ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ- ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်းရှိ သီးရိုထား (ညာတခိုကျို) စစ်စခန်း တိုက်ခိုက် သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက ကျေးရွာများအား လေကြောင်းမှ ဗုံးကြဲခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း တပ်မဟာ- ၅ ဘက်က သတင်း ထုတ်ပြန်သည်။
ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်း တပ်များအနေဖြင့် ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းက ဖာပွန်ခရိုင်အတွင်းရှိ မဲဝိုင်းစစ်စခန်း၊ လယ်တို စစ်စခန်း၊ ခေါပုတ် စစ်စခန်းနှင့် ညာတခိုကျို စစ်စခန်းတို့အား တိုက် ခိုက်ရာတွင် စစ်ကောင်စီဘက်မှ လေကြောင်းမှ လာရောက်ကာ တိုက်ခိုက်မှုကြောင့် ဘူသို့မြို့နယ်အတွင်းရှိ ညာတခို ကျိုစစ်စခန်းတခုသာ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရဟတ်ယာဉ် ဆင်းသက်ကွင်း တည်ဆောက်ထားသည့် ညာတခိုကျိုစစ်စခန်းသည် ဖာပွန်ခရိုင်အတွင်း သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံရာ အထက်ဘက် သံလွင်မြစ်ကမ်းနဖူးတွင်တည်ရှိပြီး KNLA ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက် ရာတွင် စစ်ကောင်စီဘက်က ထိခိုက်ကျ ဆုံးမှု ၁၀ ဦးထက်မနည်းရှိခဲ့ပြီး လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရရှိထား ကြောင်းလည်း ဒေသတွင်း သတင်းများက ဖော်ပြထားသည်။
KNU သတင်းရင်းမြစ်တဦးက “တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ညာတခိုကျိုစခန်းကို သိမ်းပိုက်နိုင်လိုက်တာမှန်ပါတယ်၊ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း နှစ်ဦး ကျဆုံးခဲ့တာရှိပါတယ်၊ အသေးစိတ်ကိုတော့ သက်ဆိုင်ရာ ခရိုင် တွေက ထုတ်ပြန်ပါလိမ့်မယ်” ဟု ပြောသည်။
လတ်တလော ညာတခိုကျိုးစစ်စခန်းတိုက်ခိုက်သိမ်းပိုက်မှုနှင့် တိုက်ပွဲဖြစ်စဉ် အသေးစိတ်အား KNU နှင့် စစ်ကောင်စီ တို့မှ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ယင်းသို့ စစ်စခန်းများ တပြိုင်တည်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ဒီဇင်ဘာ ၇ ရက်တွင် တိုက် လေယာဉ်ဖြင့် ဘူသိုမြို့နယ်၊ ခေါပုတ်ကျေးရွာအုပ်စု၊ ဖောထားကျေးရွာသို့ ဗုံး ၁၂ လုံး ကြဲချရာတွင် ရွာအနီးကျရောက် ပေါက်ကွဲပြီး ဒေသခံများ၏ ကျွဲ ၆ ကောင်ဒဏ်ရာ ရရှိခဲ့ပြီး ရေနုတ်မြောင်းအချို့ပျက်စီးခဲ့ကြောင်း တပ်မဟာ-၅ ဘက်က ဆိုထားသည်။
ယင်းပြင် ဖာပွန်မြို့ အခြေစိုက် တပ်ရင်းမှလည်း ၁၂၂ မမ အမြှောက် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘူသိုမြို့နယ် အတွင်းရှိ ဘောခေါ်ဒဲကျေးရွာနှင့် ထိုဝီးဒဲကျေးရွာတို့အနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်းလည်း ၎င်းတို့က ဆိုသည်။
သို့သော် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုခံရမှုများရှိခဲ့သော်လည်း ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်းလည်း တပ်မဟာ-၅ ဘက်က သတင်း ထုတ်ပြန်ထားသည်။
