စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်သို့ ဝင်ရောက်နေသည့် စစ်ကောင်စီတပ်သည် ဒေသခံ ၃၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းထားပြီ အချို့ကို စစ်ကြောင်းတလျှောက် လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ခင်ဦးနှင့် ရွှေဘိုမြို့နယ်မှ ဒီပဲယင်းသို့ စစ်ရှောင်လာသူ ၂၆ ဦးနှင့် ဒီပဲယင်းမြို့နယ်အတွင်းက ဒေသခံ ၈ ဦး ခန့် အပါအဝင် စုစုပေါင်း ၃၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ ၃ ရက်နေ့တွင် ခင်ဦးမြို့နယ် တာတိုင်ရွာနှင့် ရွှေဘိုမြို့နယ် သပွတ်တောရွာမှ ဒီပဲယင်းမြို့နယ်အတွင်း စစ်ရှောင်လာရင်း အဖမ်းခံရသည့် ဒေသခံ ၂၆ ဦးတွင် ၁၃ နှစ်အရွယ် ယောက်ျားလေး ၂ ဦး ပါဝင်ပြီး စစ်ကြောင်း တလျှောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။
ဒေသခံ တဦးက “မိသားစုတွေ အနေနဲ့က အရမ်းစိုးရိမ်နေကြတယ်။ ၁၃ နှစ်သား ကလေး ၁ ယောက်ရဲ့ အင်္ကျီကို ချွတ်ပြီး တော့ ကျိုးကျတဲ့ တံတားမှာ ကြိုးအနေနဲ့ ချည်ပြီး သုံးသွားတာကို တွေ့ရတယ်။ အားလုံးက စိုးရိမ်နေကြတာ”ဟု ပြောသည်။
အဆိုပါ ၂၆ ဦးထဲမှ ၁ ဦးကို မေးစေ့တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် ရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့ပြီး ကျန် ၁ ဦးကိုလည်း အခြားရွာတွင် ပြန်လည်တွေ့ရှိထားသော်လည်း ကျန်သူများနှင့် အဆက်အသွယ် မရရှိသေးကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့ ထံမှ သိရသည်။
ထို့ပြင် ဒီပဲယင်းမြို့နယ်၊ မူရိုးကုန်းကျေးရွာမှ စိတ်ဝေဒနာခံစားနေရသူ ကိုညီထွေး ဆိုသူကိုလည်း စစ်ကောင်စီက ဖမ်းထားသည့်အပြင် ယနေ့ နံနက်ပိုင်း နများရွာကို ဝင်စီးနင်းမှု၌ ဒေသခံ ၇ ဦးခန့် ထပ်မံဖမ်းဆီးခံထားရကြောင်း သိရသည်။
ယင်း နများရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၃ ရက်နေ့က ဝင်ရောက်ထားပြီးသားဖြစ်၍ ရွာကို ရှင်းလင်းရေး လုပ်ရန် သွားသည့် ဒေသခံများမှာ စစ်ကြောင်းပြန်လှည့်လာချိန်ဖြင့် တိုးပြီး ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဒေသခံတဦးက ဆိုသည်။
“ပထမအကြိမ် ဝင်ပြီးပြီ။ အိမ်ခြေ ၂၀ ကျော် မီးလောင်သွားတယ်။ အဲဒါကို ဒီနေ့ မနက်ထပ်ဝင်တော့ ရွာကိုပြန်သွားတဲ့ ပြည်သူတွေ ဖမ်းခံလိုက်ရတာ။ ဒီနေ့ မီးရှို့ခံရတာ တော်တော်ဆိုးမယ့် သဘောရှိတယ် ၅ နေရာ ခွဲရှို့နေတာ”ဟု ၎င်းက ပြောသည်။
ရေဦးမြို့နယ်မှ လာသည့် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၅၀ ကျော်သည် ဒီဇင်ဘာလ ၁ ရက်နေ့မှစပြီး ဒီပဲယင်းမြို့နယ် အတွင်း အဖွဲ့ ၂ ဖွဲ့ခွဲကာ ယနေ့အချိန်ထိ ကျေးရွာများအား စီးနင်းဝင်ရောက်နေခြင်း ဖြစ်ကြောင်း ၊ ရောက်ရှိနေသည့် တပ်သည် မည်သည့် တပ်ရင်း၊ တပ်မ မှ ဆိုသည်ကို မသိရှိရသေးကြောင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ဆိုသည်။
