ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများထံမှ နည်းလမ်းမျိုးစုံသုံးကာ အွန်လိုင်းပေါ်မှတဆင့် ငွေကြေးလိမ်လည်မှုများ ဖြစ်ပေါ် လျက်ရှိကြောင်း ငွေလိမ်ခံရသူများနှင့် အလုပ်သမားရေးဆောင်ရွက် သူများထံမှ သိရသည်။
လူမှုကွန်ရက်များမှ တဆင့် ဆက်သွယ်၍ ရင်းနှီးမှုယူကာ ငွေကြေးလိမ်လည်သည့် ဖြစ်စဉ်များမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကြား အများဆုံးတွေ့လာရပြီး တိုင်ကြားမှုများစွာလည်း ရှိနေကြောင်း မြန်မာအလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသည့် AAC မဟာမိတ်အဖွဲ့မှ ကိုနေလင်းသူက ပြောသည်။
လိမ်လည်ခံရသည့် ငွေကြေးပမာဏမှာ အနည်းဆုံး ဘတ် ၂ သောင်းခန့်မှ ဘတ် ၂သိန်းခန့်ထိရှိပြီး အနုနည်းဖြင့် ငွေ တောင်းခြင်းများ ရှိသလို ခြိမ်းခြောက်တောင်းယူခြင်းများလည်း ရှိကြောင်း ၎င်းက ပြောသည်။
“သူတို့ဘာသာ ကြိတ်ပြီးလုပ်နေကြတာ၊ တကယ်ယုံပြီး လုပ်တဲ့သူကျတော့ ဘတ်သိန်းနဲ့ချီတယ်၊ ဘယ်လိုမှ ရှေ့ဆက် လုပ် လို့ မရတော့မှ ကျနော်တို့ဆီ ရောက်လာကြတာ။ တချို့ကျ အနုနည်းနဲ့ ငွေတောင်းလို့မရရင် ခြိမ်းခြောက်တယ်။ မင်းတို့ နေရာတွေကို ငါတို့သိတယ်။ ထိုင်းအာဏာပိုင်တွေကို အကြောင်းကြားပြီး ဖမ်းခိုင်းလိုက်ရမလားဆိုပြီး ပြောတာတွေ ရှိတယ်” ဟု ပြောသည်။
လိမ်လည်သည့်ပုံစံမှာ လူမှုကွန်ရက်မှတဆင့် အနောက်နိုင်ငံသားဟု ယူဆရသည့် ပရိုဖိုင်များကို အသုံးပြုထားသည့် သူများမှ စတင်ချဉ်းကပ်ကာ ရင်းနှီးလာပြီးနောက် လက်ဆောင်ပေးချင်ကြောင်း ၊ အမွေပေးချင်ကြောင်း ၊ မြန်မာပြည်သို့ အလှူအတန်းလုပ်ချင်ကြောင်း၊ လက်ထပ်ရန် ငွေပို့ပေးချင်ကြောင်း စသည့်အကြောင်းပြချက်များဖြင့် ငွေကြေး လက်ဆောင် ပေးချင်ကြောင်း ကမ်းလှမ်းလေ့ရှိသည်ဟု သိရသည်။
ထိုသို့ ကမ်းလှမ်းမှုများ လုပ်ပြီးနောက် ငွေနှင့်လက်ဆောင်ပစ္စည်းများ ပို့လိုက်ပြီ ဖြစ်ကြောင်း၊ အဆိုပါ ငွေနှင့် လက်ဆောင် များရရန် ဝန်ဆောင်ခများ ပေးဆောင်ရန် လိုသည့်အတွက် ငွေလွှဲပေးရန် လုပ်ခိုင်းကြခြင်း ဖြစ်သည်ဟု ဆိုသည်။
ငွေကြေးလိမ်လည်ခံရသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတဦးက “လိမ်သွားတဲ့ အကောင့်ပိုင်ရှင်က မိန်းကလေး တော်တော်များများကို သူငယ်ချင်းအဖြစ် လိုက်အက်တယ်။ ရင်းနှီးမှုလိုက်ယူတယ်။ သူ့ဆီမှာ ဒေါ်လာတွေရှိတယ်။ ပြီးရင် ဖုန်းနံပါတ်နဲ့ နာမည်တွေ တောင်းပြီးတော့ ပိုက်ဆံတွေပို့လိုက်ပြီ ပြောပြီး တဖက်ကနေ ပိုက်ဆံတွေလိမ်တာပေါ့။ ပစ္စည်းက တနေရာကိုရောက်နေပြီ။ ဘတ်ဘယ်လောက်ကျမယ်ဆိုပြီး တောင်းတယ်။ အဲဒါနဲ့ငွေတွေ လွှဲပေးလိုက်ရော” ဟု ပြော သည်။
ထိုင်းနိုင်ငံတွင် ၁၀ နှစ်ကျော်ခန့် အလုပ်လုပ်ကိုင်လျက်ရှိသည့် အမျိုးသားတဦးက ၎င်းအား နိုင်ငံခြားသူအမျိုးသမီးတဦးက အွန်လိုင်းမှ ဆက်သွယ်ကာ ရင်းနှီးမှုယူပြီးနောက် သူ့အနေဖြင့် ကင်ဆာရောဂါ နောက်ဆုံးအဆင့်ရောက်နေသည့်အတွက် အမွေပေးချင်ကြောင်း၊ ပေးမည့်အမွေများမှာ ဒေါ်လာများဖြစ်ခြင်းကြောင့် ထုတ်ယူသည့်အခါ တန်ဆာခအနေဖြင့် ဘတ် ၁သိန်းပေးရမည်ဖြစ်ကြောင်း ပြောသည့်အတွက် ငွေလွှဲပေးခဲ့ကြောင်း၊ ထိုငွေလွှဲပြီးကတည်းက ဆက်သွယ်၍ မရတော့ ကြောင်း ပြောသည်။
