ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များက ဝိုင်းပတ်ပိတ်ဆို့ထားကြောင်း တိုက်ပွဲဖြစ်ပွားရာ ဒေသသတင်းရင်းမြစ်များနှင့် စောင့်ကြည့်လေ့လာနေသူများထံမှ စုံစမ်းသိရရှိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၇ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် နမ့်ဆန်မြို့နယ် အနောက်မြောက်ဘက်ရှိ ကုန်းသာ၊ ဟူးမန်းနှင့် ပိန်းလုံရွာများသို့ ရဟတ်ယာဉ် ၅ စီးဖြင့် ရောက်လာကာ စစ်သား ၂၀၀ ခန့်ဖြင့် အဆိုပါရွာများအား ဝင်ရောက် စီးနင်းခဲ့သည်။
စီနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကျေးရွာအတွင်းရှိ TNLA တပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၈ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို TNLA တပ်ဖွဲ့များက ဝိုင်းပတ်ပိတ်ဆို့ထားခြင်း ဖြစ်ကြောင်း နမ့်ဆန်မြို့နယ်ရှိ ဒေသခံ အမျိုးသားတဦးက ပြောသည်။
TNLA သတင်းနှင့် ပြန်ကြားရေဌာနမှ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်ကလည်း တိုက်ပွဲမှာ ၂ ရက်ဆက်တိုက်ဖြစ်နေပြီး ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းတွင် စစ်ကောင်စီဘက်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဧရာဝတီကို ပြောသည်။
၎င်းက “မနေ့က နေ့လည် ၁ နာရီခွဲကျော်လောက်ကစပြီး နမ့်ဆန်ဘက်က ဟူးမန်းရွာရယ်၊ ကုန်းသာရွာရယ်။ စစ်တပ်ဘက်က ရဟတ်ယာဉ်တွေ ၅ စီးနဲ့ လူတွေလာချတယ်။ ကျနော်တို့လူတွေနဲ့ ကုန်းသာရွာမှာ တိုက်ပွဲစဖြစ်တယ်။ တိုက်ပွဲက မနေ့က ၂ နာရီခွဲကျော်ကနေ တောက်လျှောက် ဖြစ်တယ်။ ညလုံးနီးပါးအထိပဲ ။ ဒီမနက်က ၄ နာရီလောက်ကျမှ ပြန်ငြိမ်တာပေါ့။ တိုက်ပွဲဖြစ်ပြီးနောက် ၃ နာရီခွဲ ၄ နာရီမှာ ရဟတ်ယာဉ်တွေနဲ့ တကြိမ်လာပစ်တယ်။ ည ၁၀ နာရီလောက်မှာ တကြိမ် လာပစ်တယ်။ လက်နက်ကြီးက မန်တုံ တပ်စခန်းဘက်ကရော ၊ နမ့်ဆန် တပ်စခန်းဘက်ကရော တောက်လျှောက်ပစ်တယ်။ ကုန်းသာရွာမှာတော့ နေအိမ်တချို့မီးလောင်သွားတယ်။ ထိခိုက်ကျဆုံးမှုတွေကတော့ မသိရသေးဘူး” ဟု ဆိုသည်။
လတ်တလောတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် TNLA တပ်ဖွဲ့ဝင်များသည် တဖက်နှင့် တဖက်စောင့်ကြည့်နေပြီး ပစ်ခတ်မှုများ ဆက်ဖြစ်နေကြောင်း ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ရှင်းပြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် TNLA တပ်ဖွဲ့ဝင်များ၏ စိုးမိုးနေရာအား အလစ်အငိုက်လာရောက် တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များလာရောက် တိုက်ခိုက်သည့်နေရာသည် TNLA ၏ ဌာနချုပ်နေရာမဟုတ်ကြောင်းဆိုသည်။
ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က “ခေါင်းဆောင်တွေနေတဲ့နေရာတော့မဟုတ်ဘူး။ ကျေးရွာမှာ ရွာနဲ့အပြိုင် ကျနော်တို့တပ်စခန်းရှိတယ်။ တပ်ဖွဲ့က ကျေးရွာမှာရှိတဲ့အချိန် သူတို့က လေယာဉ်နဲ့ လာချတဲ့အခါမှာ တိုက်ပွဲ ဖြစ်ပွားတာဖြစ်တယ်။ သူတို့ ဘက်က ထိုးစစ်ဆင်မှုများလာရင်တော့ တိုက်ပွဲက ပိုပြီးပြင်းထန်လာမှာ ဖြစ်တယ်” ဟု ဆိုသည်။
တိုက်ပွဲများကြောင့် ၂ ဖက်ထိခိုက်မှုအခြေအနေကိုမူ လတ်တလောအတည်မပြုနိုင်သေးကြောင်း TNLA ဘက်က ပြောသည်။ နမ့်ဆန်မြို့နယ်ရှိ ဒေသခံ အမျိုးသားတဦးကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိတွင် ကုန်းသာ ၊ ဟူးမန်းနှင့် ပိန်းလုံရွာများတွင် ခြေကုပ်စခန်းတည်ဆောက်နိုင်ရန် ကြိုးပမ်းနေပြီး ရွာသူရွာသား ရာဂဏာန်းခန့်သည်လည်း အဆိုပါရွာများအတွင်း ပိတ်မိနေကြောင်းဆိုသည်။
၎င်းက “အဲဒီရွာတွေက TNLA စိုးမိုးနယ်မြေ ဆိုတဲ့ အတိုင်း TNLA ဘက်က ကျွမ်းကျွမ်းကျင်ကျင် စစ်ရေး ကစားနိုင်တယ်။ လက်ရှိမှာတော့ ရွာသားတွေ ပိတ်မိနေတယ်။ မနေ့တုန်းက စစ်ကောင်စီ ရဟတ်ယာဉ် ၁ စီး TNLA ဘက်က ပစ်ခတ်လို့ ထိခိုက်သွားတာရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ရေးလေ့လာသူများကမူ စစ်ကောင်စီတပ်သည် TNLA ဌာနချုပ်ရှိသည်ဆိုသည့် ယူဆချက်ဖြင့် ကုန်းသာ ၊ ဟူးမန်းနှင့် ပိန်းလုံရွာများအား ရဟတ်ယာဉ် ၅ စီးဖြင့် ဝင်ရောက်စီးနင်းခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။
စစ်ရေးလေ့လာသူတဦးက “အဓိကကတော့ TNLA က ရက္ခိုင့်တပ်တော် (AA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အတွက် လက်နက်ထောက်ပို့လမ်းကြောင်းမှာ ကူညီနေတယ်လို့ မြင်တာလည်းဖြစ်နိုင်တယ်။ ဒုတိယတခုကတော့ သူတို့ဖိတ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မလာလို့ တိုက်တာလည်း ဖြစ်နိုင်တယ်။ တတိယတခုကတော့ မြောက်ပိုင်း ၃ ဖွဲ့က စစ်ဆင်ရေးကို လုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်လာချိန်မှာ TNLA ကို တိုက်ခိုက်တာလည်း ဖြစ်နိုင်တယ်” ဟု ဆိုသည်။
၎င်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် TNLA အား လျက်တပြက်ဝင်ရောက်စီးနင်းတိုက်ခိုက်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သော်လည်း လက်ရှိတွင် အောင်မြင်စွာ မစီးနင်းနိုင်ဘဲ ရဟတ်ယာဉ်ဖြင့် လာပို့ထားသည့် ၎င်း၏ တပ်ဖွဲ့ဝင်များ ချေမှုန်းမခံရရေး ကြိုးပမ်းနေရကြောင်း ပြောသည်။
စစ်ရေးလေ့လာသူတဦးက “လောလောဆယ်က အဲဒါက မအောင်မြင်တဲ့အခါကျတော့ ပိတ်မိနေတဲ့ ရဟတ်ယာဉ်နဲ့လာချတဲ့ တပ်တွေကို ပြန်ဆွဲထုတ်ဖို့ လုပ်မယ်ထင်ပါတယ်။ ရဟတ်ယာဉ် ၄ စီးနဲ့လာချတဲ့ အင်အားဆိုရင် TNLA က ဝိုင်းပတ်ချေမှုန်းနိုင်တယ်။ TNLA က အင်အားများတာကိုး။ ဒီနေ့လည်း လေယာဉ်နဲ့ ဗုံးကြဲ။ ရဟတ်ယာဉ်နဲ့ ဗုံးကြဲ။ အမြောက်နဲ့ ပစ်နေတယ်။ အဲဒါတင်မကဘူး သူမြေပြင်စစ်အင်အားပါ ထပ်ဖြည့်မယ်ထင်တယ်။ ရလဒ်ကတော့ ဘယ်လိုဖြစ်မလဲမသိဘူး” ဟု မှတ်ချက်ပေးသည်။