စစ်ကောင်စီက ဒီဇင်ဘာ ၄ ရက်တွင် ဖမ်းဆီးထားသည့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ (ငြိမ်း) ဒေါက်တာ ခလမ်ဆမ်ဆွန်အား မြစ်ကြီးနားသို့ ယမန်နေ့က ပြန်လည် လွှဲပြောင်းခဲ့သော်လည်း မိသားစုနှင့် ဆက်သွယ်ခွင့် မပေးသေးကြောင်း ၎င်း၏ မိတ်တွေများထံမှ သိရသည်။
၎င်းက “မြစ်ကြီးနားလေဆိပ်ကို မနေ့က ညနေဘက် ရောက်တာ။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ခေါ်သွားတယ်၊ ခုချိန်ထိ ဆက်သွယ်မရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ ခလမ်ဆမ်ဆွန်သည် မိတ်ဆွေနှစ်ဦးနှင့်အတူ ပြည်ပခရီးစဉ်သွားရောက်ရန် ဒီဇင်ဘာ ၄ ရက်က မြစ်ကြီးနား မြို့မှ မန္တလေးမြို့သို့ လေကြောင်းခရီးဖြင့် ရောက်လာစဉ် စတင် ဖမ်းဆီးခံခဲ့ရပြီး တညကြာ မန္တလေးတွင် ထိန်းသိမ်းခံခဲ့ရသည်။ ၎င်းနှင့်အတူ လာသူ မိတ်ဆွေနှစ်ဦးသာ ပြည်ပခရီး ဆက်လက်သွားခွင့် ရခဲ့သည်။
ယင်းနောက် ဒီဇင်ဘာ ၅ ရက်တွင် မန္တလေးမြို့မှ မြစ်ကြီးနားသို့ လေကြောင်းမှပင် ပြန်လည်ပို့ဆောင်ခဲ့ရာတွင် ဒေါက်တာ ခလမ်ဆမ်ဆွန်အား စစ်ကောင်စီမှ ပြန်လည်လွှတ်ပေးသည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လက်တွေ့တွင်မူ ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်သည်။
ဒေါက်တာ ခလမ်ဆမ်ဆွန်၏ လုပ်ဖော်ကိုင်ဖက်တဦးက “ကျနော်တို့က လေဆိပ်မှာ သွားကြိုနေတာ ပါမလာဘူး၊ အခုက ပြန်လွှတ်ပေးပြီးမှ မြစ်ကြီးနားမှာ ထပ်ဖမ်းတာမျိုး မဟုတ်ဘူး။ သဘောက မန္တလေးမှာ ဖမ်းထားတာကို မြစ်ကြီး နားကို ပြန်လွှဲပေးတဲ့ ပုံပဲ၊ အခုလက်ရှိ စစ်တပ် လက်ထဲမှာပဲ ရှိနေတုန်းလို့ ခန့်မှန်းရတယ်” ဟု ပြောသည်။
ဒေါက်တာ ခလမ်ဆမ်ဆွန်နှင့် နီးစပ်သူများ၏ ပြောကြားချက်အရ စစ်ကောင်စီအနေဖြင့် ၎င်းအား ပြည်ပ ထွက်ခွာခွင့် ပိတ်ပင်ထားပြီး ယခုကဲ့သို့ ဖမ်းဆီးခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဒေါက်တာ ခလမ်ဆမ်ဆွန်၏ လုပ်ဖော်ကိုင်ဖက်တဦးက “ကျနော်တို့ ထင်တာတော့ သူ့ကို ပြည်ပကို မသွားခိုင်းစေ ချင်တာလား၊ အပြင်ရောက်သွားရင် ဟိုပြောဒီပြော သွားပြောနိုင်လောက်တယ်ပေါ့၊ ဒါကို စိုးရိမ်နေတာလည်း ဖြစ်နိုင်ပါ တယ်၊ ခုချိန်ထိတော့ ဘာကြောင့်ဖမ်းတယ်၊ ဘယ်လို အရေးယူမယ်ဆိုတာ မသိရသေးဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် စစ်ကောင်စီအနေဖြင့် လူနည်းစုတိုင်းရင်းသားများအပေါ် ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ်မှုများနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား တွေ့ဆုံစဉ် ဒေါက်တာခလမ်ဆမ်ဆွန်၏ တင်ပြ ပြောဆိုမှုများအပေါ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး သန်းထိုက်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ဖူး သည်။
သို့သော် နောက်ပိုင်းတွင် အာဏာသိမ်းစစ်ခေါင်း ဆောင်၏ နှုတ်မိန့်ဖြင့် အမှုအား ပြန်လည်ရုပ်သိမ်းခဲ့သည်။
ထိုသို့ အမှုရုပ်သိမ်းပြီးနောက် အာဏာသိမ်းစစ်တပ်ခေါင်းဆောင်အနေဖြင့် ဒေါက်တာ ခလမ်ဆမ်ဆွန်အား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလနှင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတို့တွင် နှစ်ကြိမ်တိုင် ဖိတ်ခေါ်ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေး ရလိုကြောင်း စစ်ခေါင်းဆောင်က ပြောခဲ့သည်။
လက်ရှိတွင်မူ အာဏာသိမ်း စစ်ကောင်စီနှင့် ကချင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KIA) တို့ကြား တိုက်ပွဲ များ ပြင်းထန်စွာဖြစ်ပွားလျက်ရှိရာတွင် အောက်တိုဘာ၂၃ ရက်က ဖားကန့်မြို့နယ်၊ အနန့်ပါဒေသတွင် ကချင်လွတ် လပ်ရေး အဖွဲ့ (KIO) တည်ထောင်ခြင်း ၆၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် အရပ်သားများ ပါဝင်သော တေးဂီတ ဖျော်ဖြေပွဲကျင်းပနေစဉ် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားများအပါအဝင် လူဦးရေ ၆၀ ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများလည်း ရှိခဲ့သည်။
ယင်းဖြစ်ရပ်အပြီး အာဏာသိမ်း စစ်ကောင်စီဘက်မှ မြစ်ကြီးနားမြို့ပေါ်ရှိ KIA နှင့်ဆက်စပ်သည့် လူပုဂ္ဂိုလ်များအား ရှာဖွေ ဖမ်းဆီးလျက်ရှိသည်။
လက်ရှိ ဒေါက်တာ ခလမ်ဆမ်ဆွန်အား ဖမ်းဆီးမှုနှင့် ပတ်သက်၍မူ စစ်ကောင်စီဘက်လည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ဒေါက်တာ ခလမ်ဆမ်ဆွန်အနေဖြင့် လက်ရှိတွင် KBC ၌ အကြံပေးအဖြစ် ဆောင်ရွက်လျက်ရှိနေပြီး စစ်ကောင်စီ၏ အကြောင်းမဲ့ ဖမ်းဆီးထားမှုအပေါ် စိုးရိမ်လျက်ရှိကြောင်းနှင့် အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် KBC က ယမန်နေ့က ထုတ်ပြန်ထားသည်။
You may also like these stories:
AA အပစ်ရပ်မှု စစ်ကောင်စီဆန့်ကျင်ရေး အခြားအဖွဲ့များပေါ် ဖိအားပိုလာမလား
ရခိုင်တွင် အပစ်ရပ်ပြီး စစ်ကောင်စီ လက်နက်ရိက္ခာ အလုံးအရင်း ဖြည့်နေ