောထီးတွေ ကြီးစိုးလာ တော့ ပုဂ္ဂိုလ်ရေးမုန်းတီးမှု ကြောင့် ပြေးကြရတဲ့သူတွေလေ၊ ဒါကို သူတို့တွေက လိုချင်တပ်မက်မှုဇောတွေနဲ့ လုပ်ယူကြတာ လို့ပဲ ပြောချင်တယ်”ဟု ဦးညွန့်ဝင်း နိုင်က ဆက်လက်ပြောသည်။
အိမ်များ ချိပ်ပိတ်ခြင်းကို မင်းကုန်း(ခ) ပျုစောထီးအဖွဲ့ခေါင်းဆောင် ဘိုနိုင်၊ ကျေးရွာအုပ်ချုပ်ရေးမှူး နေထက်လင်း၊ ဇော်ငြိမ်း ဝင်း၊ ညီညီရွှေသဲ၊ ခင်မောင်ဝင်း၊ ဖိုးပြားတို့နှင့် ထန်းတောကျေးရွာပျုစောထီးခေါင်းဆောင် ဦးခင်မောင်ငြိမ်း၊ ဦးသံလုံး၊ ကျောင်းဆရာမ ဒေါ်မြင့်မြင့်မော်တို့ ဦးဆောင်ကာ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ထန်းတောကျေးရွာမှ နေအိမ် ချိပ်ပိတ်ခံရသူ ဦးထွန်းထွန်းဝင်းကလည်း “ချိပ်ပိတ်ခံရတဲ့ အိမ်တွေနဲ့ ပြေးနေကြရသူတွေက NLD အမာခံတွေပါ၊ ကျနော့်တရွာတည်းကို အိမ် ၁၉ လုံးအထိ ချိပ်ပိတ်မယ်လို့ သိရတယ်၊ ပျုတွေက ဒီလိုမျိုးလုပ်တာက သွေးတိုးစမ်းတဲ့အနေနဲ့ စလုပ်ကြည့်တာမျိုးပေါ့၊ ကျနော်တို့ရဲ့ ကျွဲတွေ၊ နွားတွေတုန်းကလည်း ဒီလိုမျိုး တဦးစ နှစ်ဦးစ စလုပ် ရာကနေ နောက်ပိုင်းအတင့်ရဲလာပြီး အကုန်ပတ်သိမ်းခဲ့ကြတာပဲလေ”ဟု ပြောသည်။
ထို့သို့ ချိပ်ပိတ်ခြင်းများအပြင် ထန်းတောကျေးရွာမှ ဦးထွန်းမြင့်၊ ဦးထွန်းထွန်းဝင်း(ခ) ဦးဗူးသီး၊ ဒေါ်မာပို၊ ဦးလှိုင်တို့ ပိုင်သည့် လယ်တောအတွင်း ဆောက်လုပ်ထားသော နေအိမ်များကိုလည်း မီးရှို့သွားကြောင်း သိရသည်။
ထန်းတောကျေးရွာမှ နေအိမ် မီးရှို့ခံခဲ့ရသူ ဒေါ်မာပို က“အနိုင်ကျင့်တာဆိုတော့ စိတ်ထဲမှာတော့ ခံပြင်းတာပေါ့၊ လူလွတ်ရင် ပြီးတာပဲဆိုတဲ့ ခံယူချက်နဲ့ တိမ်းခဲ့ရတာ၊ နိုင်ငံရေးကို အကြောင်းပြပြီး စီးပွားရေးတဏှာနဲ့ ဗိုလ်ကျ အနိုင်ကျင့်ကြတာပါ၊ ကျမတို့နဲ့ ဘာရန်ငြိုးရန်စမှ မရှိပါဘူး၊ ကျောင်းဆရာမ မြင့်မြင့်မော်နဲ့ ကျမနဲ့က တူဝရီးတော် ပါသေးတယ်၊ လယ်တော အိမ်အထိကို လိုက်လာပြီးတော့ စစ်စရာရှိတယ်လို့ပြောပြီး ဖုန်း ၄ လုံးနဲ့ ငွေ ၂ သိန်းကိုလည်း သိမ်းသွားကြသေးတယ်”ဟု ပြောသည်။
