ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ ကမာ္ဘကျော် Adidas ဖိနပ်များကို ချုပ်လုပ်သည့် မြန်မာပေါင်ချိန်စက်ရုံက ဆန္ဒပြ အလုပ်သမား၂၆ ဦးအား အလုပ်မှ ထုတ်ပယ်လိုက်သည့်အပေါ် နေပြည်တော် အလုပ်သမားရုံးအထိ ဆက်တက်ကာ ဆောင်ရွက်သွားမည်ဟု သိရသည်။
အဆိုပါ စက်ရုံရှိ အလုပ်သမားများက သတ်မှတ်ထားသော တရက် လုပ်အားခ ၄၈၀၀ ကျပ်သည် မြင့်မားလာသည့် ကုန်ဈေးနှုန်းများနှင့် လောက်ငှမှု မရှိ၍ ကျပ် ၈၀၀၀ သို့ တိုးပေးရန် ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ် အတွင်းက ဆန္ဒပြတောင်းဆိုသည့် အလုပ်သမား၂၀၀၀ ကျော်ထဲမှ ယခု ၂၆ ဦးကို ရွေး၍ အလုပ်ထုတ်ခဲ့ခြင်း ဖြစ် သည်။
လက်ရှိတွင် စက်ရုံဘက်မှ အလုပ်ထုတ်လိုက်ပြီ ဖြစ်သောကြောင့် အလုပ်သမားများကို လျော်ကြေးငွေ ၃ လစာပေးရန် ကမ်းလှမ်းခဲ့ပြီး အလုပ်သမားများဘက်မှမူ အလုပ် ပြန်ခန့်ရေးကိုသာ တောင်းဆိုထားကြောင်း သိရသည်။
ထိုသို့စက်ရုံမှ အလုပ်ထုတ်ခံရသည်ကို အလုပ်သမားများက မကျေနပ်၍ ရွှေပြည်သာမြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး နိုဝင်ဘာ၂၂ ရက်တွင် တကြိမ်၊ ၂၅ ရက်တွင် တကြိမ်နှင့် ဒီဇင်ဘာလ ၈ ရက် တကြိမ် သုံးကြိမ်တိုင် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သို့သော် အလုပ်သမားများ၏ အလုပ် ပြန်ခန့်ရေး သဘောတူချက် မရရှိခဲ့သည့်အတွက် ယခုကဲ့သို့ နေပြည် တော်ရှိ အလုပ်သမားရုံးထိ တက်ရခြင်းဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။
မြန်မာပေါင်ချိန် စက်ရုံမှ အလုပ်ထုတ်ခဲ့ရသည့် မခိုင်အေးက “စက်ရုံက အလုပ် ထုတ်လိုက်တဲ့အချိန်မှာ ၁၀ လပိုင်း လစာကို လုပ်သက်ခွင့်တွေ ဘာတွေနဲ့ ထုတ်ပေးတယ်။ ကျမတို့ မယူဘူး။ အလုပ် ထုတ်တာကို သဘောမတူဘူး။ မြန်မာနိုင်ငံရဲ့ ဥပဒေမှာဆိုရင် အလုပ်သမားတွေ တောင်းဆိုမှုလုပ်နေတဲ့အချိန်မှာ အလုပ်ထုတ်တာတို့ အလုပ်ရပ်စဲ တာတို့က လုပ်လို့ မရဘူးလေ။ ဒါပေမယ့် သိသိရက်နဲ့ သူတို့က လုပ်တယ်။ လုပ်ပြီးတော့ ခေါင်းဆောင်တွေချည်းပဲ ရွေးထုတ်တယ်။ ဒါက မတရားဘူးလို့ ထင်တယ်။ ဒီမှာမှ မပြီးရင် ညီမတို့ နေပြည်တော်ထိ တက်ဖို့ ပြင်ထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စက်ရုံမှ အလုပ်သမား၂၆ ဦးကို အလုပ်ထုတ်ခြင်းမှာ ဆန္ဒပြခဲ့သည့် အလုပ်သမား ၂၀၀၀ ကျော်ကို ဦးဆောင်ခဲ့သည်ဟု ယူဆပြီး ခွင့်မဲ့ပျက်တရက် ပို၍ ပျက်ကွက်သည်ဟု ဆိုတာ အလုပ်သမားများကို အလုပ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်း က ရှင်းပြသည်။
