မြန်မာလူငယ်များနှင့် ဒီမိုကရေစီကို ကာကွယ်တိုက်ပွဲဝင်နေသူ အားလုံးအတွက် ဂုဏ်ယူကြောင်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာတွင် ဖြစ်ပွားနေသည့် စစ်ကောင်စီဆန့်ကျင်ရေး ခုခံတော်လှန်ရေး လှုပ်ရှားမှုအပေါ် လွန်ခဲ့သောနှစ်နောက်ပိုင်းက ပထမဆုံးအကြိမ် မှတ်ချက်ပေးခဲ့သည်။
ထောင်တွင်း ရက်ပေါင်း ၆၅၀ နေထိုင်ပြီးနောက် လွန်ခဲ့သော ၃ ပတ်တွင် စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ သြစတြေးလျ စီးပွားရေး အကြံပေးဟောင်း ရှောင်တာနဲလ်မှတဆင့် ထိုသတင်းစကားကို ဒေါ်အောင်ဆန်းစုကြည် ပြောကြားလိုက်ခြင်းဖြစ်သည်။
မစ္စတာ တာနဲလ်သည် ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုပြောလိုက်သည့် သတင်းစကားကို လက်ဆင့်ကမ်း ပြောကြားခဲ့ပြီး မြန်မာအနာဂတ်နှင့် ပတ်သက်သည့် သူ၏အမြင်ကို အမေရိကန် ABC သတင်းဌာန၏ ဌာနခွဲ News 10 နှင့် ဒီဇင်ဘာလ ၆ ရက်နေ့က တွေ့ဆုံမေးမြန်းရာတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
လွန်ခဲ့သော ၈ ပတ်က ၎င်းတို့ကို ထောင်ချသောအခါ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခဲ့ကြောင်း သူကပြောသည်။ မြန်မာအကြောင်း အမှန်တရားများကို လူတိုင်းကိုပြောရန် ဒေါ်အောင်ဆန်းစုကြည်က မှာလိုက်ကြောင်း မစ္စတာ တာနဲလ်က ပြောသည်။ အဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံက “ကျမတို့ကို နှုတ်ပိတ်ထားတယ်။ ဒါပေမယ့် ရှင်က ပြောပြလို့ရတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြောင်း မစ္စတာ တာနဲလ်က ပြောသည်။
“သူဘယ်လောက် ဂုဏ်ယူတယ်ဆိုတာ ကျနော့်ကိုပြောပြတယ်။ အထူးသဖြင့် မြန်မာလူငယ်တွေအတွက် သူဂုဏ်ယူတယ်။ ပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ ထိတွေ့မှုက တိုတောင်းပေမယ့် ဒီမိုကရေစီအတွက် ခုခံတိုက်ပွဲဝင်ဖို့ ဘယ်လို ပြင်ဆင်ထားလဲဆိုတာအတွက် သူအရမ်းဂုဏ်ယူတယ်” ဟု မစ္စတာ တာနဲလ်က News 10 ABC သို့ ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာမသိမ်းမီ ဆယ်စုနှစ်ကို ရည်ညွှန်း ပြောကြားခြင်းဖြစ်သည်။ ထိုကာလအတွင်း မြန်မာတွင် ယခင်စစ်အုပ်ချုပ်ရေး အဆုံးသတ်ပြီး သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွေးကောက်ပွဲနိုင်ကာ အစိုးရကို ဖွဲ့စည်း၍ ၂၀၁၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ အာဏာသိမ်းသည်အထိ အာဏာရသည်။
အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖမ်းဆီးကာ စွဲချက် တဒါဇင်ကျော်ဖြင့် စွပ်စွဲသည်။ မစ္စတာ တာနဲလ်ကို နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက် ဥပဒေ ချိုးဖောက်မှုဖြင့် စွပ်စွဲသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းမှ ပြည်သူများက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ငြိမ်းချမ်းသော ဆန္ဒပြပွဲများဆင်နွှဲကြပြီး Generation Z ဆန္ဒပြသူများ လမ်းမပေါ်ထွက်လာကြသည်။ ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို အကြမ်းဖက် နှိမ်နင်းခံရသောအခါ လူငယ်အများအပြားသည် လက်နက်များ စွဲကိုင်ပြီး စစ်ကောင်စီကို စတင်တိုက်ခိုက်ကြကာ နိုင်ငံတဝန်း ခုခံတော်လှန်ရေး လှုပ်ရှားမှုတွင် ပါဝင်သောကြောင့် စစ်ကောင်စီသည် နိုင်ငံကို မအုပ်ချုပ်နိုင်တော့ပေ။