ဒေါ်မာပိုသည် ပျုစောထီများ၏ ရန်ကြောင့် ဘေးလွတ်ရာသို့ မရှောင်တိမ်းခင်က လယ် ၂၅ ဧကတွင် ဘေးကြားစပါးများ စိုက်ပျိုးထားသလို ပျုစောထီးများ၏ မီးရှို့ခြင်းကြောင့် လယ်တဲ နေအိမ် ၄ လုံး၊ ကျွဲ ၂ ကောင်၊ နွား ၅ ကောင်၊ လယ်ယာသုံး စက်ပစ္စည်းများ၊ ရေစုပ်စက်များ၊ ဆိုလာပြား ၃ ပြားနှင့် အခြားတန်ဖိုးကြီးပစ္စည်းများကိုလည်း ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ယခုအခါ ကန့်ဘလူဒေသရှိ ပျုစောထီး အားကောင်းရာ ဒေသများတွင် တက်ကြွလှုပ်သူများ၊ NLD ပါတီဝင်များ၊ NLD ပါတီ အားပေး ထောက်ခံသူများကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ နေအိမ်များ ချိပ်ပိတ်ခြင်းများအပါအဝင် ဥပဒေမဲ့လုပ်ရပ်များကို မဘသဘုန်းကြီး ဦးဝါသ၀ ဦးဆောင်သော ပျုစောထီးအဖွဲ့များက စစ်တပ်အားကိုးဖြင့် ပြောင်ပြောင်တင်းတင်း လုပ်ဆောင် နေကြကြောင်း ဒေသခံများက ပြောသည်။
ထိုသို့လုပ်ဆောင်မှုများအနက် ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့က မင်းကုန်း(ခ)ကျေးရွာဒေသခံများ ပိုင်ဆိုင်သည့် ကျွဲ၊နွားများနှင့် လယ်ယာသုံး ထွန်စက်၊၊ ရေစုပ်စက်များနှင့် အိမ်သုံးပရိဘောဂပစ္စည်းများ၊ ဆိုလာ၊ ဘက်ထရီများကိုလည်း ယူဆောင်ကာ ရောင်းစားခဲ့ကြကြောင်းလည်း ဒေသခံများထံမှ သိရသည်။
အလားတူ သြဂုတ် ၂၀ ရက်နေ့က လယ်လှကျေးရွာမှ စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းထိန်၏ နေအိမ်ကိုလည်း ထန်းကုန်း တိုက်နယ် ပျုစောထီးအဖွဲ့နှင့် လယ်လှကျေးရွာ ရွာခံပျုစောထီးများ ပေါင်း၍ ချိပ်ပိတ်ခဲ့ကာ နေအိမ်အတွင်းရှိ ပစ္စည်းများအား ကျပ် ၃သိန်းဖြင့် လေလံတင် ရောင်းစားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းဒေသတွင် ပျုစောထီးခေါင်းဆောင် မဘသဘုန်းကြီး ဦးဝါသဝ က ခြိမ်းခြောက် အနိုင်ကျင့်ကာ အဓမ္မ စစ်သင်တန်းများ တက်ရောက်ခိုင်းနေခြင်းကြောင့် ကန့်ဘလူမြို့နယ်သည် ပျုစောထီးအားကောင်းရာ ဒေသတခုဖြစ်လာပြီး ပျုစောထီးကျေး ရွာပေါင်း ၄၀ ကျော်ထိ ရှိလာသလို သင်တန်းဆင်း၍ လက်နက်တပ်ဆင်ပေးထားသော ပျုစောထီး ၉၀၀ ကျော်ခန့် ရှိကြောင်း ဒေသခံများထံမှ သိရသည်။
You may also like these stories:
ကန့်ဘလူ မင်းကုန်း(ခ) ရွာတွင် ပျုစောထီးများက ဆက်ကြေးကောက်နေဟုဆို
NLD ပါတီဝင်များ ဆက်တိုက် သတ်ဖြတ်ခံနေရ
ကန့်ဘလူ မင်းကုန်းရွာကို ပျူစောထီးများ အကြမ်းဖက်ဖိနှိပ်
NLD ထောက်ခံသူတို့၏ ပိုင်ဆိုင်မှုများ ကန့်ဘလူ ပျူစောထီး ရောင်းစား
ကန့်ဘလူ ဒေသခံ အမျိုးသမီး ၉ ဦးအား ပျူစောထီးအဖွဲ့ ဖမ်းဆီး