ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်အတွင်း မြန်မာအမျိုးသားဒီမိုကရက် တစ် မဟာမိတ်တပ် (MNDAA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများကျယ်ပြန့်လာမည့်အပေါ် ဒေသခံများ စိုးရိမ် နေကြောင်း သိရသည်။
၂၀၁၅ ခုနှစ်က ဖုန်ကြားရှင် ပြန်လာပြီ ဆိုသော သတင်းများနှင့်အတူ ကိုးကန့်တပ်ဖွဲ့များ (MNDAA)က လောက်ကိုင်မြို့ ဝင်ရောက်စီးနင်းဖူးရာ ယခုလည်း ထပ်မံတိုက်ခိုက်နိုင်သည်ဆိုသော သတင်းများကြောင့် ဒေသခံများ စိုးရိမ်နေကြခြင်း ဖြစ်ကြောင်း ထိုဒေသတွင် နေထိုင်သူတဦးက ဆိုသည်။
၎င်းက “၂၀၁၅ တုန်းကလည်း အဲဒီလို သတင်းတွေ ထွက်ပြီးနောက် ဝင်တိုက်တာဆိုတော့ လူတွေက စိုးရိမ်စိတ် ရှိတာပေါ့။ ဒေသခံတွေက ကိုယ့်အိမ်ကိုယ် နေလို့ရပေမယ့် ရွှေ့ပြောင်းတွေကျတော့ အလုပ်အကိုင်လည်းမရှိနဲ့ မြို့ထဲပိတ်မိမှာ ကြောက် တာပေါ့။ တကယ့်တိုက်ပွဲ ဖြစ်မဖြစ်ကတော့ စောင့်ကြည့်ရမှာ။ ဒါက ဒီတိုင်း ဝါဒဖြန့်တာလား၊ တကယ်တိုက်ဖို့ သတင်းလွှင့် တာလား။ အဲဒါကတော့ မရှင်းလင်းသေးဘူး” ဟု ဆိုသည်။
လက်ရှိတွင် လောက်ကိုင်မြို့အား MNDAA က ဝင်ရောက် တိုက်ခိုက်မည်ဆိုသည့် သတင်းပျံ့နှံ့နေမှုကြောင့် နေရပ်ပြန်သည့် ရွှေ့ပြောင်းလုပ်သား ရာဂဏန်းခန့် ရှိနေပြီး ဒေသခံအများစုကမူ စစ်ဖြစ်လာနိုင်သည့်အပေါ် စိုးရိမ်ကြသော်လည်း အခက် အခဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခြင်း မရှိကြောင်း လောက်ကိုင်မြို့ဒေသခံ အမျိုးသမီးတဦးက ပြောသည်။
၎င်းက “ညီမတို့ဆိုရင် လောက်ကိုင်မှာ ကိုးကန့်စကားပြောသင်တန်း ဖွင့်ထားတာ။ နယ်ကလာတဲ့ ကလေးတွေကိုလည်း နေဖို့စားဖို့ကအစ စီစဉ်ပေးရတယ်ဆိုတော့ ဒီကလေးတွေလည်း ပြန်လို့ အဆင်မပြေဘူးလေ။ တချို့ကလေးတွေဆိုရင် လည်း စစ်ဖြစ်တဲ့နေရာက လာရတာဆိုတော့ ပြန်လို့ မဖြစ်ဘူးပေါ့။ အိမ်မရှိဘာမရှိနဲ့။ မထူးဘူး။ ညီမတို့လို အောက်ဘက် ပြန်ဆင်းလည်း ဘာမှမထူးဘူး။ လုပ်စရာကိုင်စရာလည်းမရှိ ဆိုတဲ့သူတွေကတော့ နေနေကြတုန်းပဲ” ဟု ရှင်းပြသည်။
လောက်ကိုင်မြို့တွင် လက်ရှိ သုံးနေသည့် လျှပ်စစ်မီးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ယူနန်အင်တာနေရှင်နယ်ကုမ္ပဏီ လင်ချန်းဓာတ်အား ဖြန့်ဖြူးရေးဌာနက ပေးနေခြင်း ဖြစ်ပြီး လောက်ကိုင်မြို့ကို ပေးနေသည့် လျှပ်စစ်မီးအား ဒီဇင်ဘာ ၇ ရက်မှ စတင်ကာ ဒီဇင်ဘာ ၁၄ ရက်ထိ ယာယီ မီးဖြတ်ထားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံဘက်က လောက်ကိုင်မြို့ အာဏာပိုင်များအား အသိပေးထားသည်။
ထိုသို့ လောက်ကိုင်မြို့တွင် လျှပ်စစ်ဓာတ်အားများ ယာယီပြတ်တောက်နေခြင်းနှင့် မြို့ကို MNDAA က ဝင်ရောက် တိုက်ခိုက် နိုင်သည် ဆိုသော သတင်းများကြောင့် လောက်ကိုင်မြို့တွင် စိုးရိမ်မှုများ မြင့်တက်နေခြင်း ဖြစ်ကြောင်း လောက်ကိုင်ဒေသခံ များက ဆိုသည်။
