စစ်ကောင်စီသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပါအဝင် မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် စစ်ရေးတင်းမာနေချိန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း မြန်မာအသံနှင့် ရုပ်မြင်သံကြား (MRTV)၊ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်တို့ ပူးပေါင်းကာ တပ်တွင်းဖျော်ဖြေပွဲများလုပ်၍ စိတ်ဓာတ်မြှင့်တင်နေသည်။
ယနေ့ထုတ် စစ်ကောင်စီ၏ မြန်မာ့အလင်းသတင်းစာတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ ရှိ တပ်ရင်းဌာနချုပ်များတွင် တပ်မိသားစုဝင်များ စိတ်လက်ပျော်ရွှင်စေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ ဆက်ဆံရေး နှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့် ပြည်သူ့ ဆက်ဆံရေးအဖွဲ့နှင့် ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား(MRTV) မှ အဖွဲ့သူ အဖွဲ့သားများက ယမန်နေ့က တပ်တွင်းဖျော်ဖြေပွဲများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
တိုင်းစစ်ဌာနချုပ်များ၏ နောက်တန်း တပ်ရင်းဌာနချုပ်များတွင် ယခုလို ဖျော်ဖြေပွဲများ နှစ်စဉ်ကျင်းပလေ့ရှိသော်လည်း မြန်မာရုပ်မြင်သံကြား(MRTV) ကဲ့သို့သောအဖွဲ့များကပါ လိုက်ပါဖျော်ဖြေနေရခြင်းမှာ တပ်တွင်းအခြေအနေ ဆိုးရွားမှုကို ဖော်ပြရာရောက်ကြောင်း CDM ပြုလုပ်လာသည့် တပ်မတော်မှ ဗိုလ်ကြီးတချို့က ဧရာဝတီသို့ပြောသည်။
CDM ဗိုလ်ကြီးထက်မြတ်က “ဒါကနှစ်စဉ် လုပ်နေကျအလုပ်ပါ။ အရင်ကတော့ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့ကပဲ တပ်တကာလှည့်ပြီး ဖျော်ဖြေတာပေါ့။ အခုလို MRTV ကပါ လိုက်ပါဖျော် ဖြေတာတော့ မရှိဘူး။ ဖျော်ဖြေရေးကိုအသုံးချပြီး တပ်တွင်း စည်းလုံးညီညွတ်ရေးအတွက် စည်းရုံးရေးဆင်းတာ သက်သက်ပါ။ စစ်ပန်းလာတဲ့ စစ်သားတွေ၊ စစ်သားမိသားစု တွေကို နှစ်သိမ့်တဲ့သဘောပါပဲ” ဟု ဆိုသည်။
၎င်းသည် CDM မပြုလုပ်မီတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သော ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်တွင် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ယခုလို လုပ်ဆောင်ချက်များအရ နိုင်ငံတွင်း ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အခြေအနေကို ဖုံးကွယ်ရန်အတွက် ကြိုးစား ခြင်းဖြစ်သလို တပ်တွင်းစည်းလုံးညီညွတ်မှုများ ပြိုကွဲနေသည့် အခြေအနေကို မြင်တွေ့ရကြောင်း ၎င်းက သုံးသပ်သည်။
“သူတို့ (စစ်ကောင်စီ) ပြောသလို တချို့စစ်သည်တွေက လွတ်လပ်ပေါ့ပါးစွာ ပါဝင်သီဆိုတယ်ဆိုတာကလည်း ငမူးတွေ ပဲများပါတယ်။ တကယ်တော့ ဒါက စည်းရုံးရေးဆင်းတဲ့နည်းပါပဲ။ ဒါပေမယ့် အခုလိုတခုတ်တရနဲ့ ဖော်ပြတာရယ် MRTV အဖွဲ့တွေပါ လိုက်ပါတယ် ဆိုတာကတော့ ဆိုးရွားနေတဲ့ တပ်တွင်းအခြေအနေတွေကို ဖော်ပြနေတာနဲ့အတူတူပါပဲ ” ဟု ပြောဆို သည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ မြစ်ကြီးနားမြို့ နှင့် ဝိုင်းမော်မြို့တို့ရှိ တပ်ရင်းဌာနချုပ်များတွင် ပြုလုပ်ခဲ့သော တပ်တွင်း ဖျော်ဖြေပွဲများတွင် ဈေးရောင်းပွဲ၊ ပြဇာတ်များ၊ စစ်ချီတေး၊ စစ်သည်တေးသီချင်းများ၊ ခေတ်ပေါ်နှင့် ခေတ်ဟောင်းတေး များဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြကြောင်း စစ်ကောင်စီ၏ အာဘော်သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။

စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် တပ်တွင်း စိတ်ဓာတ်မြှင့်တင်၊ စည်းရုံးရေးလုပ်ငန်းများအပြင် တိုက်ပွဲများပြင်းထန်နေ လာသော မြောက်ပိုင်းတိုင်း မြေပြင်အခြေအနေများကို တည်ငြိမ်နေသယောင် ပြည်သူလူထုအား လှည့်ဖြားခြင်းလည်း ပါဝင်ကြောင်း CDM ဗိုလ်ကြီး လင်းထက်အောင်ကလည်း ဧရာဝတီသို့ ပြောသည်။
၎င်းက “မြောက်ပိုင်းတိုင်းဆိုတာ KIA နဲ့ အဓိက ရင်ဆိုင်တိုက်ခိုက်နေရတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်တယ်။ KIA နဲ့ တိုက်ခိုက် တိုင်းမှာ စစ်တပ်ကဘက်က အလီလီ ကျဆုံးခဲ့တာတွေ ရှိတယ်။ မြေပြင်မှာ ထိခိုက်ကျဆုံးမှုတွေ အရမ်းများလာနေတယ်။ ရှေ့တန်းက ဖြစ်တဲ့အရာတွေက နောက်တန်းကို သက်ရောက်မှုရှိလာတာပေါ့။ စစ်သည်၊ ရဲမေတွေနဲ့ အထက်အရာရှိတွေ ကြားမှာ အမိန့်တွေ၊ ညွှန် ကြားချက်တွေကို အယုံအကြည်မရှိတော့တာ။ တီးတိုးဝေဖန်တဲ့ အသံတွေက ခဏခဏထွက်လာ နေကြပေါ့။ ဒါတွေကို ပြန်စည်းရုံးနေရတာ” ဟု ပြောသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သည် တရားမဝင်လုပ်ငန်းများမှ ငွေကြေးအများအပြားရသည့် နေရာဖြစ်ပြီး အရာရှိ၊ စစ်သည် များ ပြောင်းရွှေ့လိုသည့် နေရာတခုဖြစ်ကြောင်း၊ သို့သော် ယခုနောက်ပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာသဖြင့် ပြောင်းရွှေ့ချင်သူ နည်းပါးလာနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာတွင် KIA တပ်မွေးနေ့ ပြုလုပ်နေစဉ် စစ်ကောင်စီက လေကြောင်းမှ တိုက်သဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO အရာရှိများနှင့် ကချင်အနုပညာရှင် များအပါအဝင် အရပ်သား ၁၀၀ နီးပါးသေဆုံးပြီးနောက် နှစ်ဘက်အကြား စစ်ရေးတင်းမာလျှက်ရှိကာ ဖားကန့်မြို့နယ် အတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလာနေသည်
ထို့ပြင် အောက်တိုဘာလကုန်ပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့အရှေ့မြောက် လုံဂျာတောင်တွင် KIA နှင့် စစ်ကောင်စီ တပ်ကြား တိုက်ပွဲပြင်းထန်ခဲ့သလို ယခုနှစ်ပိုင်းအတွင်း၌ ဖားကန့်၊ ပူတာအို၊ မြစ်ကြီးနားမြို့နယ်များနှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် KIA နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အထိအခိုက် ကျဆုံးမှုများရှိကြောင်း ဒေသတွင်း သတင်းတချို့က ဆိုထားသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် KIA တို့ကြား အပြင်းထန်ဆုံးတိုက်ပွဲမှာ မိုးမောက်မြို့နယ် အလော့ဘွမ်တောင် စခန်းတိုက်ပွဲ ဖြစ်ပြီး ထိုစခန်းကို KIA က ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် သိမ်းယူခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီက ယခုအချိန်အထိ ပြန်လည်သိမ်းယူနိုင်ခြင်းမရှိသေးသလို ထိုးစစ်ဆင် စစ်ကြောင်းထိုးသည့်အချိန်တိုင်းတွင်လည်း အထိအခိုက်အကျဆုံးများရှိခဲ့သည်။
You may also like these stories :
အရပ်သားဝန်ထမ်းများ ပျော်ရွှင်အောင် စစ်ကောင်စီ လုပ်နေသည်
အင်အားနည်းလာသော စစ်တပ် ရဲမှုထမ်းဟောင်းများဖြင့် အင်အားဖြည့်နေ
ဆုံးရှုံးမှုကို ခွန်အားယူ၍ တော်လှန်ရေး ခရီးဆက်မည် ဟု KIO ကြေညာ
ဖားကန့်ဒေသတွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ကြား စစ်ရေး တင်းမာနေ
ဖမ်းဆီးခံရသည့် ဒေါက်တာ ခလမ်ဆမ်ဆွန်နှင့် မိသားစုဆက်သွယ်မရဖြစ်နေ
KIA တပ်မဟာ ၈ ဌာနချုပ်အနီး ၂ ရက်ဆက် ဗုံးကြဲ