KNU တပ်မဟာ-၅ နယ်မြေ၊ ဖာပွန်ခရိုင်အတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်များ နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး အာဏာသိမ်းပြီး နောက်ပိုင်းတွင် သံလွင်မြစ်ကမ်းတလျှောက် အခိုင်အမာ စစ်စခန်းများ ဖြစ်သည့် သီးမူးထာစခန်း၊ သော်လဲထားစခန်းနှင့် ကျောက်ညှပ်စခန်း တို့ကိုလည်း KNLA တပ်များက တိုက်ခိုက်သိမ်း ပိုက်ကာ ဖျက်ဆီးနိုင်ခဲ့သည်။
သို့သော် လက်ရှိတွင် KNLA က သိမ်းပိုက်ထားသည့် သီးမူးထာစခန်းနှင့် သော်လဲထားစခန်းတို့တွင် စစ်ကောင်စီ ဘက် က ပြန်လည်ဝင် ရောက်နေရာယူခြင်းမရှိသေးသော်လည်း ကျောက်ညှပ်စခန်းတွင်မူ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန် လည် နေရာယူထားကြောင်းလည်း KNU သတင်းရင်းမြစ်တဦးက ပြောသည်။
ဖာပွန်ခရိုင်အတွင်းရှိ မြန်မာ-ထိုင်းနယ်စပ်၊ သံလွင်မြစ်ကမ်းတလျှောက်တွင် စစ်ကောင်စီတပ်စခန်းများ နေရာယူကာ တပ်ဖွဲ့ စိုးမိုးထားသည်မှာ နှစ်ပေါင်း ၃၀ ထက်မနည်း ကြာမြင့်ပြီဖြစ်ပြီး၂၀၂၀ နောက်ပိုင်းတွင် အဆိုပါ နယ်စပ်စခန်း များ၏ ရိက္ခာ ထောက်ပို့ လမ်းကြောင်းများအား KNU ဘက်မှ ပိတ်ဆို့ဖြတ်တောက်ခဲ့သည့်အတွင်း စစ်စခန်းအချို့ ရုပ် သိမ်းကာ စခန်း ပူးပေါင်းမှုများရှိခဲ့ကြောင်းလည်း KNU ဘက်က ပြောထားသည်။
နှစ်နိုင်ငံ နယ်စပ်ဖြစ်သည့် သံလွင်မြစ်ကမ်း တလျှောက် ဒေသများသည် စစ်ကောင်စီအတွက်သာမက KNU လက် အောက်ခံတပ်များအတွက်ပါ ဆက်သွယ်ရေးနှင့် ရိက္ခာ ထောက်ပံ့ရေးအတွက် အရေးပါသည့်အတွက် စစ်ကောင်စီ ခြေကုပ်စခန်းများအား တိုက်ခိုက် ဖျက်ဆီးနေခြင်း ဖြစ်သော်လည်း အဓိက စစ်စခန်များ ရှိနေသေးကြောင်း KNU သတင်းရင်းမြစ်က ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာတလအတွင်း၌ KNU တပ်မဟာ- ၅ နယ်မြေ၊ ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီနှင့် နယ်ခြားစောင့် တပ် (BGF) ပူးပေါင်းတပ်များနှင့် KNLA ပူးပေါင်းတပ်များကြား တိုက်ပွဲပေါင်း ၁၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် က ၆၉ ဦး သေဆုံးကာ ၅၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ-၅ ဘက်က သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ တလတာ တိုက်ပွဲများအတွင်း KNLA ပူးပေါင်းတပ်များဘက်ကလည်း ၉ ဦး သေဆုံးကာ ၂၆ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း တပ်မဟာ-၅ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တော်လှန်ရေးတပ်များ မေလကတည်းက ထိန်းချုပ်ထားသည့် ဖလူး၊ ကျောက်ခက်၊ သေ့ဘောဘိုး၊ ဝေါလေဒေသ တဝိုက်နှင့် မြဝတီ-ဝေါလေ ကားလမ်းတလျှောက်ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းကပြောဆိုထားသည်။
You may also like these stories:
မြဝတီ-ဝေါလေလမ်းပိုင်း စစ်ကောင်စီ ထိန်းချုပ်နိုင်ပြီလား
မြဝတီ သုံးထပ်ကွေ့နှင့် သုံးလ စစ်ဆင်ရေး
ကော့ကရိတ် မြို့သိမ်းတိုက်ပွဲ မဟုတ်ဘူး၊ တပ်စွဲထားတဲ့ တပ်တွေ ပြန်ရုပ်ရေး တိုက်တာ