လက်ရှိတွင် လောက်ကိုင်မြို့ကို စစ်ကောင်စီ၏ မဟာမိတ် ဖြစ်သည့် ကိုးကန့်လုပ်ငန်းရှင် လျူကျန်ရှောင်(လီကျိန်းချန်)၏ ကိုးကန့်နယ်ခြား စောင့်တပ် (BGF) က ထိန်းချုပ်ထားသည်။
စစ်ကောင်စီနှင့် ကိုးကန့် BGF တို့သည် အင်အားစုစည်း ဖြည့်တင်းနေပြီး MNDAA နှင့် စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း MNDAA နှင့် နီးစပ်သည့် The Kokang သတင်းစာမျက်နှာက ဖော်ပြထားသည်။
MNDAA ဘက်ကမူ ပြီးခဲ့သည့် နိုဝင်ဘာ လကုန်ပိုင်းက လောက်ကိုင်မြို့တောင်ဘက်ရှိ ချင်းရွှေဟော်မြို့အနီးတွင် စစ်ကောင် စီတပ်နှင့် MNDAA တို့ကြား တိုက်ပွဲအချို့ ဖြစ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ထပ်မံ၍ တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း ဆိုသည်။
လောက်ကိုင်မြို့ကို ထိန်းချုပ်ထားသည့် ကိုးကန့်အာဏာပိုင်များကလည်း လောက်ကိုင်မြို့၌ တည်ငြိမ်အေးချမ်းမှုရှိပြီး လူမှုကွန်ရက်စာမျက်နှာတွင် ကောလာဟလ သတင်းအမှားများ၊ ရုပ်သံများ၊ စာသားများ မရေးသားကြရန်နှင့် ရေးသား ကြသူများအား ဥပဒေနှင့်အညီ စစ်ဆေးအရေးယူမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်တွင် ကြေညာထားသည်။
နိုင်ငံတပ်မတော်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လက်နက်ကိုင် အဖွဲ့အစည်းများသည် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးကို ကာကွယ်နိုင်သော အရည်အချင်း ရှိသည်ဟုလည်း စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
လတ်တလောတွင် လောက်ကိုင်မြို့၌ စစ်ပွဲဖြစ်မဖြစ် မသေချာသေးသော်လည်း လောက်ကိုင်မြို့နှင့် လားရှိုးသို့ သွားသည့် ကားခများ ၃ ဆခန့် ဈေးတက်သွားကြောင်း၊ ယခင်က လောက်ကိုင်နှင့် လားရှိုးသို့ သွားသည့် ကားခ ကျပ် ၃ သောင်းခွဲခန့် ရှိသော်လည်း လောက်ကိုင်မြို့မှ ပြန်မည့်သူများနေသဖြင့် ကားခမှာ ကျပ် ၁ သိန်းကျော်ထိ ဈေးတက်နေကြောင်း လောက်ကိုင်မြို့ ဒေသခံများထံမှ သိရသည်။
MNDAA သည် ၂၀၁၅ ဖေဖော်ဝါရီလတွင် သံလွင်အရှေ့ခြမ်းရှိ ကိုးကန့်ဒေသ လောက်ကိုင်ကို တကျော့ပြန် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ပွဲမှာ ဇွန်လထိ ၅ လခန့် ကြာမြင့်ခဲ့ကာ MNDAA ၏ တိုက်ခိုက်မှုက မြန်မာစစ်တပ်ကို ထိခိုက်သေ ဆုံးမှု အများအပြားဖြင့် အထိနာစေခဲ့သည်။
You may also like these stories:
ကိုးကန့် BGF သို့မဟုတ် မြန်မာစစ်အုပ်စု၏ ရာဇဝတ်မဟာမိတ်
MNDAA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အသေအဆုံးများ
စစ်ကောင်စီတပ်နှင့် MNDAA မုံးကိုးတွင် တိုက်ပွဲ ထပ်ဖြစ်
ဦးဖုန်ကြားရှင် ဈာပန စစ်ကောင်စီတိုင်းမှူး ဘာကြောင့် လာတက်သလဲ