အာဏာသိမ်းပြီးနောက် လူပေါင်း ၁၆,၀၀၀ ကျော်ကို ဖမ်းဆီးပြီး ၁၃,၀၀၀ နီးပါးသည် ထောင်တွင်းတွင် ကျန်ရှိနေသေးကြောင်း လူ့အခွင့်အရေး အဖွဲ့တခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ အဆိုအရ သိရသည်။ လွန်ခဲ့သည့် လ ၂၀ အတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူနှင့် အရပ်သား ၂,၅၀၀ ကျော်ကို စစ်ကောင်စီက သတ်ဖြတ်သည်။ ဖမ်းဆီး သတ်ဖြတ်ခံရသူ အများစုသည် လူငယ်များဖြစ်သည်။
စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် နိုင်ငံ၏ နိုင်ငံရေးအခြေအနေအပေါ် သူ၏အမြင်များကို သိလိုသောကြောင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရှေ့နေများမှတဆင့် လွတ်လပ်စွာ ပြောကြားနိုင်ကြောင်း လွန်ခဲ့သောနှစ် ဒီဇင်ဘာလက ပြောကြားခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏အမြင်များကို ထိုလမ်းကြောင်းမှ ပြောကြားခြင်း မရှိသေးပေ။
ဒေါ်အောင်ဆန်းစုကြည်သည် လူငယ်များ၏ စွန့်လွှတ်အနစ်နာခံမှုများကို သိနိုင်ပြီး သူ၏ စကားများက လူငယ်များ၏ အင်အားကို အားကိုးကြောင်း ဖော်ပြနေသည်ဟု တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှ အသက် ၂၂ နှစ်အရွယ် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးသောကြောင့် ခုခံတော်လှန်ရေးသမားများက ဂုဏ်ယူကြောင်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ အသက် ၁၈ နှစ်အရွယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်တဦးက ပြောသည်။
“တော်လှန်ရေးအတွင်း တခါတရံ စိတ်ဓာတ်ကျဆင်းရပေမယ့် သူ့စကားတွေက အားတက်စေတယ်” ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ပြုလုပ်ခဲ့သည့် စွန့်လွှတ်အနစ်နာခံမှုများကို ပြည်သူများ မြင်တွေ့ရပြီး သူသည် သူ့ကိုယ်သူထက် ပြည်သူများနှင့် နိုင်ငံကို ပိုမိုဂရုစိုက်သူဖြစ်ကြောင်း နားလည်ကြသည်ဟု တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှ အသက် ၂၅ နှစ်အရွယ် PDF တပ်ဖွဲ့ဝင်တဦးကလည်း ပြောသည်။
“ကျနော်တို့တွေ လက်နက်ကိုင် တိုက်ပွဲလမ်းကြောင်းကို ရွေးချယ်လိုက်ကတည်းက သူ ဒီလိုပြောမယ် ဆိုတာကို ကျနော်သိနေတယ်” ဟုလည်း သူကပြောသည်။
မစ္စတာ တာနဲလ်က သူ၏ တွေ့ဆုံမေးမြန်းခန်းတွင် လူငယ်များ၏ ခွန်အားကို ရည်ညွှန်းပြောကြားပြီး မြန်မာလူငယ်များ၏ ပါးနပ်မှု၊ စိတ်ဓာတ်နှင့် စွမ်းရည်ကို အသိအမှတ်ပြုကြောင်း ပြောသည်။
“အဲဒီကမ္ဘာမှာ လူငယ်လူကောင်းတွေ အများကြီးရှိတယ်လို့ ကျနော်ထင်တယ်။ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် မြန်မာပြည်သူတွေကို အရမ်းအထင်ကြီးတယ်” ဟုလည်း ၎င်းက ပြောသည်။
You may also like these stories :
ရှောင်တာနဲလ်ပြောပြတဲ့ ဒေါ်အောင်ဆန်းစုကြည် အခြေအနေ
မြန်မာ့အရေး ပြဿနာ ပြေလည်ရေး ဒေါ်အောင်ဆန်းစုကြည်က လမ်းစလား
USDP ဥက္ကဋ္ဌက တော်လှန်ရေးကို ချေမှုန်းရန် ကတိပြု
မီးလောင်ပြင်မှ နိုးထလာသည့် တော်လှန်ရေးအမာခံဒေသ ထန်တလန်