၎င်းက “လက်ရှိတော့ အလုပ်သမားရေး ဆောင်ရွက်နေတဲ့ သူတွေကို တိုင်ကြားထားတယ်။ ပိုက်ဆံကတော့ ပြန်မရနိုင် တော့ပေမယ့် အကျိုးအကြောင်းတွေကိုတော့ သိအောင်ပြောပြလိုက်တယ်။ ကိုယ့်ရဲ့ ချွေးနည်းစာပိုက်ဆံကို ဒီလိုမျိုးလိမ်စား သွားတော့ နှမြောတာပေါ့” ဟု ဆိုသည်။
ငွေလိမ်သူက ငွေလွှဲခိုင်းသည့် ဘဏ်အကောင့်များမှာ များသောအားဖြင့် မြန်မာအလုပ်သမားနာမည်များဖြင့် အလွဲသုံးစား လုပ်ကာ ဖွင့်ထားသည့် ထိုင်းဘဏ်အကောင့်များ ဖြစ်နေကြောင်း သိရသည်။
ကိုနေလင်းသူက “ကျနော်တို့က အတတ်နိုင်ဆုံး အမှု လိုက်ဖွင့်ပေးတယ်။ တချို့ကကျတော့ ကြာရှည်မစောင့်နိုင်ဘူး။ လိမ်သွားပြီးပြီပဲ။ ပါသွားပြီပဲဆိုပြီး ထားလိုက်တာရှိတယ်။ မလုပ်တော့ဘူး။ အာရုံနောက်လို့ဆိုပြီး ဖြစ်သွားကြတယ်။ တချို့ ဘဏ်အကောင့်တွေဆိုရင် မြန်မာပြည်သားအချင်းချင်းဖြစ်နေတယ်။ သူတို့ဘာမှမသိဘဲ ခံလိုက်ရတာတွေပေါ့” ဟု ပြောသည်။
အွန်လိုင်းပေါ်မှ ယင်းကဲ့သို့ ငွေကြေးလိမ်လည်သည့်အမှုများမှာ လတ်တလောတွင် ၂၀ ဝန်းကျင်ခန့်ရှိနေပြီး သက်သေ မခိုင်လုံခြင်း၊ နစ်နာသူများမှ ငွေကြေးပြန်ရတော့မည် မဟုတ်သည့်အတွက် တိုင်ကြားမှုများကို လက်လျှော့လိုက်ခြင်းတို့ ကြောင့် ထိရောက်သော အရေးယူမှုများကို လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိဟု အလုပ်သမားရေးဆောင်ရွက်သူများက ဆိုသည်။
ရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအောင်မျိုးသန့်က “လူအချင်းချင်း လိမ်လည်ကြတဲ့ ကိစ္စမှာ လက်တလုံးခြားတွေများတော့ ပြဿနာတွေရှင်းရတဲ့အခါ တော်တော်ခက်ပါတယ်။ အထောက်အထားဆိုတာ အဓိကပါ။ မပြပေးနိုင်ရင် ကျနော်တို့က ဘာမှလုပ်ပေးလို့မရပါဘူး။ သက်သေခိုင်လုံရင်တော့ ဘယ်မှာပဲဖြစ်ဖြစ် လိမ်လည် သွားသူကို ပြန်ပြီးတော့ရအောင် ဆောင်ရွက်ပေးလို့ရပါတယ်” ဟု ပြောသည်။
ယခင်က ငွေကြေးလိမ်လည်မှုများကို အမျိုးသမီးကြီးများအား ပစ်မှတ်ထားခဲ့သော်လည်း လက်ရှိတွင် အမျိုးသမီးကြီးများ အပါအဝင် လူငယ်များကိုပါ ပစ်မှတ်ထားကာ လိမ်လည်လာကြကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။
ထိုင်းနိုင်ငံတွင် ငွေကြေးလိမ်လည်မှုများမှာ မြန်မာလုပ်သားများသာမက ထိုင်းနိုင်ငံသားများအပါအဝင် ထိုင်းအနုပညာရှင် များလည်း လိမ်လည်ခံနေရကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြချက်များအရ သိရသည်။
You may also like these stories:
ထိုင်းတွင် ပန်းရောင်လုပ်သားကတ်လုပ်ရာ၌ ငွေကြေး လိမ်လည်မှုများရှိနေ
စစ်အာဏာသိမ်းပြီးနောက် ထိုင်းရောက် မြန်မာလုပ်သားများ အခွင့်အရေးချိုးဖောက်ခံရမှု ပိုဆိုးလာဟုဆို
ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာ ၈ သောင်းခန့် အဖမ်းခံခဲ့ရ
ထိုင်း MoU လုပ်သား ၁၈၀ ကျော် လစာအပြည့် မရ၍ တောင်းဆိုရာမှ အလုပ်ထုတ်ခံရ
ထိုင်းရောက် မြန်မာလုပ်သားများအတွက် CI လက်မှတ် ထပ်မံ လုပ်ပေးမည်