ယင်းစက်ရုံတွင် လုပ်သား ၇၀၀၀ ဝန်းကျင်ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလကတည်းက အနိမ့်ဆုံး အခကြေးငွေ တိုးမြှင့် ပေးရေးအတွက် တောင်းဆိုမှုများ လုပ်ခဲ့သော်လည်း ညှိနှိုင်းမှု မရှိသဖြင့် အောက်တိုဘာလတွင် ဆန္ဒပြတောင်းဆိုမှု များ ပြုလုပ်လာပြီးနောက် ယခုကဲ့သို့ အလုပ်ထုတ်ခံရခြင်း ဖြစ်သည်။
အလုပ်သမားများ အနေနှင့် အလုပ်ထုတ်ခံရနိုင်သည်ကို သိရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း နောက်ပိုင်း တရက်ထက်တရက် မြင့်တက်လာသော စားသောက်ကုန်၊ လူသုံးကုန်နှင့် အိမ်လခ၊ အဆောင်ခများကြောင့် မလောက် ငှသည့်အတွက် လုပ်ခလစာ တိုးမြှင့်ရေးကို တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မခိုင်အေးက “ကျမတို့ ရတာ ၄၈၀၀ ကျပ်၊ စားအုန်းဆီ ၅၀ သား တဗူးတင် ၃၆၀၀ ကျပ် ဖြစ်နေပြီ။ ကျန်တဲ့ ပိုက်ဆံက ဘယ်လို သုံးရမလဲ စားဖို့တောင် မလောက်ငှဘူး။ အဆောင်စရိတ်တွေကလည်း တက်လာတယ်။ ညီမတို့က အခွင့် အရေး ယူတာ မဟုတ်ဘူး။ ဒီတက်နေတဲ့ ကုန်ဈေးနှုန်းတွေကြောင့် တောင်းဆိုတာပဲ ရှိတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေမှာ၂ နှစ်ကို တကြိမ် ပြန်လည် ပြင်ဆင်ပိုင်ခွင့် ရှိတယ်။ လေးနှစ်ကျော် ၅ နှစ်ထဲ ဝင်လာပြီ။ အခုထိ ပြင်ဆင်တဲ့ လစာ မရှိသေးဘူး” ဟု ပြောသည်။
မြန်မာပေါင်ချိန်စက်ရုံသည် ကမာ္ဘကျော် Adidas ဖိနပ်များကို ချုပ်နေသည့် စက်ရုံဖြစ်သလို၊ ယင်းတံဆိပ်သည် လက်ရှိ နိုင်ငံတကာက စောင့်ကြည့်ရသော ကမာ္ဘ့ဖလား ဘောလုံးပြိုင်ပွဲတွင်လည်း နာမည်ကြီး အားကစားသမားများက ဝတ် ဆင်သည့် တံဆိပ်တခုလည်း ဖြစ်သည်။
စစ်တပ် အာဏာသိမ်းပြီးချိန်မှစပြီး အလုပ်သမားများသည် လုပ်အားခများ ခေါင်းပုံဖြတ်ခံရခြင်း၊ အလုပ်အကိုင် အာမခံ ချက် မရှိခြင်း စသည့် အလုပ်သမား အခွင့်အရေးဆုံးရှုံးမှုမှာ ပိုမိုများလာသည်ဟုလည်း အလုပ်သမားအရေးဆောင် ရွက်ပေးနေသည့် အဖွဲ့များထံမှ သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM)၊ လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုး စန္ဒာစိုးက “အခုဆိုရင် အလုပ်သမားသမဂ္ဂတွေသည် စက်ရုံအဆင့်မှာရော ကဏ္ဍအသီးသီးမှာ သမဂ္ဂရဲ့ လုပ်ငန်းဆောင် တာတွေကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့် မရှိတော့ဘူး။ အကုန်လုံးက အဖမ်းခံရမှုကို ရှောင်တိမ်းပြီးတော့ မြေ အောက်လှုပ်ရှားမှုအနေနဲ့ လုပ်နေကြရတာဖြစ်တယ်။ ဒါကြောင့် နင်တို့က ကျင့်ဝတ်ကို လေးစား လိုက်နာတယ် ဆိုရင် အကြမ်းဖက်စစ်တပ်ကို ငွေလည်း မပေးနဲ့၊ အသိအမှတ် မပြုနဲ့ ထွက်သွားပါလို့ ကျမတို့ ပြောတယ်။ တောင်းဆိုတယ်။ ဒါပေမယ့် တချို့သော ကုန်အမှတ်တံဆိပ်တွေက နားမထောင်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာပေါင်ချိန် ဖိနပ်စက်ရုံနည်းတူ အခြားသော စက်ရုံများတွင်လည်း အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေသည်ကို CTUM အနေနှင့် လက်ခံရရှိထားပြီး လက်ရှိ စစ်ကောင်စီလက်အောက်တွင် အလုပ်သမား အခွင့်အရေးများကို ဖော် ဆောင်ရန် မဖြစ်နိုင်သလို ယုံကြည်မှုလည်း မရှိကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ဒေါ်ဖြိုးစန္ဒာစိုးက “ပုံမှန်အားဖြင့် အလုပ်ပျက်တာက သာမန်ပြစ်မှုထဲမှာပဲ ကျမတို့ ထည့်သွင်းလေ့ရှိတယ်။ ဒါပေမယ့် အလုပ်ပျက်တယ်ဆိုရင်တော့ နှုတ်အားဖြင့် ခွင့်တိုင် ပျက်လား။ အကြောင်းမကြားဘဲ ခွင့်မဲ့ပျက်လား တချက် ပြန်ကြည့်ရမယ်။ အလုပ်သမားက သာမန်ပြစ်မှုကို ၁၂ လပြီးတဲ့ တခါထပ်ပြီး ကျူးလွန်ခြင်း မရှိတော့ဘူးဆိုရင် ရှေ့က သာမန်ပြစ်မှုတွေကိုပါ လျော်ပေးရတယ်။ အဲဒီမှာ သေသေချာချာလေး EC စာချုပ်မှာ ရေးထားတယ်ဆိုတော့ အလုပ် က ထုတ်ပယ်လို့ မရပါဘူး” ဟု ရှင်းပြသည်။
လက်ရှိတွင် အလုပ်သမားအဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံအတွင်း အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေများကို စာရင်းများပြုစုပြီး မှတ်တမ်းများ ရယူကာ နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းများဖြစ်သော ILO၊ Ethical Trading Initiative (ETI) စသည့် အဖွဲ့အစည်းများထံသို့ ပို့ပေးနေကြောင်း သိရသည်။
မြန်မာပေါင်ချိန် စက်ရုံသည် ထိုင်ဝမ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၇၀၀၀ ကျော်နှင့် နာမည်ကြီး အမှတ်တံဆိပ်ဖြစ် သော Adidas ဖိနပ်များကို တရက်လျှင် ၃ သောင်းကျော်အထိ ထုတ်လုပ်နေသော စက်ရုံးကြီးတခု ဖြစ်သည်။
မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းများတွင် အလုပ်သမားများ၏ အခြေခံ အခွင့်အရေးနှင့် စံသတ်မှတ်ချက်များကို လိုက်နာခြင်း မရှိသလို တာဝန်ယူမှု တာဝန်ခံမှု မရှိသည့် လုပ်ငန်းများ ပိုများလာကြောင်း ကမာ္ဘ့လုံးဆိုင်ရာ အလုပ် သမား အခွင့်အရေးများကို လေ့လာစောင့်ကြည့်ပြီး မှတ်တမ်းယူနေသောအဖွဲ့ ဖြစ်သည့် Ethical Trading Initiative (ETI) ၏ ယခုနှစ် စက်တင်ဘာ ၁၂ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
You may also like these stories :
အထည်ချုပ်လုပ်ငန်းများ နွေရာသီအပ်ထည် အမှာစာ လျော့ကျလာ
လုပ်ခတိုးရေး ဆန္ဒပြသည့် ခေါင်းဆောင်များ Adidas ဖိနပ်ချုပ်စက်ရုံက အလုပ်ထုတ်