ထိုသို့ ၆ ရက်ကြာ စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ သောင်းချီထွက်ပြေးတိမ်းရှောင်နေရပြီး ရွာ ၁၀ ရွာဖြစ်သည့် ပျော်ဘွယ်၊ မစိုးရိမ်၊ ညောင်လှ၊ ကံကုန်း၊ နများ၊ ယဉ်ကျေး၊ မူရိုးကုန်း၊ အင်ပင် (အရှေ့)၊ ကုန်းကြီး နှင့် ဘန့်ဘွေး အစရှိသည့် ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့မှ ကောက်ယူထားသည့် စာရင်းအရ သိရသည်။
ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်သည် နယ်မြေစိုးမိုးမှု ရရှိရေး ကြိုးပမ်းနေခြင်း ဖြစ်ပြီး ကလေးပါ မချန် လူသားဒိုင်းအဖြစ် သုံးရန် ဓားစာခံဖမ်းဆီးထားခြင်းသည် ပြည်သူများအား အကြောက်တရား ရိုက်သွင်းနေခြင်း ဖြစ်ကြောင်း ပြောသည်။
၎င်းက “ဒီပဲယင်းမြို့နယ်ထဲမှာဆိုရင် ၇၀ ရာခိုင်နှုန်းလောက်က ကာကွယ်ရေးတပ်တွေဘက်က ထိန်းချုပ်ထားတော့ သူတို့ က အဲဒါကိုလိုချင်တာကြောင့်လည်း ပါတယ်။ သက်ကြီးရွယ်အို ၊ ကလေးတွေ၊ နာမကျန်းဖြစ်နေတဲ့လူတွေပါ ဖမ်းတာက ဒီဘက်မှာ လူထုကိုကြောက်ပြီး တော်လှန်ရေး လုပ်ငန်းတွေ အားနည်းလာအောင် သူတို့ သုံးတဲ့ ဗျူဟာကိုပဲ သုံးတာပေါ့။ ကာကွယ်ရေး အဖွဲ့တွေနဲ့ သီးခြားဖြစ်ပြီး ထောက်ခံမှု အားနည်းလာအောင် လုပ်တာလို့ပဲ မြင်တယ်” ဟု ပြောသည်။
ဒီဇင်ဘာလ ၃ ရက်နှင့် ၄ရက်နေ့များတွင် အဆိုပါစစ်ကောင်စီတပ်များနှင့် အတူ ပျူစောထီးများ လည်း ပါဝင်ပြီး ဒီပဲယင်းမြို့နယ်သာမက ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း စီးနင်းဝင်ရောက်ကာ နေအိမ်များကို မီးရှို့နေခြင်းဖြစ်ကြောင်း၊ ကျေးရွာ ၉ရွာခန့်ရှိ နေအိမ် အလုံး ၅၀ ကျော် မီးရှို့ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
မီးရှို့ခံခဲ့ရသည့် ရွှေဘိုမြို့နယ်၊ ဒညင်းကုန်းရွာ ဒေသခံတဦးက “ ဒေသခံတွေက လှည်းတွေနဲ့ပစ္စည်းတင်ပြီးအမြန်ပြေးရတာ။ ပြေးရင်းလွှားရင်းနဲ့ဖမ်းမိတဲ့ သူတွေလည်း ရှိတယ်။ ဒညင်းကုန်းမှာဆိုရင်နှစ်ညအိပ်ပြီး အကုန်မွှေနှောက်ပြီးတော့ ယူပြီး တော့မှ မီးရှို့ပြီးပြန်တာ” ဟုပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း ဒီပဲယင်းမြို့နယ်ထဲသို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ ပြည်သူ ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar)၏ အချက်အလက်များအရ အာဏာသိမ်းပြီးနောက် အောက်တိုဘာ ၃၁ ရက်နေ့အထိ နေအိမ်နှင့် အဆောက်အအုံပေါင်း ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရသည့်အနက် ၇၀ ရာခိုင်နှုန်းမှာ စစ်ကိုင်းတိုင်း၌ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
စစ်ကောင်စီ ဗြောင်လိမ်တဲ့ လက်ယက်ကုန်းက ကလေးတွေ သတ်ဖြတ်မှု
ဒီပဲယင်းက ကလေး ၉ဦး ကို စစ်တပ်က ရေဦး၌သင်္ဂြိုဟ်ကာ အလောင်းဖျောက်
ဒီပဲယင်း လေကြောင်း တိုက်ခိုက်ခံရမှု ဒေသခံ ၂ ဦး သေဆုံး၊ ပျောက်ဆုံးနေသူ အများအပြားရှိ